အတာတေးနဲ့ မြို့မ သင်္ကြန်သံစုံ ဂီတဖျော်ဖြေပွဲကို မန္တလေးမြို့မ တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ဧပြီ ၆ (စနေ) ညနေ ၆ နာရီတွင် ရန်ကုန် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ဖျော်ဖြေမည်ဟု ၎င်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာလှခိုင် ထံမှ သိရသည်။
ဖျော်ဖြေပွဲကို JBL (Galaxy Pro Rent) ကုမ္ပဏီမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး စင်ကာပူနည်းပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့မတေးဂီတ မန်နေဂျာ ဦးဇော်ဝင်းသန်းက ပြောသည်။
“ခေါင်းစဉ်ကတော့ JBL စက်တွေကို ပရိုမိုးရှင်း လုပ်တဲ့သဘောပါပဲ။ မြို့မတေးဂီတအဖွဲ့က အပုဒ်ရေ ၂၀ ကျော်လောက် တီးကြမယ်။ ဧည့်သည်တီးဝိုင်း ဖိတ်ထားတာတော့မရှိသေးပါဘူး” ဟု မန်နေဂျာ ဦးဇော်ဝင်းသန်းက ဆိုသည်။
ဖျော်ဖြေပွဲတွင် တေးသံရှင် တက္ကသိုလ်မင်းနောင်၊ ကိုသိန်းဝင်း၊ သန်းမြတ်စိုး၊ ရန်ပိုင်စိုး၊ မန ္တလေးသိန်းဇော်၊ ဖိုးသောကြာ၊ ဇေယျာပြည့်ဖြိုး၊ ချစ်ကောင်း၊ စည်သူလွင်၊ ဘိုဘို၊ ထား၊ တင်တင်မြ၊ ရီရီသန့်၊ ညွန့်ညွန့်သိန်း၊ စိုးစန္ဒာထွန်း၊ အိအိချွန်၊ ပန်းအိဖြူ၊ ရတနာဦး စသည့် တေးသံရှင်များက ဖျော်ဖြေကြမည်ဖြစ်ပြီး မြန်မာသံတေးများ၊ သင်္ကြန်တေးအကများ ဖြင့်လည်း တင်ဆက် ဖျော်ဖြေမည်ဖြစ်သည်။
“ဧပြီ ၆ ရက်နေ့မှာ ကိုမင်းနောင်နဲ့ ကိုသိန်းဝင်းတို့ကတော့ ကိုယ်ပိုင်သီချင်းတွေနဲ့ အစပိုင်းမှာ ဖျော်ဖြေမယ်။ သင်္ကြန် သီချင်းတွေ မြို့မဧည့်ခံ သီချင်းတွေကို အများဆုံးဆိုကြမှာပါ။ မြို့မ တေးဂီတအနေနဲ့ ဘယ်သီချင်းဖြစ်ဖြစ် တီးနိုင်တယ် ဆိုတာလည်း ပြချင်ပါတယ်” ဟု မန်နေဂျာ ဦးဇော်ဝင်းသန်းက ပြောသည်။
မြို့မ တေးဂီတအဖွဲ့နှင့် ပါဝင်သီဆိုမည့် တေးသံရှင် စည်သူလွင်က “ဖိုးညိုမြနဲ့ ရှာပုံတော် မင်းသားကြီး သီချင်းနှစ်ပုဒ် ဖျော်ဖြေဖို့ စဉ်းစားထားပါတယ်။ သင်္ကြန် သီချင်းတွေအနေနဲ့ ဒီပွဲက မြို့မနဲ့ ဖျော်ဖြေတာ ပထမဆုံးပွဲပါ။တခြား သီချင်းတွေကိုတော့ မန္တလေးမှာမြို့မနဲ့ တခါ ဖျော်ဖြေဖူးတယ်။ မြို့မနဲ့ မန္တလေး၊ မြို့မနဲ့ သင်္ကြန်ဆိုတာ အစဉ်အလာရှိခဲ့ပါတယ်။ အခုလို ဝင်ရောက် သီဆိုရတဲ့အတွက် အရမ်းဝမ်းသာတယ်” ဟု ပြောသည်။
လက်မှတ်များကို ကျပ် ၁၀၀၀၀၊ ၂၀၀၀၀ သတ်မှတ်ထားကြောင်း၊ ယခုပွဲသည် JBL (Galaxy Pro Rent) ၏ ဒုတိယမြောက် ပွဲဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ပထမဆုံး ပွဲအဖြစ် ဇော်ဝင်းထွဋ်နှင့် S.I.R ပွဲကို ကျင်းပခဲ့ကြောင်း JBL(Galaxy Pro Rent) ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်က ပြောသည်။
မြို့မတေးဂီတ၏ ဧပြီ ၆ ရက်နေ့ ဖျော်ဖြေပွဲသည် ရန်ကုန်တွင် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်သည် ၂၀၀၉ တွင် ရန်ကုန် မျှော်စင်ကျွန်းတွင် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
မြို့မ တေးဂီတသည် မတ် ၂၉ တွင် မန္တလေး အမျိုးသား ကဇာတ်ရုံတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မပပျောက်ရေး ရည်ရွယ်ချက်ဖြင့် မန္တလေးနှင့် မြို့မဟူသော ဖျော်ဖြေပွဲတပွဲ ကျင်းပရန်ရှိသေးသည်။
မန ္တလေး မြို့မတေးဂီတသည် ၁၉၂၅ တွင် စတင်ခဲ့ပြီး အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း (ဦးကျော်ငြိမ်း) က တည်ထောင်ခဲ့ သူများထဲတွင် တဦးအပါအဝင် ဖြစ်သည်။ မြို့မငြိမ်းသည် မြန်မာ့တေးဂီတ သမိုင်းတွင် ကျန်ရစ်စေသော မြန်မာသီချင်း (Modern Classicisms) များကို သီကုံးခဲ့၍ ပန်းချီပန်းပု ပညာရပ်များကိုလည်း တတ်မြောက်ခဲ့သူဖြစ်သည်။
၁၉၂၈ ခုနှစ်တွင် မန္တလေး မြို့မတူရိယာအဖွဲ့ကို ဦးကော်လုံဆိုသူက တည်ထောင်ခဲ့ရာ ဦးကျော်ငြိမ်းလည်း ပါဝင်ခဲ့သည်။ ဦးကျော်ငြိမ်းသည် မြို့မ အဖွဲ့သားအဖြစ် အနောက်တိုင်း တူရိယာ တီးနည်းနှင့် တူရိယာ သင်္ကေတ ပညာတို့ကို သင်ယူခဲ့သည်ပြီး ၁၉၃၁ မှစ၍ သီချင်းများကို ရေးစပ်ခဲ့ရာ မြို့မငြိမ်း ဟူသော ဂီတစာဆိုအမည်ကို ခံယူခဲ့သည်။
မြို့မငြိမ်း ရေးသားခဲ့သော သီချင်းပေါင်း ၂၀၀ ခန့် ရှိသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ပါရှိသည်။ မြန်မာသင်္ကြန်၏ ပြယုဂ်ဖြစ်သော မန်းတောင်ရိပ်ခို သီချင်းကိုလည်း ၎င်းက ရေးစပ်ခဲ့သည်။ မြို့မငြိမ်း၏ သီချင်းများအနက် ပထမဦးဆုံး တတိုင်းပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ “ချစ်တာပဓာန” သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း ၂၄ နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်းများမှာ ခင့်အိပ်မက်၊ တစ်ချစ်ထဲ ချစ်၊ မြင်းခင်းတော်၊ နတ်သျှင်နောင်၊ မေ့ပါနိုင်၊ ပျို့မှာတမ်း၊ သက်ဝေ၊ ပါရမီတော်၊ ချစ်ရဲဘော်၊ မင်္ဂလာမောင်မယ်၊ ငွေဇင်ယော်၊ ပြုံးတဲ့မေ၊ လေချိုသွေး စသော သီချင်းများ ဖြစ်ကြသည်။ မြို့မငြိမ်း သီချင်း စတင်ရေးသားခဲ့သော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကူး၍ မြန်မာစကားလုံး သွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေသော အချိန်ဖြစ်သည်။ သို့သော် မြို့မငြိမ်းသည် အနောက်တိုင်း ဂီတမှ သီချင်း စပ်နည်းကို မီငြမ်းသော်လည်း တေးသွားကို ခိုးချခြင်း မပြုဘဲ သူ၏ ပင်ကိုယ်ဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင် တေးသွားများ ရေးစပ်ခဲ့ကြောင်း www.Shwesu.web.com တွင် ဖော်ပြထားသည်။