[irrawaddy_gallery]
(၁)
လူသား တာဝန် အရေးသုံးပါး ဖြစ်တဲ့ “စား ဝတ် နေ” အရေး ၃ ပါး ပြီးရင် ကျနော်တို့ လူသားတွေ ဘာတွေ လုပ်ဆောင်ဖို့ စိတ်ဝင်စားကြပါသလဲ။ စတုတ္ထ လိုအပ်သော အဟာရသည် သတင်းပင် ဖြစ်၏။ သတင်းသည် မျှော်လင့်ချက်၏ အခြား သော ပုံသဏ္ဍာန် ဖြစ်၏။ သတင်းနှင့် ထပ်ဆင့် သတင်းတို့၏ ကွာခြားချက်ကလည်း ကြီးမားနေတတ်၏။ သတင်းအမှန်သည် လူတိုင်းလိုလားနေကြသည်ကား သေချာ၏။ သို့သော် သတင်း အမှားများကြောင့် သို့မဟုတ် ထပ်ဆင့် သတင်းမှား များကြောင့် သို့လော သို့လော တွေးထင်မှုများ ဖြစ်ပေါ်လာကာ ကမ္ဘာပေါ်တွင် နစ်နာဆုံးရှုံးမှုများ၊ သွေးချောင်းစီး တိုက်ခိုက် မှုများ၊ စိုးရွံ့စိုးထိတ်မှုများ၊ အချင်းချင်း မလုံမခြုံဖြစ်ရမှုများ အပါအဝင် အလုံးစုံ ပျက်ယွင်းရေးဆီ ဦးတည်သွားတတ်၏။ ထို့ကြောင့် သတင်းအမှန်သည် လူသားတို့ မျှော်လင့်ချက်အတွက် အရေးအကြီးဆုံးပင် ဖြစ်၏။
(၂)
ပိုက်ဆံပေးသည့် ကျေးဇူးရှင် ခရီးသည်များကို မျက်နှာတည် မျက်နှာထားဖြင့် အော်ဟစ် ငေါက်ငန်းကာ အထက်စီးမှ ပြောဆိုတတ်ပြီး ပိုက်ဆံငွေကြေး လာဘ်ငွေပေးရမည့် ယာဉ်ထိန်းရဲများအား မျက်နှာချိုသွေး အပြုံးပန်းဝေ အဆင်သင့် ဖြစ်နေတတ်သည့် ကားစပယ်ယာ ယာဉ်လုပ်သား ရိုင်းစိုင်းသူတို့ကို ဂရုမထားနိုင်ဘဲ ဘတ်စကားပေါ်က ဆွဲအချမခံရခင် ယောက်လမ်း မှတ်တိုင် အရောက် အမြန်ပြေးဆင်း လာချိန်၌ နံနက် ၁၀ နာရီခွဲ နေသည် အတော် ပူပြင်းနေပေပြီ။ ထို့နောက် “သတင်းနံရံများ” မီဒီယမ်စုံ အနုပညာပြပွဲကျင်းပရာ အမှတ် ၂၀၂၊ ပထမထပ်၊ ယူနိုက်တက်ကွန်ဒို၊ အလံပြဘုရား လမ်း၊ ဒဂုံမြို့နယ်ရှိ New Zero Art Space ပြခန်းသို့ လျှောက်လာရင်း News Wall ပြပွဲကို စိတ်စောနေမိသည်။
အနည်းငယ် အေးသည့် ပြခန်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် ပြခန်းထဲသို့ ဝင်ရောက်ကြည့်ရှုအားပေးသူ အများအပြားကို တွေ့သည်။ ပြခန်းထဲတွင် စုစုပေါင်း အနုပညာလက်ရာ ၁၂ ခုကို ခင်းကျင်း ပြသထားသည်။ ဧပြီ ၆ မှ ၁၀ ရက်နေ့အထိ ခင်းကျင်း ပြသထားသည့် ပြပွဲတွင် အခရိုင်းလစ် ပန်းချီကား ၄ ကားနှင့် မီဒီယမ်ရောနှော (Mixed Medium) ၈ ကား ပါဝင်နေသည်ကို တွေ့ရသည်။ လာရောက် အားပေးသူများသည်လည်း ကိုယ်တွေးမြင်မိရာကို အကဲဖြတ်ပြောဆိုကြ၊ ဆွေးနွေးနေကြသလို ကိုယ့်အတွေး ကိုယ့်အမြင်နှင့် ကိုက်ညီသည့် ပန်းချီကားများ အနုပညာလက်ရာများကို အကြိမ်များစွာ ကြည့်ရှုပြောဆိုနေကြ၏။ စိတ်ကျေနပ်စရာ အနုပညာပြပွဲပင် ဖြစ်၏။
“ပြီးခဲ့တဲ့ မတ်လထဲမှာတုန်းက New Zero Art Space ကနေ Art Management ရက်တို သင်တန်းက ထပ်ဆင့်လာတဲ့ အနုပညာ လှုပ်ရှားမှု လို့ ပြောရမှာပါ။ သင်တန်းကို နိုင်ငံခြားသား ပညာရှင် တချို့ လာရောက် ပို့ချပေးခဲ့တာပါ။ ဒီပြပွဲမှာ Artist တွေဖြစ်ကြတဲ့ အောင်စည်နေမျိုး၊ ထားဝယ်လေး၊ မြင့်စံမြင့်၊ မြင့်စိုး၊ စိုးနှင်းအောင်၊ သန်းဌေး၊ အမျိုးသမီးအနုပညာရှင် ဇွဲမွန်နဲ့ ကျနော် အပါအဝင် ၈ ယောက် ပါဝင်ပါတယ်။ ဟုတ်ကဲ့.. ပန်းချီကား ၁၂ ကား၊ Installation လက်ရာ ၁ ခု၊ ပန်းပု ၁ ခု၊ ဗွီဒီယို မှတ်တမ်းတင် (Video Documentry) ၁ ခု ပါဝင်ပါတယ်” ဟု ပြပွဲ၏ curator အနုပညာရှင် ညိုဝင်းမောင်က ရှင်းပြသည်။
သတင်းနံရံ (News Wall) ဟု ခေါင်းစဉ်ပေး စီစဉ်ခဲ့ခြင်းနှင့် Artist ရွေးချယ် စီစဉ်တင်ဆက်တဲ့ အကြောင်း ဆက်လက် ပြောပြသည်။
“မြန်မာနိုင်ငံရဲ့ ပထမဆုံး သတင်းစာက ၁၈၃၀ ခုနှစ်မှာ ထုတ်ဝေတဲ့ “မော်လမြိုင် ခရွန်နီကယ် (Mawlamyine Cronicle) သတင်းစာ ဖြစ်ပါတယ်။ အဲဒီက သတင်းစာထုတ်ဝေရေး ဆိုတာ ဖြစ်လာခဲ့ပြီး ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်မှာ ကိုယ်ပိုင်ထုတ်ဝေနေတဲ့ သတင်းစာတွေ ပိတ်ပင်ခံခဲ့ရပါ တယ်။ အဲဒီက စပြီး အုပ်ချုပ်သူ အစိုးရ အာဘော်တွေကိုသာ ဖော်ပြတဲ့ အစိုးရပိုင် သတင်းစာ အနည်းငယ်ကိုသာ ထုတ်ဝေခဲ့တယ်။ အဲဒီက နောက် အခုခေတ် နှစ် ၅၀ ကျော်လွန်လာပြီး အသွင်ကူးပြောင်းလာတဲ့ အစိုးရ လက်ထက် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့က စပြီး နေ့စဉ် သတင်းစာ ထုတ်ဝေခွင့် ပြုခဲ့ပါတယ်” ဟု ၎င်းက မြန်မာနိုင်ငံရဲ့ သတင်းစာ သမိုင်းကို ရှင်းလင်း ပြောပြပါသည်။
သတင်းစာများ သမိုင်းနဲ့ ယခု ပြပွဲ သတင်းနံရံ (News Wall) နဲ့ ဘယ်လို ပတ်သက်ပြီး ဆက်နွယ် ယှက်စပ်နေတာလဲ ဆိုသည့် ကိစ္စနှင့် ပတ်သက်သက်ပြီး Artist ညိုဝင်းမောင်က “ဒီ ပြပွဲမှာ ပါဝင်တဲ့ အနုပညာရှင်တွေဟာ သတင်းစာတွေ အပေါ် တစုံတရာ အာရုံခံစားမှုရှိပြီး နံရံနှင့် ဟင်းလင်းပြင်တွေမှာ ဖန်တီးတင်ပြ တတ်တဲ့ သူတွေပါ။ ဒီလို အနုပညာရှင်တွေ အများကြီးရှိပေမယ့် အခြေအနေနဲ့ ရရှိတဲ့ အချိန်ကာလလေးထဲ မှာ ကျနော် အတတ်နိုင်ဆုံး ဒီလို စိတ်ခံစားမှု ရှိတဲ့ Artist တွေ စုစည်းခဲ့တာပါ။ အခြား ဒီလို စိတ်ခံစားမှု ရှိတဲ့သူတွေ အများ အပြားရှိပေမယ့် အားလုံးပါဝင် နိုင်အောင် မစုစည်းနိုင်သေးပါဘူး။ အခုပြပွဲမှာ ပါဝင်တဲ့ အနုပညာရှင်တွေရဲ့ မတူကွဲပြားတဲ့ အမြင်၊ သူတို့ရဲ့ တင်ဆက်မှုနဲ့ အနုပညာလက်ရာ အဖြစ် ကြားခံမီဒီယမ်ပစ္စည်းတွေကို အသုံးပြု ဖန်တီးထားတာတွေကို ကြည့်ရှုခံစားပြီး အတွေးအမြင် တစုံတရာ စေ့ဆော်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့် ယုံကြည်ပါတယ်” ဟူ၏။
(၃)
ဒီပြပွဲတွင် ပါဝင်ပြသသည့် တဦးတည်းသော အမျိုးသမီး Artist ဇွဲမွန်ရဲ့ To School လို့ အမည်ပေးထားတဲ့ ပန်းချီ လက်ရာတခုမှာတော့ အဖြူ အစိမ်း ကျောင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ အရွယ်စုံ ကျောင်းသား လူငယ်များ၊ သူတို့ရဲ့ နောက်မှာတော့ သတင်းစာ အပိုင်းအစတွေ တွေ့ရပါသည်။ ပညာသင်ချိန် ပြီးဆုံးခဲ့ရင် ဘဝရပ်တည်ရေး အတွက် အလုပ်အကိုင် ခေါ်မယ့် ကြော်ငြာကို စောင့်နေကြတာလား ဟု တွေးမြင် မိပါသည်။
Artist ညိုဝင်းမောင်၏ Price of Newspaper ဗွီဒီယို မှတ်တမ်း (ပါဖော်မင့်အတ် တင်ဆက်မှု) ထဲမှာတော့ သတင်းစာ ဈေးနှုန်းမြင့်တက်လာမှုနှင့် ထိုင်ခုံ နေရာ အခြေခိုင်အောင် သတင်းမမှန်များနှင့် လုပ်ကြံ ကျားကန်ထားမှုကို တွေ့မြင်ခံစား အတွေး ပွားရပါသည်။
Artist အောင်စည်နေမျိုး၏ Freedom of the Press ဟု အမည်ပေးထားသည့် လက်ရာတွင် မီဒီယာလွတ်လပ်ခွင့်ကို စာလုံးများနှင့် ဖော်တင်ပြထားသလို ပါဝင်နေသည့် Abstract Figure က ကျေနပ်မှုလား၊ လှောင်ပြောင်တာလား ဟု အမျိုးမျိုး တွေးဆ ခံစားနိုင်သည့် ခံစားမှုကို ပေးစွမ်းပါသည်။
အမှောင်ထဲက အနီရောင်ည (Red Night in Dark) ပန်းချီကားထဲတွင် Artist ထားဝယ်လေးက သတင်းအမှောင်ထဲ၌ ရဲရဲရင့်ရင့် တိုးထွက်ဖို့ ကြိုးစားနေသည့် အဝါရောင် တွန်းထိုးမှုများနှင့် မွန်းကြပ်နေသလို ခံစားရစေပါသည်။
အဖြူအမည်း သတင်းစာရွက်များ အပေါ် ဖြတ်ပြီး လျှောက်လှမ်းလာသည့် သံဃာတော်များ၏ ခရီးက ဘယ်ကိုပါလိမ့်။ သံသရာက လွတ်မြောက်သွားဖို့ ရည်ရွယ် လျှောက်လှမ်းနေခြင်း ဖြစ်နိုင်သလို အများပြည်သူတို့အား မေတ္တာပွား ခရီးသွားနေကြရော့ သလားဟု အတွေးပွားဖွယ် ခံစားရသည်။ ၂၀၀၇ ခုနှစ် သံဃာတော်များ၏ လှုပ်ရှားမှုကို ထင်ဟပ် ပြခြင်းဟု ဆိုနိုင်မည်လား။
Artist SNA ခေါ် စိုးနှင်းအောင် ၏ Art News ပန်းချီကားကလည်း အတွေးများစွာ ပေးပါသည်။ ပန်းချီကားကို စတုဂံ၊ တြိဂံ၊ စက်ဝိုင်းများသုံးကာ အနီရင့်ရင့်အရောင် အနက်ရောင်များနှင့် ပုံဖော်ထားခြင်းပြီး သတင်းစာ အပိုင်းအစများကိုလည်း တွေ့ရသည်။
Newspaper and New paper (သတင်းစာနှင့် အသစ်စာရွက်) လို့ အမည်ပေးထားတဲ့ ပန်းချီကားကို Artist မြင့်စံမြင့်က ရေးဆွဲ ဖန်တီးတင်ပြထားသည်။ အခရိုင်းလစ် သက်သက်သုံး ရေးဆွဲတင်ပြသည်။ အရောင်အနေနှင့် အဖြူ အနက် ၂ ရောင်တည်းဖြင့် ပုံဖော်ပြသည်။ အဖြူကို အနက်ရောစွက် နေတာလား၊ အနက်ကို အဖြူဆိုးတာလား ဟု ခံစားရသည်။ သေချာသည်က တရောင်ကို တရောင် စွန်းထင်းနေခြင်းပင်။ ယင်းသည်ပင် သတင်းစာနှင့် လက်တွေ့အနေအထား တွဲစပ်နေခြင်းဟု ဆိုနိုင်ပေမည်။
သတင်းစာများကို စားသုံးရင်း သို့မဟုတ် သတင်းစာများကို လေ့လာဖတ်ရှုရင်း မီးကျွမ်းသွားသည့် လူငယ်ဖြစ်သွားရပုံကို Artist မြင့်စိုး ၏ Newspaper ဟု အမည်ပေးထားသည့် Installation လက်ရာတွင် တွေ့ရသည်။ လွန်စွာရိုးရှင်းလှသလို လွန်စွာ အတွေးပွားဖွယ် ကောင်းသည့် လက်ကောင်းတခုဖြစ်သည်။ လူငယ်၏ ဦးခေါင်းထဲတွင်ကား လုပ်ကြံသတင်းများ၊ ဝါဒဖြန့်မှုများ၊ တဖက်သတ် ရေးသားတင်ပြခြင်းများ သာ ရှိနေပြီး၊ ပါးစပ်ကို အပိတ်ခံထားရပုံကို ပုံဖော်တင်ပြထား သည်။ ခေတ်ကာလ အဆက်ဆက် လူထုနဲ့ သတင်း ဆက်သွယ်မှုကို အကောင်းဆုံး ထင်ဟပ် တင်ပြထားသည့် လက်ရာဟု ဆိုရမည်။
(၄)
နေ့စဉ် လူနေမှု ဘ၀ ဖြတ်သန်းရာ များသည် သတင်း တပုဒ် ဖြစ်နိုင်သလို သမိုင်းမှတ်တမ်းလည်း ဖြစ်လာနိုင်ပါသည်။ တဖန် လူသားတို့၏ မျှော်လင့်ချက်လည်း ပါဝင်နေနိုင်ပါ၏။ သို့သော် သမိုင်းစဉ် တလျောက် တွေ့နေရသည်က သမိုင်းအမှန်အဖြစ် မဟုတ်ဘဲ အောင်နိုင်သူတို့၏ မှတ်တမ်း သက်သက်၊ ဝါဒဖြန့်မှု သက်သက် သာဖြစ်နေခြင်းများလည်း တွေ့ရသည်။ သတင်း အမှန်၊ သမိုင်း အမှန်များသည် လူ့အဖွဲ့အစည်းအတွက် အရေးအကြီးဆုံး အဟာရဖြစ်သည်ဟု “သတင်းနံရံ အနုပညာ ပြပွဲ” မှ အတွေးဆင့် စဉ်းစား ခံစားရင်း … ။ ။