သင်္ကြန်ဆိုတာ မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော် တခုဖြစ်လို့ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာ မပါစေဖို့ ရေစင်ပက်ဖျန်းပြီး ဆေးကြောပေးကြတဲ့ ပွဲတော်တခုပါ။
ဒီနှစ်တော့ မြန်မာသက္ကရာဇ် ၁၃၇၅ တန်ခူးလဆန်း ၂ ရက် ကနေ ၆ ရက်နေ့အထိ ကြို၊ ကျ ကြတ်၊ တက် ၄ ရက် ကျင်းပကြမှာဖြစ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့က ၂၀၁၃ ဧပြီ ၁၆ ရက်နေ့ကျရောက်ပါတယ်။
သင်္ကြန် ရောက်တော့မယ်ဆိုရင် အနုပညာရှင်တွေ ရိုးရိုးရွရွ ဖြစ်လာကြပါပြီ။ သင်္ကြန်မှာ ပျော်ပွဲရွှင်ပွဲတွေကို မြန်မာတနိုင်ငံလုံး ခြိမ့်ခြိမ့်သဲ ကျင်းပကြတယ်။ နေရာတကာမှာ ရေကစားမဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေ၊ ဈေးဆိုင်တန်းတွေ၊ ပလူပျံနေတာ နှစ်စဉ်ပါပဲ။
သင်္ကြန်မှာ ရေပက်ရင်းပျော်ချင်သူ၊ ရေပက်ခံရင်း ပျော်ချင်သူတို့ဟာလည်း သူ့ဟာနဲ့သူ အပေးအယူ မျှတနေကြတယ်။ မဏ္ဍပ်ပေါ်မှာ ရေကစားရင်း ထင်ပေါ်ချင်တဲ့သူနဲ့ အဲဒီလို လူတွေကို အရသာခံရင်း ယမကာခွက်တွေနဲ့ ပျော်ရွှင်နေကြတဲ့ လူစုဆိုတာလည်း ရှိနေတတ်ပါတယ်။ စီးပွားရေးအတွက် အရက်ဘီယာ ရေသန့်နဲ့ အချိုရည်ဗူးတွေကို သင်္ကြန်မတိုင်ခင် ၂ လ ၃ လလောက် အလိုမှာကတည်းက လက်လီ ဝယ်စုဆောင်းထားပြီး သင်္ကြန်ရဲ့ ပေါ်ပင် ဈေးနှုန်းအတိုင်း ရောင်းချရင်း စီးပွားရှာသူတွေ ရှိသလို သင်္ကြန်မှာ ပျော်ရွှင်ဖို့ ၂ လလောက်ကြိုပြီး ပိုက်ဆံစုထားကြတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။ ဒါ မြန်မာ သင်္ကြန်ပါပဲ။
ဖျော်ဖြေရေးနဲ့ ရေကစားမဏ္ဍပ် တွဲထားတဲ့လမ်းတွေ၊ နာမည်ကြီး အနုပညာရှင်တွေ အများဆုံး ဖျော်ဖြေနေတဲ့ မဏ္ဍပ်တွေမှာဆိုရင် ရေပက်ခံကားတွေ ပြည့်ကျပ်နေပြီး လေး ငါးနာရီလောက် အချိန်ယူ တန်းစီနေရင်း တနေကုန် အချိန်ကုန် သွားတတ်တာလည်း ရန်ကုန်သင်္ကြန်ရဲ့ ပြယုဂ်လို့ ပြောရမလိုဖြစ်နေပါပြီ။ သင်္ကြန်ဆိုတာ စီးပွားရှာလို့ အကောင်းဆုံး မြန်မာ ပွဲတော်တွေထဲက တခုပါပဲ။ ဒါကြောင့် သင်္ကြန်ဆိုရင် စီးပွားရေးအတွက် အကွက်မြင်သူတွေက တတ်နိုင်သလောက် အရင်းအနှီးနဲ့ အသီးသီး အမြတ်ရှာကြတာပါပဲ။ အဲဒီလို သင်္ကြန်စီးပွားရေး ဈေးကွက် တခုလုံးကို ကောင်းကောင်း အသုံးချဖို့ စောင့်ဆိုင်းနေသူတွေထဲမှာ အနုပညာရှင်တွေက အဓိကနေရာက ပါဝင်တယ်လို့ ပြောလို့ရတယ်။
သင်္ကြန်မှာ ဖျော်ဖြေရေး မဏ္ဍပ်မပါဘဲ ဆင်နွှဲကြတဲ့ မြို့ဆိုတာ မရှိသလောက်ပါဘဲ။ အနုပညာရှင်တွေ ဆိုရင်လည်း ကျန်ရာသီမှာ ကျင်းပတဲ့ ပွဲတွေထက်ကို အနုပညာကြေးကလည်း လေးငါးဆလောက် ပိုရကြတယ်။ ဒါကြောင့်လည်း သင်္ကြန်မရောက်ခင် တလလောက် အလိုမှာကတည်းက အနုပညာရှင်တွေ ရိုးရိုးရွရွ ဖြစ်လာကြတာပါပဲ။
၁၉၈၀ ကျော်လောက်က ကိုယ်ပိုင် သင်္ကြန်မဏ္ဍပ် အနည်းငယ်သာ ရှိခဲ့ပြီး သင်္ကြန် သံချပ်ကားတွေ၊ အကအလှ ဖျော်ဖြေရေးကားတွေက သင်္ကြန်ရဲ့ အလှကို အသက်ဝင်စေခဲ့တာပါ။ အဲဒီ ကာလတုန်းက သင်္ကြန် မဏ္ဍပ်တွေပေါ်မှာ အဓိက ဖျော်ဖြေခဲ့သူတွေက တေးသံရှင် စစ်စစ်တွေပေါ့။ ကက်ဆက်ခွေတွေ၊ ဓာတ်ပြားတွေရထားတဲ့ အဆိုတော်တွေသာ သီချင်းဆိုပြီး ဖျော်ဖြေ ပေးခဲ့ကြတယ်။ အခုတော့ သင်္ကြန်စီးပွားရေးမှာ ရုပ်ရှင် သရုပ်ဆောင်တွေကလည်း သီချင်းဆိုရင်း ဝင်နွှဲလာကြပါပြီ။
သရုပ်ဆောင်တွေ အတွက် ဇာတ်ကား ရိုက်ကွင်းနားချိန်လေးမှာ သီချင်းဆိုရင်း သင်္ကြန်တွင်းမှာ ဝင်ငွေရှာလာကြပြီ။ပရိသတ် အားလုံးသိပြီး နာမည်အရမ်းမကြီးသေးတဲ့ သရုပ်ဆောင်ဆိုရင် ၃၅ သိန်း၊ နာမည်ကြီးတဲ့ သရုပ်ဆောင်ဆိုရင် သိန်း ၅၀ ကနေ သိန်း ၁၀၀ အကြား အေးအေးဆေးဆေး ရနိုင်တဲ့အတွက် သင်္ကြန်ဆိုရင် သရုပ်ဆောင်တွေလည်း ဝင်ရောက် ဆင်နွှဲနေကြပါပြီ။
ဒါတောင် မဏ္ဍပ်ကူးတာ မပါသေးပါဘူး၊ မဏ္ဍပ်ကူးတယ် ဆိုတာက ဒီမဏ္ဍပ်မှာ လေးငါးပုဒ်လောက်ဆို နောက်မဏ္ဍပ် တခုမှာလည်း အချိန်မီလေး ပြေးဆိုလိုက်နဲ့ အနုပညာရှင်တွေရဲ့ ဝင်ငွေဟာ သင်္ကြန်ဆိုရင် သိန်း ၂၀၀၊ ၂၅၀ လောက်ကတော့ အသာလေးပါပဲ။
မနှစ်က ပဲခူးသင်္ကြန်မှာ သဘာဝမြေသြဇာ လုပ်ငန်းရှင်များ ပေါင်းလုပ်တဲ့ ပုဂလိကပိုင် မဏ္ဍပ်တခုမှာဆိုရင် ပဲခူးဒေသခံ တီးဝိုင်း၊ ပဲခူးဒေသခံ အဆိုတော်လေးတွေနဲ့ ရန်ကုန်က နာမည်ကြီး သရုပ်ဆောင် ကျော်ရဲအောင်၊ နဝရတ်၊ ခရစ္စတီးနား၊ ကလေး သရုပ်ဆောင် ယွန်းယွန်းတို့ ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။
နဝရတ်ကတော့ ၂ ရက်လောက်ပဲ လာဆိုသွားတာ တွေ့ရပါတယ်။ နဝရတ်က သိန်း ၄၀ နဲ့၊ ခရစ္စတီးနားက ၃၅ သိန်းပေးရတယ်လို့ မဏ္ဍပ်ပိုင်ရှင် ကိုဇော်ထိန်ဆီက သိရတယ်။ အတွဲခွေတွေ ဟိုတစ်စ ဒီတစ ပါဝင်တဲ့ ရန်ကုန်က အဆိုတော် အသစ်တွေကိုတော့ တစ်နေ့ ၁ သိန်းပေးရတယ်လို့ သူက ပြောပါတယ်။
သရုပ်ဆောင်ပွင့်နဒီမောင်တို့ ဘုန်းသျှံတို့ ဆိုရင်လည်းသင်္ကြန်ကို ကျပ် သိန်း ၄၀ လောက် ခေါ်ဈေး ရှိကြတယ်လို့ ပွဲစီစဉ်သူ အမျိုးသမီး တဦးဆီက သိရတယ်။ သရုပ်ဆောင်လိုင်းကနေ အဆိုတော်လိုင်းကိုပါ ဝင်ကူးရင် ရုပ်ရှင်လေးလည်းရိုက်၊ သီချင်းလေးလည်းဆိုနဲ့ အဆင်ပြေနေတာမို့ တချို့ သရုပ်ဆောင်တွေက အဆိုသင်တန်းတွေတောင် အိမ်မှာခေါ်သင်နေကြပြီ။
ဇာတ်ရံခန်းက သရုပ်ဆောင်တွေဆိုရင် တကားလုံးမှ ကျပ် သုံးသိန်း၊ လေးသိန်းရကြပြီး သူဌေးသမီး သဌေးသား အခန်းက သရုပ်ဆောင်ရရင် ရသမျှထက်တောင် ပိုကုန်တဲ့ အနေအထားဆိုတော့ အဝတ်အစားလည်း သိပ်မလိုဘဲ လူလည်း နည်းနည်း သိနေတော့ စင်အောက်မှာလည်း ပရိသတ်ရှိပြီးသား သရုပ်ဆောင်ငယ်တွေ ကလည်း တနေ့ ၅ သိန်းကနေ ၁၀ သိန်းအကြား ရနေတဲ့ သီချင်းဆိုတဲ့ အလုပ်ကို ပေါင်းကူးလုပ်နေကြပါပြီ။
သင်္ကြန်ဆိုရင် တကယ့် အဆိုတော် အစစ်တွေက သီချင်းဆိုခွင့်ရဖို့ လုံးပန်းနေကြရတယ်။ တကယ့် အဆိုတော် အစစ်ဆိုလို့ သီချင်းကို စည်းဝါးနရီနဲ့ ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်တဲ့ အဆိုတော်တွေတောင် အခုလက်ရှိ ဟော့ဖြစ်နေပြီး တော်ရုံသင့်ရုံလေး သီဆိုနိုင်တဲ့ အဆိုတော်တွေလောက် အနုပညာကြေး မရတာလည်း ရှိနေပါတယ်။
ဒီနှစ်ကတော့ အိမ်မက်ဆုံရာက တေးသံရှင်တွေကလည်း ကိုယ်ပိုင်သီချင်းသာ မရှိပေမယ့် ကျပ် သိန်း ၄၀ ဈေးခေါ် ကြတယ်လို့ သိရတယ်။
ရဲသွေးနောင်ကတော့ ဒီနှစ် သိန်း ၆၀ ခေါ်တယ်လို့ The Ugly တေးဂီတအဖွဲ့ဆီက သိရတယ်။ ဖြိုးကြီး၊ ဟဲလေး တို့လို ပေါက်ပြီးသား အဆိုတော် အဟောင်းတွေက သိန်း ၁၅၀ လောက် ခေါ်ကြတာပါ။ ချစ်ခြင်းကိုမခွဲပါနဲ့၊ အမြင့်ဆုံးမှာ သီချင်းတွေ ဆိုခဲ့တဲ့ ကောင်းဆက်ဆိုရင် အနုပညာကြေး သိန်း ၃၀ လို့ သူကိုယ်တိုင်က ပြောပါတယ်။ ဆုန်သင်းပါရ်တို့လို ကောင်းလည်းကောင်း၊ ဟောင်းလည်းဟောင်း တွေကတော့ သိန်း ၁၅၀ ဝန်းကျင်ရကြတယ်လို့ ဦးကောင်းဆက်က ဆက်ပြောတယ်။
Melody World က တေးသံရှင်တွေကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက ၁၅ သိန်းကနေ သိန်း ၃၀ အတွင်း ရကြတယ်လို့ ပွဲတွေလည်းစီစဉ်၊ ကိုယ်တိုင်လည်း ကီးဘုတ်တီးနေတဲ့ ဦးကျော်ဆီက သိရတယ်။ နီနီခင်ဇော်တို့ ချမ်းချမ်းတို့ ကတော့ Melody World အဆိုတော်လည်းဖြစ်၊ ပေါက်လည်း ပေါက်နေတော့ သိန်း ၈၀ နဲ့ ၁၀၀ အကြားမှာ ရှိနေတယ်လို့ Melody World အသိုင်းအဝိုင်းကပဲ သိရတယ်။
Iron Cross တေးဂီတအဖွဲ့ ကတော့ သင်္ကြန်ကို သိန်းတစ်ထောင် ပေးရတယ်လို့ IC အဖွဲ့နဲ့ အောင်ပန်းမှာ စင်တင်ပွဲ ကျင်းပခဲ့တဲ့ ပွဲစီစဉ်သူ ဦးအလုံးက ဧရာဝတီကို ပြောပြတယ်။
မြန်မာသံ သီချင်းသီဆိုတဲ့ တေးသံရှင်တွေလည်း သင်္ကြန်ဆိုရင် ဌာနဆိုင်ရာ မဏ္ဍပ်တွေမှာ အများဆုံးတွေ့ရတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အနေနဲ့ တိုင်းဒေသကြီး အသီးသီးက မြို့တော်ဝန် မဏ္ဍပ်တွေမှာ သင်္ကြန် ယိမ်းတွေနဲ့ မြန်မာ့ရိုးရာ သင်္ကြန်သီချင်းတွေလည်း ကြားရမြင်ရတယ်။
၂၀၁၁ သင်္ကြန်တုန်းက သာကေတ ကျောက်တိုင်က မြို့တော်ဝန်မဏ္ဍပ်မှာ ဆိုင်းဝိုင်းတွေအပြင် အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်၊ အလင်္ကာဝတ်ရည် ဦးမောင်မောင်အေး စတဲ့ မြန်မာ့ဂီတ အဆိုတော်ကြီးတွေရဲ့ ဖျော်ဖြေမှုကို တွေ့ရတယ်။
လက်ရှိ စတူဒီယို အဆိုတော်တွေထဲမှာ ရတနာမိုင်ကတော့ သင်္ကြန်ပွဲတော်မှာ ပွဲသုံးလေးပွဲ သီဆိုရင်း သိန်း ၂၀၀ ကနေ ၃၀၀ အတွင်း အနုပညာကြေး ရရှိတယ်လို့ ရတနာမိုင်ရဲ့မိခင် မိုင်ဆီက သိရတယ်။ ဒီနှစ် လူငယ်တွေကြားမှာ ပေါက်နေတဲ့ Idiots အဖွဲ့ကတော့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ဖျော်ဖြေမှာဖြစ်ပြီး ကျပ်သိန်း ၁၅၀ ရတယ်လို့ သူ့မိခင် မခင်မြတ်မွန်က ပြောပါတယ်။
နာမည်ကြီးတီးဝိုင်း Lazy Club၊ Metal Zone၊ The Trees တို့လို တီးဝိုင်းတွေကတော့ သိန်း ၃၀၀ ကနေ ၅၀၀ အကြား ရရှိကြပါတယ်။ ကိုယ့်ဘာသာ Section တီးနေကြတဲ့ Player တွေကတော့ တရက်ကို ၂ သိန်း၊ ၃ သိန်းလောက် ရတယ်လို့ ဘေ့စ်ဂစ်တာသမား ကိုမဲဇာဆီက သိရတယ်။
သင်္ကြန်တနှစ် ရောက်တိုင်း အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုဟာ စီးပွားရေးဈေးကွက် တခုလို ပိုပိုပြီး ကျယ်ပြန့် လာပါတယ်။ ပထမတနှစ်မှာ စီးရီးခွေတစ်ခွေ (Audio CD) ထွက်ပြီးသား အဆိုတော်တယောက်က သိန်း ၂၀၊ ၃၀ လောက် ဈေးခေါ်ပြီး နောက်တနှစ် သင်္ကြန်မှာ ဗီစီဒီ ဖြန့်ပြီး ၅ သိန်း ၁၀ သိန်းလောက် ထပ်တက် ပြန်ပါတယ်။
အနုပညာလောကမှာ အနုပညာ ကြေး သောင်းဂဏန်းလောက် ရပြီး တကယ် ပီပီပြင်ပြင် ဖျော်ဖြေနေတဲ့ သူတွေကိုလည်း
တွေ့ရပါတယ်။ သင်္ကြန် တရက်ကို နေ့ရောညပါ သီဆိုပြီး ရှေ့ထွက်သဘောမျိုး ဖျော်ဖြေရတဲ့ တေးသံရှင် အသစ်တွေကတော့ တနေ့ ကျပ် ၅ သောင်းလောက်နဲ့ သီဆိုကြရတယ်လို့ သိရတယ်။
ပဲခူးမှာ တရက် ၅ သောင်းနဲ့ သင်္ကြန်တတွင်းလုံး ၂ သိန်းနဲ့ ဖျော်ဖြေဖို့ လာငှားကြတာမျိုးလည်း ကြားရတယ်။
“ပွဲမရှိဘဲ အိမ်မှာနေမယ့် အတူတူ သွားဆိုမယ်လို့ တွေးထားတယ်။ မနှစ်ကတော့ ပဲခူးမှာ တရက် တသိန်းရတယ်” လို့ အမျိုးသမီး အဆိုတော်သစ် တဦးက ပြောတယ်။
ဒီလို ဈေးတွေက အဆမတန် ကွာနေတာဟာ အဆိုတော် အသစ်တွေက ကိုယ့်ဈေးကိုယ်ဖျက် နေကြတာပါလို့ တေးစီးရီး တခွေ ထွက်ရှိပြီးသူ အမျိုးသား တေးသံရှင် တဦးကသုံးသပ်တယ်။
ရှေ့ထွက် အဆိုတော်တွေ ဆိုပေမယ့် သေသေသပ်သပ် ဆိုနိုင်တဲ့ အဆိုတော်တွေဟာ ကီးချော်၊ ဘားခွ ပေါက်လက်စ အဆိုတော်တွေထက် အဆပေါင်း ၁၀ ဆလောက် ဈေး လျော့နည်းနေတာလည်း တွေ့ရပါတယ်။
သင်္ကြန်တတွင်းလုံး ကျပ် သိန်း ၄၀ လောက် ရနေတဲ့ မင်းသမီးတဦးဆိုရင် ကီးတောင် ဝင်အောင် မဆိုနိုင်ဘဲ ဆိုခါနီးမှာ ရှေ့ထွက် အဆိုတော်တွေကို နောက်က လိုက်ဆိုပေးဖို့ အကူအညီ တောင်းနေသေးတယ်လို့ တက်သစ်စ အဆိုရှင် တဦးက ပြောတယ်။
သင်္ကြန်တွင်း အနုပညာဈေးကွက် စီးပွားရေးကတော့ တနှစ်ထက်တနှစ် ပျက်သထက် ပျက်လာပြီး မဏ္ဍပ် ပိုင်ရှင်တွေကလည်း ပေါချောင်ကောင်း ဈေးနဲ့ အဆိုတော်တွေကို လိုက်ရှာနေကြပါတယ်။ ရန်ကုန် ကမ်းနားလမ်းမှာ ကျင်းပမယ့် ဖျော်ဖြေရေးနဲ့ ရေကစား မဏ္ဍပ်တခုဆိုရင် တရက် ၅ သောင်းတန် အဆိုတော် ပေါက်စ ၁၀ ယောက်လောက် လိုချင်တယ်၊ အသံကောင်းရမယ် ရုပ်ချောရမယ်၊ ကတတ် ခုန်တတ်ရမယ်လို့ ပြောပြီး ပွဲစီစဉ်သူ တဦးဆီမှာ လာအပ်တယ်လို့ အဲဒီ ပွဲစီစဉ်သူက ဆိုပါတယ်။
တချို့ ဟိုပြိုင်ပွဲ၊ ဒီပြိုင်ပွဲလေးတွေမှာ Title ဆု တဆုလောက် ရထားတဲ့ မော်ဒယ်လ် ကောင်မလေးတွေကတော့ တရက်ကို ၅ သိန်းကနေ ၁၀ သိန်းအထိ ရကြပါတယ်။ သူတို့ကတော့ ဘာမှ သိပ်လုပ်စရာ မလိုပါဘူး။ လှလှပပ ဝတ်ဆင်ပြီး မဏ္ဍပ်ပေါ်မှာ ထိုင်ပေးရုံပါဘဲ။ မဏ္ဍပ်ပိုင်ရှင်တွေ ဧည့်သည်တွေနဲ့ လိုက်လျောညီထွေ စကားပြောပေးရုံပါပဲ။
သင်္ကြန် ဖျော်ဖြေရေး မဏ္ဍပ်ဆိုတဲ့ သဘောဟာ တိုင်းဒေသကြီး တခုချင်း ဆီတိုင်းမှာ စည်ကားစေဖို့ ဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေကလည်း ကိုယ်ပိုင်မဏ္ဍပ်တွေ ဆောက်ကြသလို၊ ကုမ္ပဏီပိုင် မဏ္ဍပ်တွေလည်း တွေ့ရပါတယ်။ အရင်နှစ်တွေက ကြိတ်ကြိတ်တိုး စည်ကားခဲ့တဲ့ အင်းလျားလမ်းက မဏ္ဍပ်တွေကတော့ ရုပ်ရှင်မင်းသား မင်းသမီးတွေ အများဆုံး ဦးစီးကြတဲ့ မဏ္ဍပ်တွေပါ။
မန ္တလေး ဖျော်ဖြေရေး မဏ္ဍပ်တွေမှာတော့ ဖျော်ဖြေမယ့် အနုပညာရှင်တွေရဲ့ စာရင်းကိုကြည့်ပြီး ရေပက်ကစားမယ့် သူတွေက
နာမည်စာရင်း ပေးကြပါတယ်။ မဏ္ဍပ် ရေကစားမယ့် သူတွေကို နေ့လယ်စာ အပါအဝင် တရက် လက်မှတ်ခ ၅ သောင်း၊ ၂ ရက် ၈ သောင်း၊ ၂ရက်ထိုင်ရင် ၁ ရက် Free စသဖြင့် ဈေးနှုန်း သက်မှတ်ပြီး မဏ္ဍပ်စရိတ် ကျေအောင် လက်မှတ်ရောင်းချတဲ့ မဏ္ဍပ်တွေလည်း ရှိတဲ့အတွက် လက်မှတ် ဝယ်သူတွေက သူတို့ မဏ္ဍပ်မှာ နာမည်ကြီး အနုပညာရှင်တွေနဲ့ အတူတူ ဆင်နွှဲချင်ကြ သေးတယ်။
ဒီနှစ်တော့ ၁၉၈၀ ကျော်လောက်က အငွေ့အသက်တွေ ပြန်ခံစားရဖို့ သံချပ်အဖွဲ့ တွေကလည်း ကားလှည့် ဖျော်ဖြေကြမှာဖြစ်ပြီး မောင်မောင်ဆိုလေ ထီးရိုးရှည် ထီးရိုးရှည် သံချပ်အဖွဲ့ကတော့ ရန်ကုန်တိုင်းမှာ ကားနဲ့လှည့်ရင်း ဖိတ်ကြားထားတဲ့ မဏ္ဍပ်တွေမှာ လိုက်လံ ဖျော်ဖြေမယ်လို့ ၎င်းအဖွဲ့ဝင် တဦးဆီက သိရတယ်။
မြန်မာသင်္ကြန်ပွဲတော်ရဲ့ အနုပညာ စီးပွားရေးဈေးကွက်ကို အနုပညာနယ်ပယ်က သူတွေကပဲ ဝိုင်းဝန်းပြီး ထိန်းသိမ်း နိုင်မှာဖြစ်တယ်၊ အနုပညာဗန်းပြပြီး သင်္ကြန်တွင်း စီးပွားရှာနေသူတွေကြောင့် သိက္ခာနဲ့ အရည်အသွေးရှိတဲ့ တချို့ အနုပညာရှင်တွေက ဂုဏ်သိက္ခာ အကျမခံဘဲ အိမ်ထဲမှာ ထိုင်နေကြတာလည်း ဒုနဲ့ ဒေးရှိနေတယ်လို့ သိရတယ်။
တန်ဖိုးကြီးတဲ့ အနုပညာ အသိုင်းအဝိုင်းကို စီးပွားရေးသမားတွေက အသုံးချတာ မခံရဖို့ကတော့ အနုပညာရှင်တွေရဲ့ တာဝန်ပါပဲလို့ ဝါရင့် အနုပညာရှင်တချို့က ပြောဆိုနေကြပါတယ်။