SFU

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ညွှန်းကိစ္စပြီး၍ ကုန်ကျစရိတ် တွက်ချက်နေပြီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးရန် ဇာတ်ညွှန်း ပြီးသွားပြီဖြစ်၍ ကုန်ကျစရိတ် တွက်ချက်ပေးသည့် ကုမ္ပဏီ တခုဖြစ်သော ဥရောပရှိ ကုမ္ပဏီတခုသို့ ဇာတ်ညွှန်းပေးပို့ကာ ဆက်လက် အကောင်အထည်ဖော်မည်ဟု  အဆိုပါ ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီ သတင်းနှင့်ပြန်ကြားရေး အဖွဲ့ဝင် ဦးဇော်သက်ထွေး ထံမှ သိရသည်။

“အဲဒီ ဇာတ်ညွှန်းကို သင်္ကြန်တွင်းမှာ တည်းဖြတ်ပြီး သင်္ကြန်ပြီးရင် သမိုင်းပညာရှင် ၅ ဦးကို ပေးပို့မယ်၊အချက်အလက် စစ်ဆေးမယ်၊ ပြီးရင် အင်္ဂလိပ် ဗားရှင်းနဲ့ ပြန်ရေးပြီး ဥရောပကိုပို့မယ်၊ ဇာတ်ကားရဲ့ ကုန်ကျငွေ၊ ရှုတင်စရိတ်တွေကို တွက်ချက်မယ်။ တွက်ချက်ပြီး ရန်ပုံငွေဘယ်လောက်ကုန်မယ်၊ သရုပ်ဆောင် ဘယ်နှယောက် ခေါ်မယ်ဆိုတာ တွက်မယ်။ ဒါရိုက်တာ ရွေးချယ်မယ်။ အဲဒါတွေ ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာ ကြည်စိုးထွန်း၊ စာရေးဆရာချစ်ဦးညို၊ ဇာတ်ညွှန်းရေးဆရာနှင့် ကဗျာဆရာ မြမြင့်မိုရ် တို့က ဇာတ်ညွှန်း ရေးပေးခဲ့ပြီး ပေးပို့စစ်ဆေးခိုင်းမည့် သမိုင်းပညာရှင် ၅ ဦးမှာ ဦးသော်ကောင်း၊ ဒေါက်တာ ဒေါ်ခင်လှဟန်၊ ဦးမြဝင်း၊ ဒေါ်ခင်နှင်းပွင့်နှင့် ဦးဇော်လင်းတို့ ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် အမျိုးသား သရုပ်ဆောင် တဦး ရွေးထားကြောင်း၊ ဒေါ်ခင်ကြည် နေရာတွင် အမျိုးသမီး သရုပ်ဆောင် ၂ ဦးရွေးထားကြောင်း၊ မေလဆန်းတွင် ၎င်းတို့နေထိုင်ရာ ပြည်နယ်များမှ ပြန်ခေါ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဝင် ရုပ်ရှင်ပညာရှင်များက သရုပ်ဆောင်ပညာကို သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို အချိန် ၂ နာရီခွဲကျော်စာ ပြသမည်ဖြစ်ပြီး ကုန်ကျစရိတ်ကို တွက်ချက်ရာတွင် နေရာ ရွေးချယ်မှုကိုပါ Wasting Brother ကုမ္ပဏီက ဆောင်ရွက်ပေးမည်ဟု ပြောရာ ဧရာဝတီက အဆိုပါကုမ္ပဏီ၏ အသေးစိတ် အချက်အလက်ကို ပိုမိုသိလို၍ မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်သည်။

သို့ရာတွင် ကိုဇော်သက်ထွေးက “ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ညွှန်းက အမေရိကန်ဒေါ်လာ ဘယ်လောက်ကုန်ကျမယ်၊ Location တွေက ဘယ်မှာဖြစ်မလဲ၊ အတွင်းဝန်ရုံးက မြန်မာနိုင်ငံမှာ ရိုက်လို့မရဘူးဆိုရင် ဂျာမနီမှာရှိတဲ့ စတူဒီယိုထဲမှာ သွားရိုက်ရင် ဘယ်လောက်ကုန်မလဲ၊ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘုတ်အဖွဲ့ဝင်တွေက ဘယ်ဟာ လျှော့လို့ရမယ်၊ ဘယ်ဟာတင်လို့ရမယ် ဆိုတာ စည်းဝေးပြီးမှ ရိုက်ကူးရေး လုပ်ရမယ်။ အဲဒီအချိန်ကျမှ ဒါရိုက်တာ၊ သရုပ်ဆောင် ရွေးရမယ်၊ ဂဠုန်ဦးစော နေရာ ဘယ်သူလဲ၊ ဒေါက်တာ ဘမော် နေရာဘယ်သူလဲ ဆိုတာ ရွေးရမှာ” ဟု ပြောပြသည်။

ဇာတ်ညွှန်း ရေးသားပေးသူထဲမှ တဦးအပါအဝင် ဖြစ်သည့် စာရေးဆရာ ချစ်ဦးညိုက ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ စာအုပ်ပေါင်း ၃၀ ကျော် လေ့လာခဲ့ကြောင်း၊ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှ ပေးသော စာအုပ်များကိုလည်း လေ့လာခဲ့ကြောင်း၊ ဇာတ်ညွှန်းအတွက် အချိန် တနှစ်ခန့် ယူခဲ့ရကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီရုပ်ရှင်မှာ ဇာတ်ညွှန်းရေးရတဲ့ အတွက် နံပါတ် ၁ အချက်က ကျေးဇူးရှင်ကို တနိုင်တပိုင် ကျေးဇူးဆပ်ရတယ်လို့ ခံယူတယ်။ နောက်တချက်က ဒီရုပ်ရှင်ကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း အသိတရား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ကျင့်သိက္ခာတွေကို ကြည့်ပြီးတော့ လူငယ်လူရွယ်တွေလည်း အတုခိုးနိုင်မယ်။ အဲဒီလို ရည်ရွယ်ထားပါတယ်” ဟု စာရေးဆရာ ချစ်ဦးညိုက ဆိုသည်။

၎င်းဇာတ်ကားတွင် သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ဝင် ဒါရိုက်တာကြည်ဖြူသျှင်ကလည်း ၎င်းတို့အနေဖြင့် ဇာတ်ညွှန်းကို စဖတ်နေရပြီဖြစ်ကြောင်း၊ သင်္ကြန်အကြိုနေ့ အပြီးပေးရမည်ဖြစ်ကြောင်း၊ သရုပ်ဆောင် တွေကိုလည်း ပထမအဆင့် လျာထားပြီးပြီဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီကို ၂၀၁၁ ဒီဇင်ဘာ ၃ က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ကနဦး တွေ့ဆုံနေစဉ်က ဖွဲ့စည်းခဲ့ပြီး နာယကအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌအဖြစ် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ၊ အတွင်းရေးမှူးအဖြစ် လူရွှင်တော် ဇာဂနာ၊ ရံပုံငွေ ရှာဖွေရေးအဖွဲ့တွင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ ဝေဠုကျော်နှင့် လူမင်း၊ သရုပ်ဆောင်ရွေးချယ်ရေး အဖွဲ့တွင် သရုပ်ဆောင် ဇင်ဝိုင်း၊ ဒါရိုက်တာ ကျော်ဇောလင်းနှင့် ကြည်ဖြူရှင်၊ ဇာတ်ညွှန်းပြုစုရေးအဖွဲ့တွင် ဒါရိုက်တာ မောင်မောင်ဦး (စနိုးဝှိုက်)၊ ကိုလွင် (စနိုးဝှိုက်)၊ သရုပ်ဆောင် ဦးအောင်လွင်၊ ဇာတ်ညွှန်း ငြိမ်းမင်း၊ မောင်ယဉ်အောင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ပြန်ကြားရေးတာဝန်ခံများအဖြစ် ဒါရိုက်တာ ကြည်ဖြူရှင်နှင့် မြစံပယ်ငုံ၊ နိုင်ငံတကာ ဆက်ဆံရေး  အဖွဲ့တွင် မောင်မောင်ဦး (စနိုးဝှိုက်)၊ မင်းထင်ကိုကိုကြီး၊ ဇာဂနာ၊ အရိုင်း၊ မောင်မောင်သာမြင့်၊ အဝေးရောက် အကြံပေး ပုဂ္ဂိုလ် အဖြစ် ဒါရိုက်တာ ဦးဝင်းဖေ တို့က တာဝန်ယူကြရန် သဘောတူခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီရုံးခန်းကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း၊ ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က လည်းကောင်း၊ စာရေးဆရာ မောင်မိုးသူ၊ လူရွှင်တော်ဇာဂနာ၊ ကဗျာဆရာ မောင်စိမ်းနီ၊ ဦးမော်လင်း၊ သရုပ်ဆောင် ဇင်ဝိုင်းနှင့် လူမင်း၊ ဒါရိုက်တာ မောင်မျိုးမင်းနှင့် မင်းထင်ကိုကိုကြီး၊ လူရွှင်တော်အရိုင်း၊ ဒါရိုက်တာ ဝိုင်း၊ စာရေးဆရာ ဇော်သက်ထွေး၊ သရုပ်ဆောင် ဝေဠုကျော်နှင့် ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာ အိအိခိုင်နှင့် ကြည်ဖြူသျှင်တို့က ဘုတ်အဖွဲ့ဝင်များ အဖြစ် လည်းကောင်း တာဝန်ယူကြမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ရုပ်ရှင်ထုတ်လုပ်သူ၊နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ အဖြစ် လည်းကောင်း၊ ဇော်သက်ထွေးက သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ အဖြစ်လည်းကောင်း၊ သရုပ်ဆောင်ဦးညွန့်ဝင်းနှင့် ဦးအောင်လွင်၊ ဒါရိုက်တာကြည်စိုးထွန်း၊ ဒေါ်ဆွေဇင်ထိုက်တို့က သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ဝင်များ အဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးအဖွဲ့တွင် ဒါရိုက်တာ အိအိခိုင်၊ ထွန်းအိန္ဒြာဗိုတို့က တာဝန်ယူကြမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီက ၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading