SFU

ကျေနပ်သည်အထိ တောင်းပန်မှ ကျေအေးနိုင်မည်ဟု အမရာဒ်ငြိမ်းပြော

This article has been converted from Zawgyi One to Unicode

မိုက်ကယ်လန်းစ် အဖွဲ့မှ တေးသံရှင် Jascha Richter နှင့် မြန်မာမော်ဒယ်လ် အမရာဒ်ငြိမ်းတို့ တွဲ၍ ရိုက်ကူးသော ကြော်ငြာနှင့် ပတ်သက်ပြီး ရေးသားခဲ့မှုအပေါ် Myanmar Newsweek ဂျာနယ်မှ ကျေနပ်သည်အထိ တောင်းပန်လျှင် ကျေအေးပေးမည်ဟု အမရာဒ်ငြိမ်းက ဧရာဝတီသို့ ပြောသည်။

တေးသံရှင် Jascha Richter နှင့် မြန်မာ မော်ဒယ်လ် အမရာဒ်ငြိမ်းတို့ ရိုက်ကူးသော ငပလီရှိ Amazing ဟိုတယ် ကြော်ငြာ ဓာတ်ပုံတချို့ကို Myanmar Newsweek ဂျာနယ်က facebook စာမျက်နှာတခုပေါ်မှ ကူးယူကာ ၎င်းဂျာနယ် အတွဲ (၂)၊ အမှတ် (၇၇) တွင် မှားယွင်း ဖော်ပြခဲ့သောကြောင့် မော်ဒယ် အမရာဒ်ငြိမ်းက တရားစွဲမည်ဆိုသည့် သတင်းများ ထွက်ပေါ် နေသဖြင့် ဧရာဝတီမှ ဆက်သွယ် မေးမြန်းခဲ့ရာ အမရာဒ်ငြိမ်းက “သူတို့ဘက်က ကျေနပ်အောင် တောင်းပန်ရင်တော့ တရားမစွဲပါဘူး။ ဒီနေ့ (ဧပြီ ၁၁ ရက်နေ့) ညမှ ကျမ ဆီကိုလာပြီး ညှိနှိုင်းကြမှာပါ။ ကျမဘက်ကတော့ ပထမ သတင်းစာတွေ၊ဂျာနယ်တွေမှာ တောင်းပန်စာ ထည့်ခိုင်းမလို့ပါ။ ဒါပေမယ့် အခုဘယ်မှာမှ မထည့်ပေးဘူး ဆိုရင်တောင် သူတို့ဂျာနယ်မှာ ၅ ပတ်ဆက်တိုက် တောင်းပန်စာကို ကျမ ဖြစ်စေချင်တဲ့ စကားလုံး၊ အရေးအသားနဲ့ ထည့်ပေးရမယ်။ အဲဒီလို တောင်းဆိုဖို့ ဒီနေ့ည ညှိနှိုင်းကြမှာပါ” ဟု ရှင်းပြသည်။

သို့ရာတွင် Myanmar Newsweek ဂျာနယ်မှ အယ်ဒီတာချုပ် ဦးဘုန်းကျော်ကမူ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မော်ဒယ်လ် အမရာဒ်ငြိမ်းနှင့် ကျေလည်သည်အထိ ညှိနှိုင်းပြီးဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီကိစ္စကို ပြေလည်အောင် ညှိနှိုင်းပြီးသွားပါပြီ။ Myanmar Newsweek ဝက်ဘ်ဆိုက်မှာလည်း တောင်းပန်စာ ရေးတင်ပြီးပါပြီ။ ဒီတပတ် ထွက်မယ့် Myanmar Newsweek ဂျာနယ်မှာလည်း တောင်းပန်စာရေးပြီး ဖြန့်မှာပါ” ဟု ၎င်းက ဆိုသည်။

ထိုသို့ ဦးဘုန်းကျော်နှင့် ညှိနှိုင်းပြီးဖြစ်ကြောင်းနှင့် ပတ်သက်၍ မော်ဒယ်လ် အမရာငြိမ်းကို မေးမြန်းရာ သူက တောင်းပန်စာကို မဖတ်ရသေးကြောင်း၊ ကြားလူနှင့် ညှိနှိုင်းနေခြင်းသာ ဖြစ်ကြောင်း ပြောသည်။

မိုက်ကယ်လန်းစ်အဖွဲ့နှင့် အမရာဒ်ငြိမ်းတို့ ကြော်ငြာရိုက်ကူးရေး ခရီးစဉ် မှတ်တမ်းဓာတ်ပုံ

အမရာဒ်ငြိမ်းက “ကျမရဲ့ ဆရာကနေ တဆင့် ညှိနှိုင်းနေကြတုန်းပဲ ရှိပါသေးတယ်။ ကျမ ဖြစ်စေချင်တဲ့ စကားလုံးနဲ့ ၅ ပတ် ဆက်တိုက် မထည့်ပေးရင်တော့ မကျေနပ်နိုင်သေးပါဘူး” ဟု ဆိုသည်။

အမရာဒ်ငြိမ်းသည် သူ၏ facebook ”Emearld Nyein” တွင် သူ၏ အနုပညာလှုပ်ရှားမှုများကို မှတ်တမ်းအဖြစ် တင်လေ့ရှိပြီး  Jascha Richter နှင့်တွဲလျှက် ဓာတ်ပုံကိုလည်း မှတ်တမ်းအဖြစ် သူကိုယ်တိုင် တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Myanmar Newsweek ဂျာနယ်က ကျေနပ်အောင်တောင်းပန်လျှင် ကျေအေးမည်ဆိုသည့် မော်ဒယ်လ် အမရာဒ်ငြိမ်း
Myanmar Newsweek ဂျာနယ်က ကျေနပ်အောင်တောင်းပန်လျှင် ကျေအေးမည်ဆိုသည့် မော်ဒယ်လ် အမရာဒ်ငြိမ်း

“ဖြစ်စဉ်က သူတို့အဖွဲ့က ရိုက်ရက်ကို ၆ ရက်နေ့ တရက်ပဲ ပေးတယ်။ ကျမတို့က ၅ ရက်နေ့မနက် Flight နဲ့ သွားတယ်။ငပလီမှာ ၆ ရက်နေ့ ရိုက်ပါတယ်။ ရိုက်ရိုက်ပြီးချင်းပဲ ကျမက မှတ်တမ်းဓာတ်ပုံလေး ရိုက်ပြီး ကျမ ကိုယ်တိုင် တင်လိုက်တဲ့ ဓာတ်ပုံပါ။ တင်လိုက်တဲ့ ဓာတ်ပုံမှာလည်း ကျမက စာပါရေးထားပါတယ်။ ဒီအတိုင်း လက်လွတ် စပယ် တင်လိုက်တဲ့ ဓာတ်ပုံ မဟုတ်ဘူး။ Amazing Hotel Commercial ရိုက်နေပါတယ်၊ မိုက်ကယ်လန်းစ်နဲ့ ရိုက်နေပါတယ်။ သူနဲ့ အလုပ်အတူတူ လုပ်ရလို့၊ တွဲရိုက်ခွင့် ရတဲ့အတွက် ဂုဏ်ယူပါတယ်ပေါ့နော်။ ကျမ အဲဒီလို ရေးပြီး တင်လိုက်တာပါ။ ဒါပေမယ့် အဲဒီ တပုံတည်း တင်တာလည်း မဟုတ်ဘူး။ တခြား Shooting ဓာတ်ပုံတွေ၊ တခြားလူတွေ အများကြီးပါတဲ့ ပုံတွေလည်း ကျမ တင်ပါတယ်။ အဲ့ဒါကို facebook Page တခုကနေ ပုံတပုံတည်းကို ယူပြီး ဒီမော်ဒယ်လ်က ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုပြီး တင်လိုက်တာ ပေါ့နော်။ အဲ့ဒီ Page က သတင်းကို Myanmar Newsweek ဂျာနယ်က ယူပြီး ရေးလိုက်တာပါ” ဟု အမရာဒ်ငြိမ်းက ပြောသည်။

၎င်းကြော်ငြာ ရိုက်ကူးရေးတွင် အမရာဒ်ငြိမ်း၏ မိခင်နှင့် ညီမငယ်တို့ အဖော်အဖြစ် လိုက်ပါခဲ့ပြီး ဓာတ်ပုံဆရာ မိုးမင်း (Rays) က ရိုက်ကူး ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမရာဒ်ငြိမ်းသည် ၂၀၁၂ ဇွန်တွင် ဂျွန်လွင်ထံ၌ မော်ဒယ်လ် သင်တန်းတက်ခဲ့ပြီး ၂၀၁၂ နိုဝင်ဘာတွင် Idea မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ကူးခဲ့ကြောင်း၊ လက်ရှိ လှုပ်ရှားမှုအနေဖြင့် မဂ္ဂဇင်း၊ ဂျာနယ်များအတွက် အလှဓာတ်ပုံ ရိုက်ကူးပေးနေကြောင်း၊ ပညာရေး အနေဖြင့် B.A English ဘွဲ့ရထားပြီး ဖြစ်ကြောင်း အမရာဒ်ငြိမ်းက ပြောသည်။

Loading