မာန်ထက်ချီရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးပိုင်ရှင်ဦးဝင်းကိုကမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးဇင်ဝိုင်းအား အမှု ၃ မှုဖြင့် တရားစွဲဆိုသည်ကို ဗဟန်း တရားရုံးက လက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဦးဝင်းကိုက ဦးဇင်ဝိုင်းအား ပုဒ်မ၅၀၀ ဂုဏ်သိက္ခာ ကျဆင်းမှု၊ပုဒ်မ ၅၀၁ ဂုဏ်သိက္ခာ ကျဆင်းစေရန် စာရွက်စာတမ်းဖြန့်မှု၊တရားမကြောင်းဖြင့် ကျပ် သိန်း ၉၀၀ ရလိုမှုစသည့် အမှု၃ ခုဖြင့်တရားစွဲအမှုဖွင့်ထားရာမတ်လ၂၉ ရက်နေ့ကကျောက်တံတား မြို့နယ်တရားရုံးမှတဆင့်ဗဟန်းမြို့နယ်တရားရုံးသို့ ပြောင်းရွှေ့လိုက်ပြီး ဧပြီ ၃ ရက်နေ့တွင် ဗဟန်းတရားရုံးက လက်ခံလိုက်ကြောင်း ဦးဝင်းကိုက ပြောသည်။
“မတ်လ ၂၉ရက်နေ့က ကျောက်တံတားတရားရုံးမှာ အမှုမစစ်ဖြစ်ဘူး၊အမှုဖြစ်တာက ဗဟန်းအပိုင်ထဲမှာမို့လို့ ဗဟန်း တရားရုံးကို လွှဲလိုက်တယ်၊ ဧပြီ ၃ ရက်နေ့က ပြစ်မှုကြီးပုဒ်မ ၁၇၂/ ၂၀၁၃ နဲ့ ဗဟန်းတရားရုံးက လက်ခံလိုက်တယ်။သင်္ကြန်မတိုင်ခင် ရုံးချိန်းပြန်ခေါ်မယ်’’ ဟု သူက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗဟန်းတရားရုံးမှ တာဝန်ရှိသူတဦးက ဦးဝင်းကို အနေဖြင့်ပုဒ်မ၅၀၀ ဖြင့်ဦးတိုက်စွဲခဲ့၍တရားရုံးကို ပုဒ်မ ၁၇၂/ ၂၀၁၃ ဝင်စာနှင့် လျှောက်ထားခဲ့ကြောင်း၊ကျောက်တံတား တရားရုံးတွင်ပုဒ်မ၅၀၀ ဖြင့်စွဲခဲ့ သော်လည်းဗဟန်း တရားရုံးတွင် မည်သည့် ပုဒ်မဖြင့် စွဲရမည်ကို အမိန့်မချသေးကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးဝင်းကို၏ရှယ်ယာ၆၀ရာခိုင်နှုန်း ပါဝင်သောတာမွေဈေးအနီးရှိဓနအိမ် လက်ဖက်ရည်ဆိုင် ရှေ့တွင် ဦးဝင်းကို ဇနီးဘက်မှဆွေမျိုးများက ဗီဒီယိုအခွေများ ရောင်းချနေသဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အရေးယူခဲ့ခြင်း၊၎င်း လက်ဖက်ရည်ဆိုင် တွင် အများပြည်သူပြသ တီဗီလိုင်စင် မဆောင်ဘဲ ပြသခြင်းတို့ကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ခေါ်ယူသတိပေးခြင်း၊ ယင်း ကိစ္စနှစ်ရပ်နှင့် ပတ်သက်ပြီး ဦးဝင်းကိုအား ဦးဇင်ဝိုင်းမှ ဂုဏ်သိက္ခာကျဆင်းစေရန် ပြုလုပ်ပြောဆိုခဲ့ခြင်း၊ ၂၀၀၈ ခုနှစ် မေလဆန်းက တိုက်ခတ်သွားသည့်နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသူများရန်ပုံငွေအတွက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရိုက်ကူး ရောင်းချခဲ့သော ဇာတ်ကား ၆ ကား ပြသပြီး ရရှိငွေထဲမှ ကျပ်သိန်း ၁၂၀၀ ကို ဦးဝင်းကိုက သုံးစွဲထားသည်ဟု စွပ်စွဲခဲ့မှု တို့ဖြင့် ဦးဝင်းကိုဘက်မှ ဦးတိုက်လျှောက်ထား တရားစွဲဆိုခြင်းဖြစ်ကြောင်း ဦးဝင်းကိုထံမှ သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီးဦးဇင်ဝိုင်းက “အဲဒါက သူတို့ကိုမေးရင် ပိုကောင်းမယ် ထင်ပါတယ်။ရုပ်ရှင်အစည်းအရုံး နာယကတွေကဒီကိစ္စနဲ့ ပတ်သက်ပြီးထပ်ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်တာ၊သတင်းထုတ်ပြန်တာ ဘာမှ လုပ်တော့မှာ မဟုတ်ဘူး၊ သူတို့က စလိုက် ကျနော်တို့က ရှင်းလိုက်နဲ့ သူတို့ စိတ်တိုင်းကျ ဖြစ်နေမှာစိုးလို့ပါ” ဟု ပြောသည်။
ဦးဝင်းကို၏ရှယ်ယာ၆၀ရာခိုင်နှုန်း ပါဝင်သောတာမွေမြို့နယ်တာမွေဈေးအနီးရှိဓနအိမ် လက်ဖက်ရည်ဆိုင် ရှေ့တွင် ဦးဝင်းကို၏ ဇနီးဘက်မှဆွေမျိုးများက ခိုးကူးခွေများ ရောင်းချသဖြင့်မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်ပြီးဦးဝင်းကိုက “ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ရန်ပုံငွေအတွက်ဓနအိမ်လက်ဖက်ရည်ဆိုင် ဖွင့်ခဲ့တယ်။ရှယ်ယာသာ များတာ၆ လ တခါ မရောက်ခဲ့ဘူး။အဲဒီရှေ့မှာကျနော့်ဇနီးဘက်ကကလေးတွေကကိုရီးယား ဇာတ်ကားတွေ ရောင်းတယ်၊အဲဒါကို ဖမ်းတယ်၊ ဖမ်းတော့လည်း အပြစ်ရှိလို့ ဖမ်းတာ သူ့အပြစ်သူခံပေါ့။ စိတ်လည်းမဝင်စားဘူး။ဒါပေမယ့် ဦးဇင်ဝိုင်းရယ်၊ဦးအောင်လွင်ရယ်၊နောက်တယောက်ရယ်က ရုပ်ရှင်အစည်းအရုံးမှာ ခေါ်ပြီးစစ်ဆေးတဲ့ ပုံစံနဲ့ မေးလာတယ်” ဟု ရှင်းပြသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဦးဇင်ဝိုင်းကသရုပ်ဆောင်များ၊ ဒါရိုက်တာများကိုအစည်းအဝေးခေါ်ယူ ခဲ့ကြောင်း၊ဦးဝင်းကို၏ ဆွေမျိုးများသည် မြန်မာဇာတ်ကားခွေ၊ညစ်ညမ်းခွေများကို ဦးဝင်းကို ပိုင်သော ဆိုင်ရှေ့တွင် ရောင်းချခဲ့သည်ဟူ၍အစည်းအဝေးတွင် ပြောခဲ့ကြောင်း ဦးဝင်းကိုက ဆိုသည်။
ဦးဇင်ဝိုင်းက “ကျနော်တို့ နိုင်ငံမှာ လူတွေအားလုံးကအကူးအပြောင်းကို လိုချင်တယ်သာပြောတယ်၊အခုလို အမူအကျင့်တွေ၊စိတ်ထားတွေ မပြောင်းကြသေးပါဘူး။ ဒီပြဿနာတွေဟာ ရှိနေပါသေးတယ်။အများက လေးစားတဲ့လူတောင် ဆန့်ကျင် ခံရသေးတာပဲ၊ဗိုလ်ချုပ်အောင်ဆန်းလိုလူတောင်အသတ်ခံခဲ့ရသေးတာပဲ၊သမ္မတ ဦးသိန်းစိန်တောင်ဆန့်ကျင်ခံခဲ့ရတာပဲ၊ကျနော့်လို ပါမွှားတယောက်ကတရားစွဲခံရတာအကြောင်းမဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
လက်ဖက်ရည်ဆိုင် ပြသခွင့် လိုင်စင်နှင့် ပတ်သက်ပြီးဦးဝင်းကိုက လက်ဖက်ရည်ဆိုင်ပြသ ဆိုသည်မှာလာသောက်များရှေ့၊အများထိုင်သည့် ရှေ့တွင်ဘောလုံးပွဲနှင့်ဇာတ်လမ်းများပြခြင်းကိုဆိုလိုကြောင်း၊ ဓနအိမ် လက်ဖက်ရည်ဆိုင် အနောက်ဘက် တွင်ညနေ၆ နာရီ ဆိုင်ပိတ်ပြီးနောက်စားပွဲထိုးများအပြင်ထွက် မလည်စေရန် ရုပ်ရှင်ကား၁ ကား၊၂ ကားပြပေးခြင်း ဖြစ်ကြောင်း၊မြန်မာ့ အသံ စသည့် ရုပ်သံများ မထားရှိဘဲအောက်စက်ဖြင့်သာ ပြသခြင်း ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ပြန်ကြားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဗီဒီယိုဆင်ဆာကြီးကြပ်ရေးကော်မတီမှဦးသန်းနိုင်ကို မေးမြန်းခဲ့ပြီးဖြစ်ကြောင်း၊ဦးသန်းနိုင်က လူထုကိုမပြသသဖြင့်ပြသလိုင်စင် လုပ်စရာမလိုဟု ပြောခဲ့ကြောင်း၊နောက်ပိုင်းတွင်ဦးဝင်းကို နာမည်မဟုတ်ဘဲကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး နာမည်ဖြင့်ပြသလိုင်စင် ရှိနေပြီး လိုင်စင်တနှစ် ဆောင်ထား သည်ကို သိရကြောင်း၊ယင်းလိုင်စင် ဆောင်ထားသည့် ကိစ္စကိုလည်း ဦးဝင်းကို မသိခဲ့ကြောင်း၊ထိုကိစ္စ သိရှိပြီးပြီးချင်းဦးဇင်ဝိုင်းထံဆက်သွယ်ခဲ့ကာလိုင်စင်ရှိနေကြောင်းကို ပြန်လည် အသိပေးခဲ့ကြောင်း၊လိုင်စင်တွင် ရေးထိုးထားသည်မှာ ဦးဝင်းကို၏ လက်မှတ် မဟုတ်ကြောင်း ဦးဝင်းကိုက ဆက်ပြောသည်။
နာဂစ်မုန်တိုင်းဒဏ် ခံရသူများရန်ပုံငွေအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှယောရောရှိ၊ပဉ္စသီလံ၊ကောလာဟလ၊မီးများမီးနိုင်၊ရိုက်ကွင်းဘုရင်၊မိုက်မိုက်မဲမဲမုန်းစသော ဇာတ်ကား ၆ ကားရိုက်ကူးခဲ့ရာ ဦးဝင်းကို၏ သားဖြစ်သူ သရုပ်ဆောင် ဟိန်းဝေယံက ဇာတ်ကား ၂ ကားတွင် ပါဝင်ခဲ့ကြောင်း၊ ထိုဇာတ်ကားများ လေလံတင် ရောင်းချရာတွင်ကြောင်ကမ္ဘာ ဗီဒီယို ထုတ်လုပ်ရေးမှဇာတ်ကားတကား၊ဌေးမြန်မာမှ ဇာတ်ကား ၅ ကားအား စုစုပေါင်းကျပ်သိန်း ၁၂၈၀ ဖြင့်ဈေးပြိုင် လေလံ အောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ၂၀၀၈ အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပြန်သော စာအရ သိရသည်။
၎င်း ငွေများထဲမှ ငွေကျပ်သိန်း ၁၂၀၀ ကို ဦးဝင်းကိုက သုံးစွဲထားသည် ဟူသည့် စွပ်စွဲမှုကို မကျေနပ်၍ ဦးဝင်းကိုက ပြန်လည် တရားစွဲခြင်း ဖြစ်ကြောင်း ဦးဝင်းကိုက ပြောသည်။
မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင်ဦးဝင်းကိုသည်ပြန်ကြားရေးဝန်ကြီးအဖြစ်ဦးကျော်ဆန်း တာဝန်ယူခဲ့စဉ်ကမြန်မာနိုင်ငံ ဗီဒီယိုအခြေခံ အဖွဲ့၏ အတွင်းရေးမှူး အနေဖြင့်လည်းကောင်း၊ယခုပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်တာဝန်ယူနေစဉ် ကာလတွင်တွဲဘက် အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ယူခဲ့ကြောင်း သိရသည်။
ဦးဝင်းကိုသည် မိမိရှယ်ယာပါ လက်ဖက်ရည်ဆိုင် ရှေ့တွင် ၎င်း၏ တူမဖြစ်သူ ရောင်းချနေသော ဗီဒီယို ဆင်ဆာမဲ့ အခွေများ ဖမ်းဆီးရမှုနှင့် ဆက်နွှယ်၍ ရုပ်ရှင်အစည်းအရုံး ဗဟိုဦးစီးအဖွဲ့၏ ဝန်ခံကတိ ရေးထိုးရန် သတ်မှတ်မှုအား ငြင်းဆန်၍ ၂၀၁၂ သြဂုတ်လ ၁၆ ရက်နေ့တွင် ဗီဒီယိုအခြေခံ အဖွဲ့ဗဟို၏ တွဲဘက် အတွင်းရေးမှူး အဖြစ်မှ နှုတ်ထွက်လျှောက်လွှာ တင်သွားခဲ့သူ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ၂၀၁၂ အောက်တိုဘာ ၂၇ ရက်နေ့တွင် စာထုတ်ပြန်ခဲ့သည်။
ဦးဝင်းကိုသည် မာန်ထက်ချီ ရုပ်ရှင်နှင့် ဗီဒီယိုဖြန့်ချိရေး၊ Wiraza သွင်းကုန် ထုတ်ကုန် ကုမ္ပဏီ၊ ပြည့်ဖြိုးအောင် ဆောက်လုပ်ရေး၊ ရေသူမ အလှကုန် တို့၏ ပိုင်ရှင်ဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဓိက သရုပ်ဆောင်အလွှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလျှက် ရှိပြီး နှစ်ပေါင်း ၃၀ ကျော် အနုပညာ အလုပ်များ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။