SFU

အေသင်ချိုဆွေ စင်ပေါ်မတက်လို့ တောင်ငူပွဲပျက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တောင်ငူမှာ အေသင်ချိုဆွေ သီချင်းမဆိုလို့ နန်းဆုရတီစိုး ခုံတွေခဲတွေနဲ့ အပေါက် ခံလိုက်ရတယ်ဆိုတဲ့သတင်းကို အဲဒီပွဲ သွားတီးတဲ့ ဂီတသမား တယောက်ဆီက သိရပါတယ်။

ပွဲကို ဧပြီလဆန်းလောက်က တောင်ငူမှာ ၂ ရက် ကျင်းပမယ်၊ လက်မှတ်ရောင်းတဲ့ ပွဲဖြစ်လို့ အဆိုတော် နာမည်တွေကလည်း ကြေညာပြီးသားလို့ ဆိုပါတယ်၊ ဒါပေမယ့် ပထမရက်မှာ အေသင်ချိုဆွေမလာဘဲ နန်းဆုရတီစိုးက သီချင်းဆိုခဲ့ချိန်မှာ အေသင်ချိုဆွေ စင်ပေါ်တက်မလာရ ကောင်းလားဆိုပြီး စင်အောက်က ပရိသတ်ဆီက ခုံပျံတွေ၊ ခဲပျံတွေ စင်ပေါ် ဝဲပျံလာလို့ ပွဲပျက်ပြီး အနုပညာသမားတွေလည်း တရက်နဲ့ ပြန်လာခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ပြန်လာရတာတောင် ကောင်းကောင်း မဟုတ်ပါဘူး။ ရရာကားနဲ့ ကြားခုံတွေကနေ စီးခိုင်းပြီး ပြန်လွှတ်လိုက်တာပါ။အနုပညာရှင်တွေက အလယ်ခုံကနေတော့ ထိုင်လိုက်သွားဖို့ ခက်တယ်၊ ဒါကြောင့် နောက်နေ့မှ ပြန်လို့မရဘူးလား ဆိုတော့ ရတယ်၊ ဒါပေမယ့် ဟိုတယ်က ၁၂ နာရီဆို Check Out လုပ်ရမယ်၊ ဒါကြောင့် ကြိုက်တဲ့နေရာ သွားနေလို့ ပြောလွှတ်တယ်လို့ အဲဒီပွဲမှာ ပါသွားသူတွေက ပြောကြပါတယ်။

ပွဲစီစဉ်သူတွေရဲ့ ဘုရားပြီး ငြမ်းဖျက်တဲ့ ထုံးစံတွေလို့ အနုပညာရှင်တွေက ဝေဖန်နေကြတာပါ။

အဲဒီပွဲမှာ တူးတူး၊ ဖြိုးကြီး၊ ဂျီလတ်၊ သဇင်၊ နန်းဆုရတီစိုး၊ သဇင်တို့က လိဒ် ဝါဒီယာ အောင်အောင်၊ ဘေ့စ် ခင်မောင်လေး၊ ကီးဘုတ် ကိုမောင်မောင်၊ ဒရမ် ရဲလင်း တို့ရဲ့ တီးခတ်မှုတွေနဲ့ ပထမတရက်မှာ ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။

ပြဿနာက အေသင်ချိုဆွေမလာလို့ ဖြစ်ရတာ ဆိုတဲ့ သတင်းတွေ ထွက်လာတာပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အေသင်ချိုဆွေရဲ့ မိခင်က “ပွဲကို လာမယ်ပြောပြီးမှ ဖျက်တာမဟုတ်ဘူး။ထီလာခင်လှိုင်က ပွဲလာ ငှားကတည်းက သူတို့ကို ပထမရက်တော့ မအားဘူး ပြောခဲ့တယ်။ သူတို့က ပထမ မငှားတော့ဘူး လို့တောင်ဖြစ်ပြီးမှ ပြန် ဆက်သွယ်လာတယ်။ ဒုတိယရက်အတွက် ၁၀ သိန်းနဲ့ လက်ခံခဲ့တယ်။ စရန် ၅ သိန်း လာပေးတယ်။ အန်တီက မုန့်ဖိုးတောင်
၅ သောင်း ပြန်ပေးလိုက်သေးတယ်။ ဒါပေမယ့် ဆိုရမယ့်ရက် မတိုင်ခင် ဖုန်းဆက်လာတယ်။ ပွဲပျက်သွားပြီ၊ မလာနဲ့တော့တဲ့။

သူတို့က အခြေအနေ မငြိမ်သက်လို့ လို့ပဲပြောတာလေ။ အေသင်က ပွဲကို လက်ခံပြီးရင် ဘယ်တော့မှ မဖျက်ဘူး။ အန်တီ ကိုယ်တိုင် စီစဉ်နေတာ။ အခုလို အဖြစ်မျိုးလည်း မသိပါဘူး” လို့ ဧရာဝတီကို ပြောလာပါတယ်။

ပွဲပျက်သွားလို့ စရန် ပြန်တောင်းတယ် ဆိုတဲ့အကြောင်း၊ သူတို့ စပြောတုန်းက အသွားအပြန်ခရီးနဲ့ တည်းခိုမှုကို အားလုံး သေသေချာချာ စီစဉ်ပေးပါမယ် ဆိုပြီး အခုမှ ပြီးစလွယ် လုပ်တဲ့အကြောင်း ပြောရင်း သူက “တော်သေးတယ်၊ မသွားလိုက်တာ” လို့ ဆက်ပြောပါတယ်။

နန်းဆုရတီစိုးကတော့ ဖုန်းအဝင် လက်မခံလို့ သူ့ဘက်က အခြေအနေကို မေးခွင့်မရပါဘူး။

ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျီလတ်က “ကျနော်က အဲဒီနေ့က ဆိုပြီးတာနဲ့ တည်းခိုတဲ့နေရာ ပြန်ခဲ့တယ်။ ကျနော့် အလှည့်မှာတော့ ခဲနဲ့ ပေါက်တာမျိုး ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူး။ နောက်တနေ့ မနက် ၁၀ နာရီလောက်မှာမှ ပွဲပျက်ပြီ၊ ညက ပြဿနာ တက်တယ်ဆိုတာ သိရတယ်။ တခြားသူတွေတော့ ပြန်ဖို့ ကားပြဿနာ ကြုံကြရတယ်။ ကျနော်ကတော့ အခြေအနေကို ခန့်မှန်းမိတာနဲ့ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း သူငယ်ချင်းဖြိုးကြီး ကားနဲ့ပဲ ပြန်သွားလိုက်တယ်” လို့ ဆိုပါတယ်။

ပွဲစီစဉ်သူတွေက တောင်ငူမြို့ခံတွေပဲ ဖြစ်ပြီး ပထမ Free ရှိုးလိုလို ပြောပြီး နောက်မှ လက်မှတ်ပွဲ ဖြစ်နေတာကို သိလိုက်ရတာလို့လည်း ဂျီလတ်က ဆက်ပြောပါတယ်။ ဒါ့အပြင် ပထမရက်မှာ ဘယ်သူ၊ ဒုတိယရက်မှာ ဘယ်သူဆိုပြီး ကြော်ငြာ ရမယ့်အစား အနုပညာရှင် နာမည်တွေကို ပေါင်းကြေညာလိုက်တော့ ဒီလို ပြဿနာတွေ တက်ရတာလို့ သိရတယ်။လက်မှတ် ရောင်းကောင်းအောင် လုပ်တဲ့သဘောပါပဲလို့ ဂျီလတ်က ဆက်ပြောပါတယ်။

ပွဲစီစဉ်သူတွေရဲ့ ဝါးပြီး ထွေးထုတ်တတ်တဲ့ အကျင့်လို့ အနုပညာရှင်တွေက ပြောဆိုနေကြပါတယ်။

အနုပညာရှင်တွေ ဘက်ကတော့ ပွဲရှိတယ်၊ ငှားတယ်။ ငှားတော့လည်း ဆိုကြမယ် ဆိုပြီး ပွဲကို လက်ခံလိုက်တာပဲပေါ့။ ပွဲဆိုပြီးမှ ပိုက်ဆံ အကျေ မပေးတဲ့လူတွေ၊ ပွဲက လူမဝင်လို့ပါ ဆိုပြီး ပြောထားတဲ့ အနုပညာကြေး မပေးဘဲ ဈေးလျော့ပေးတဲ့ ပွဲကန်ထရိုက်တွေ အများသားပါပဲ၊ အခုပွဲမှာတော့ ပရိတ်သတ်ကို ညာတာက ပွဲကန်ထရိုက်၊ ခံလိုက်ရတာက အနုပညာရှင်တွေ လို့ပဲ ပြောရတော့မလို ဖြစ်နေပါပြီ။

Did you find apk for android? You can find new Free Android Games and apps.
Loading