ဘိုဘို အန်တာတိန်းမန့် မှ ဦးစီးပြီး ဟစ်ဟော့ပ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ စနဲ (Snare) ၊ လွှမ်းပိုင်တို့ ၄ ဦး၏ ဟစ်ပ်ဟေ့ာပ် စင်တင်ပွဲကို မေ ၂၇ တွင် ရန်ကုန် မျှော်စင်ကျွန်း၌ ညနေ ၆ နာရီတွင် ဖျော်ဖြေမည်ဟု ဘိုဘို အန်တာတိန်းမန့် မန်နေဂျာ ဦးချစ်က ပြောသည်။
၎င်းပွဲတွင် စီဒီများ၊ ဒီဂျေများ အပြင် တေးဂီတ အဖွဲ့ဖြင့်လည်း တီးခတ်ဖျော်ဖြေမည် ဖြစ်ပြီး လက်မှတ်တစောင် ၆၅၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ လက်မှတ်များကို မေလ ၁၅ ရက်နေ့တွင် စတင် ရောင်းချမည်ဖြစ်ကြောင်း ၊ ပွဲများကို အဆက်မပြတ် တင်ဆက်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ၎င်းပွဲသည် ဘိုဘိုအင်တာတိန်းမန့် အတွက် သင်္ကြန် အပြီးတွင် ပထမဆုံး ပြန်လည် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
၎င်းပွဲတွင် ဖျော်ဖြေမည့် တေးသံရှင် စနဲ က “သီချင်း ၁၀ ပုဒ်လောက် ဆိုဖို့ ရှိပါတယ်။ ဘိုဘိုနဲ့ ဖျော်ဖြေတာ ၂၀၁၀ တုန်း ကတည်းကနေ အခုဆိုရင် ပွဲ ၃၀ ကျော်ပါပြီ။ ပုံမှန်လုပ်နေတဲ့ အန်တာတိန်းမန့် တခုအနေနဲ့ ဘိုဘိုက အဆင်ပြေပါတယ်။ စင်ဒီဇိုင်း၊ စပီကာတွေက အစ ပြောင်းလဲအောင် လုပ်ပေးနေတဲ့ အတွက် ကောင်းပါတယ်။ ဘယ်နိုင်ငံ ကပဲ လာကြည့်ကြည့် တိုးတက်နေအောင် ကြိုးစားထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တေးသံရှင် စနဲသည် ၂၀၀၀ ပြည့်နှစ်ကစ၍ ဟစ်ပ်ဟော့ပ် လောကသို့ ဝင်ရောက်ခဲ့ပြီး ပရိသတ်ကို တေးသီချင်း ၃၀ ကျော် ချပြခဲ့ပြီး ဖြစ်ကြောင်း၊ ကိုယ်ပိုင်သီချင်း ၁၀၀ ကျော် ပိုင်ဆိုင်ကြောင်း၊ ၂၀၁၀ က Rap Game တေးစီးရီး၊ ၂၀၁၃ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဘကြီးဖြိုးနဲ့ ဦးနေဝင်း စီးရီးများ ထွက်ခဲ့ကြောင်း လက်ရှိတွင် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဆီးဂိမ်း အတွက် သီချင်းရေးနေကြောင်း သိရသည်။
တေးသံရှင် လွှမ်းပိုင်က “သီချင်း ၁၂ ပုဒ်လောက် ဆိုမှာပါ။ ပထမပိုင်း ၆ ပုဒ်ကို ဒီဂျေနဲ့ နောက် ၆ ပုဒ်ကို Band နဲ့ ဆိုဖို့ များတယ်။ အသေးစိတ်ကို ဘိုဘိုအန်တာတိန်းမန့်က ကိုဘိုဆန်းနဲ့ တိုင်ပင်နေပါတယ်။ ဘိုဘိုနဲ့ဆိုတာ အခုဆိုရင် ပွဲ ၄၀ လောက် ရှိတော့မယ်။ နောက်ပိုင်း ပါဖောမန့်တွေကို ပိုအသားပေး လုပ်ဖို့ ရှိတယ်။ ပရိသတ်လည်း ကြည့်ရတာ ပိုတန်မယ်၊ ဖျော်ဖြေမှု အရသာ ပိုခံစားရအောင် လုပ်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
လွှမ်းပိုင်က Bobby Soxer နှင့် အတူ သီဆိုထားသော ဒုံးပျံ ဗီစီဒီကို ၂၀၁၃ ဇွန်တွင် ဖြန့်ချိမည် ဖြစ်ပြီး တကိုယ်တော် စီးရီးကို ၂၀၁၃ နှစ်ကုန်တွင် ဖြန့်မည်ဖြစ်ကြောင်း၊ ဆုချစ်ဇော် အတွက် အီလက်ထရီု စတိုင်လ် ဆီးဂိမ်း သီချင်း ရေးပေးနေကြောင်း သိရသည်။