ရွှေစက်တော် ဘုရားပွဲတော်ကို ကျနော်ရောက်ခဲ့သည်။ ရွှေစက်တော် ဘုရားပွဲတော်အကြောင်း ခရီးသွား ဆောင်းပါးတပုဒ် ရေးရန် စိတ်ကူးခဲ့သည်။ ထို့ကြောင့် ရွှေစက်တော်ဘုရား သမိုင်းစာအုပ်တအုပ်ကိုလည်း ခရီးသွားဟန်လွဲ ဝယ်ဖြစ်သွားသည်။
ကျနော်တို့နိုင်ငံက ဘုရားသမိုင်း အတော်များများမှာ ခေတ်မီသမိုင်းဆိုင်ရာအမြင် တော်တော်လေး နည်းပါးသည်။ ယင်းစာအုပ်ထဲတွင် ပါးစပ်သမိုင်းများကို ဒဏ္ဍာရီဆန်ဆန် ရေးထားသည်များ တွေ့ရသည်။ ရေးထားသည့် သမိုင်းအချက်အလက်များမှာ လက်ခံချင်စရာကောင်းသော်ငြားလည်း ဖော်ပြရေးသားချက်များက ယုတ္တိအင်မတန် ချည့်နဲ့လွန်းနေသည်။
ကျနော့်အထင် သမိုင်းကို အတိတ်တဘောင်တွေ၊ ရုပ်လွန် စိတ္တဇပုံပြင်တွေဖြင့် ပေါင်းယှက်ပြခြင်းဖြင့် ယင်းသမိုင်းကို လူတွေ လေးစားလက်ခံလာအောင် ရေးခြင်းသည် ရည်ရွယ်ချက်ကို ပိုပြီး ထိခိုက်နိုင်သည်ဟု မြင်သည်။ ထိုသို့ရေးခြင်းဖြင့် နဂိုရှိရင်းစွဲ သမိုင်းအချက်အလက် အမှန်များသည်ပင် ရေစီးကမ်းပြိုလိုက်ကာ ခိုင်မာမှု အားလျှော့သွားစေနိုင်သည်။ ထို့ကြောင့် ရွှေစက်တော် ဘုရားပွဲတော်သမိုင်းကို ဆောင်းပါးထဲတွင် ထည့်ရေးသည့်အခါ ခိုင်မာသည့် သမိုင်းအချက်အလက်ဟု ထင်ရသည့်အချက် တချက်မျှကိုသာ ဖော်ပြလိုက်ရ၏။ သည့်နောက်တော့ သမိုင်းစာအုပ်ကောင်းကောင်း တအုပ်လောက်ဖတ်ရလျင် ကောင်းမည်ဟု တောင့်တမိခဲ့သည်။
မနေ့တနေ့ကမူ သမိုင်းစာအုပ်တအုပ်ကို ဖတ်ဖြစ်သွားပြန်သည်။ “သန့်မြင့်ဦး” ရေးသားပြုစုသည့် “ခြေရာပျောက်မြစ်” စာအုပ်ဖြစ်သည်။ မျှော်လင့်မထားသည့်အပြင် သမိုင်းစာအုပ်ကောင်းကောင်း ဖတ်ချင်နေသည့်စိတ်ကို ဖြည့်ဆည်းရာလည်း ရောက်သဖြင့် ကျနော် ကံကောင်းသည်ဟုပင် ဆိုရပါမည်။
ဆရာသန့်မြင့်ဦးက ခြေရာပျောက်စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးခဲ့ခြင်းဖြစ်သည်။ ဆရာသန့်မြင့်ဦးသည် မြန်မာ့သမိုင်းစာအုပ် သုံးလေးအုပ်မျှကို အင်္ဂလိပ်ဘာသာဖြင့်ပင် ရေးခဲ့ပြီးသူလည်း ဖြစ်သည်။ ကျနော်က “မြနှင်းဆီ” ဘာသာပြန်ထားသည့် စာအုပ်ကို ဖတ်ရခြင်းဖြစ်သည်။
ဘာသာပြန် မချောမွေ့မှုတော့ တော်တော်လေးကို တွေ့ရသည်။ ကျနော် ဆိုလိုသည်မှာ ဘာသာပြန် အကျအပေါက် အမှားအယွင်းကို မဆိုလိုပါ (မူရင်းစာအုပ်ကို ကျနော် မဖတ်ဘူးပါ)။ မြန်မာဘာသာ မချောမွေ့မှုကို ဆိုလိုခြင်းဖြစ်သည်။ အထူးသဖြင့် ဝါကျ အထားအသိုများ စကားလုံး ရွေးချယ်မှုများမှာ တော်တော်လေးညံ့သည်။ တချို့စာပိုဒ်များဆိုလျင် နှစ်ကြိမ် သုံးကြိမ် ပြန်ဖတ်ရလောက်အောင် အဓိပ္ပာယ်ရှုပ်ထွေးနေသည်။
စာမျက်နှာ ၆၂ “ချီတုံချတုံ မြန်မာနိုင်ငံ” ခေါင်းစဉ်ခွဲဖြင့်ရေးသည့် အခန်း နောက်ဆုံးစာပုဒ် တမျက်နာနီးပါးရှိသည့် စာပုဒ်မှာ ကျနော့်အဖို့ စိတ်ကိုလျှော့ပြီးမှ ဖတ်ခဲ့ရသည့်စာပိုဒ် ဖြစ်နေသည်။ ထိုစာပိုဒ်ထဲမှ စာကြောင်းတကြောင်းကို ကျနော် ပြောပါမည်။ “အာဏာရှင် အစိုးရကာလနှင့့် ဒီမိုကရေစီ မျှော်လင့်ချက်တို့ကို လွန်ခဲ့သည့် ၁၀ နှစ်မှ အနှစ် ၂၀ အတွင်း ထိပ်ပိတ်နှစ်ဖက် ကြားတွင် တွေ့ရသည်” ဟူသော စာကြောင်းနှင့် “ပထမကမ္ဘာစစ် အကြိုကာလက ဂျာမန်အင်ပါယာ၏ အရွယ်အစားနှင့် လူဦးရေရှိသော မြန်မာနိုင်ငံကို ရှုထောင့်တခုတည်းသာ မြင်သည့် မျက်တွင်းမှန်ဖြင့် ကြည့်ခဲ့ပြီးနောက်မှ ကြိုတင်ဟောကိန်းများအတိုင်း မဖြည့်ဆည်းနိုင်မှုကို လည်းကောင်း အံ့အားသင့်ကြသည်” ဟူသော စာကြောင်းမျိုးများမှာ စာကို ဆက်မဖတ်ချင်လောက်အောင် အဓိပ္ပာယ် ခက်ခဲရှုပ်ထွေးစေသည့် စာကြောင်းများ ဖြစ်နေသည်။ သို့သော် သမိုင်းစာအုပ်များ မထွက်ရှိသလောက် ရှားပါးနေချိန်ဖြစ်သည်မို့ ဘာသာပြန်မချောမွေ့သည့် အဟန့်အတားကို ကျနော် လျစ်လျူရှုပြီး ဆက်ဖတ်ခဲ့ရတော့သည်။
ဆရာသန့်မြင့်ဦးက သူ့စာအုပ်တွင် ခေတ်တခုချင်းအလိုက် အချိန်ကာလ အစဉ်အတိုင်း သမိုင်းကို အပြားလိုက် ချရေးခြင်းမျိုးတော့ မရေးပါ။ ခေတ်တခေတ်တည်းကို ဇောင်းပေးရေးသည့် သမိုင်းစာအုပ်လည်း မဟုတ်ပါ။ ဥပမာ ၁၈၈၅ ခု မြန်မာနိုင်ငံအခြေအနေမှ အစပျိုးပြီးနောက် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကာလသို့ နောက်ပြန်ဆုတ်ကာ ဗုဒ္ဓဝါဒ တောင်အာရှသို့ ရောက်ရှိလာခြင်းနှင့်နွယ်ပြီး ပုဂံခေတ်ဦးပိုင်းအထိ ဆွဲယူလိုက်၏။ အထူးသဖြင့် ပုဂံခေတ်ဦးပိုင်း အနော်ရထာ မတိုင်ခင်ခေတ်ကို အကြောင်းအကျိုး ဆက်စပ်တွေးဆသည့် သမိုင်းအမြင်ဖြင့် ချဉ်းကပ်တွေးဆပြီးမှ ရေးသည်ကိုလည်း တွေ့ရသည်။ အနော်ရထာ မတိုင်ခင်က ရှိခဲ့ဖြစ်ခဲ့သည်ဟုဆိုသော အကြောင်းအရာ အဖြစ်အပျက်များ အပေါ် မြန်မာသမိုင်းပညာရှင် တဦးအနေနှင့် မြန်မာလူမျိုးများ ထိုစဉ်ကတည်းက မြိုပြယဉ်ကျေးမှု၊ ကိုယ်ပိုင်ယဉ်ကျေးမှုများ အခိုင်အမာ ရှိခဲ့သည်ဟူသော သမိုင်းကို ခိုင်မာသထက် ခိုင်မာအောင် ရေးချင်သည့် စိတ်ဆန္ဒရှိနေကြောင်းကိုလည်း အထင်အရှားတွေ့ရသည်။
ခြေရာပျောက်မြစ်စာအုပ်ကို အကြမ်းအားဖြင့် သုံးပိုင်းပိုင်းပြီး နားလည်နိုင်သည်။ ပထမပိုင်းမှာ အခန်း (၁) “မြန်မာ့ထီးနန်းလဲပြိုခြင်း”မှစပြီး အခန်း (၅) “မျိုးချစ်စိတ်ဓာတ် အကျိုးဆက်များ” အထိ ဖြစ်သည်။ ဒုတိယပိုင်းမှာ အခန်း (၆) “တိုက်ပွဲကာလ” မှစတင်ပြီး အခန်း (၉) “အစွန်းရောက် ဝါဒီခေတ်ကို လေ့လာခြင်း” အထိဖြစ်ပြီး တတိယပိုင်း အနေနှင့် အခန်း (၁၀) “စစ်မြေပြင်ကို ဖန်တီးခြင်း” မှ အခန်း (၁၃) “စပ်ထိုးစာ” အထိဖြစ်သည်။ ဤသည်မှာ မိမိအနေနှင့် ယူဆသတ်မှတ်ပြီး ဖတ်ကြည့် ပိုင်းကြည့်ခဲ့ခြင်းဖြစ်သည်။
ထို အပိုင်း ၃ ပိုင်းအနက် ကျနော် စိတ်အဝင်စားဆုံးအပိုင်းမှာ တတိယပိုင်း ဖြစ်သည်။ ထိုအပိုင်းမှာ လွတ်လပ်စနုပျိုသည့် မြန်မာနိုင်ငံ ပြည်တွင်းစစ် ဖြစ်ရခြင်းအကြောင်းရင်းများ၊ လူမျိုးစု လက်နက်ကိုင်တပ်များ၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများနှင့်ပတ်သက်သည့် သမိုင်း အချက်အလက်များမှာ များပြားပြည့်စုံလှသည်။ ကျနော့်အထင် သည်သို့သော သမိုင်းဆိုင်ရာ အချက်အလက်များမှာ ခြေရာပျောက်မြစ် စာအုပ်က တခြား ခေတ်ပြိုင်သမိုင်း စာအုပ်များထက် သာလွန်ကောင်းမွန် ပြည့်စုံသည့်စာအုပ် ဖြစ်စေခဲ့ပါသည်။
ပို၍ထူးခြားသည့်အချက်မှာ အခန်းတိုင်း အခန်းတိုင်းတွင် သမိုင်းအချက်အလက်များကို ရေးနေရင်းက သမိုင်းဆိုင်ရာ ရှုထောင့်အမြင်များ၊ ဝေဖန်ပိုင်းခြားမှုများ ဝေဝေဆာဆာ ပါရှိနေသည့်အချက်ကလည်း စာဖတ်သူကို ပိုပြီး စွဲဆောင်နိုင်ခဲ့၏။ ဥပမာ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် သမိုင်း အချက်အလက်များမှာ အသေးစိတ်သည်။ အသစ်အသစ်သော သမိုင်းအချက်အလက်များလည်း ပါသည်။ သမိုင်းအမြင်မှာ လွတ်လပ်သည်။ ကျယ်ပြန့်သည်။ ကြောင်းကျိုးဆက်စပ်မှု ရှိစေသည်။ ထို့ကြောင့်လည်း စာရေးသူက သူ၏စာအုပ်ကို “စာရေးသူ၏ မြန်မာ့သမိုင်းအပေါ်အမြင်” ဟု ဝန်ခံထားခြင်း ဖြစ်ဟန်တူပါသည်။
“ခြေရာပျောက်မြစ်” စာအုပ်တွင်ပါရှိသည့် မြန်မာ့သမိုင်းမှာ တကယ်တော့ ခြေရာမပျောက်နိုင်ပါ။ ထင်ရှားကြွယ်ဝသည့် ခြေရာများ ရှိနေသည့် သမိုင်းတခုဖြစ်ပါသည်။ ကျနော်တို့သည် မှေးမှိန်နေသေးသော သမိုင်းခြေရာများကိုမူ ပိုမို ရှင်းလင်း မြင်သာအောင်တော့ လုပ်ရပါလိမ့်ဦးမည်။ ခြေရာပျောက်မြစ် စာအုပ်သည် ယင်းကွက်လပ်ကို ဖြည့်ဆည်းပေးသည့် စာအုပ်ဖြစ်သည်။