မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် တက်တူးအလှ ပြိုင်ပွဲကို ယခုလအတွင်း ကျင်းပပြုလုပ်ရန်ရှိကြောင်း Brilliant Model Agency မှ ကိုဝေယံက ဧရာဝတီသို့ ပြောသည်။
အဆိုပါ တက်တူးအလှ ပြိုင်ပွဲကို မေလ ၁၉ ရက် မှ ဇွန်လ ၂ ရက်နေ့အထိ ရန်ကုန်မြို့ Yangon International Hotel တွင် ကျင်းပမည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း အမျိုးသား၊ အမျိုးသမီးများ ပါဝင် ယှဉ်ပြိုင်ခွင့်ရှိမည်ဟု သိရသည်။
“ကိုယ်တိုင်ကလည်း ကြိုက်လို့ ဒီပွဲကို စီစဉ်ဖြစ်သွားတယ်၊ တက်တူး ဆိုတာ ခန္ဓာကိုယ်ပေါ်မှာ ဆွဲတဲ့ အလှပန်းချီတခု ဖြစ်လာတယ်၊ လူကြီးပိုင်း တွေကလည်း အရမ်းတင်းကျပ်တာမျိုး မရှိတော့ဘူးလို့ ယူဆတယ်” ဟု ကိုဝေယံက ၎င်း၏ တက်တူးထိုးခြင်း အနုပညာအပေါ် ကိုယ်ပိုင်အမြင်ကို ပြောပြသည်။
အဆိုပါ ပြိုင်ပွဲပြုလုပ်ရန် မေလ ၁ ရက်က စတင်ကြေညာခဲ့ပြီး လက်ရှိချိန်ထိမူ ယှဉ်ပြိုင်ရန် စိတ်ဝင်စားသူ နည်းပါးနေ သေးကြောင်း၊ ပထမဆုံးအကြိမ် ပြုလုပ်သည့် ပြိုင်ပွဲဖြစ်သည့်အတွက် အခက်အခဲ အနည်းငယ်ရှိကြောင်း၊ ပထမဆုံး အကြိမ်ပြိုင်ပွဲတွင် ဆုကြေးအဖြစ် ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ၃ သိန်းနှင့် တတိယဆု ၂ သိန်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
G.3 Tattoo Studio မှ တက်တူးဒီဇိုင်း ရေးဆွဲသူ ကိုနိုင်ကြီးက မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်မီ တက်တူးပြိုင်ပွဲကြီးများ မရှိသေးကြောင်း၊ အမှန်တကယ် တတ်ကျွမ်းမှုရှိသည့် တက်တူး ပညာရှင်များက ပြိုင်ပွဲကြီးများ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်း ဆောင်ရွက်သင့်ကြောင်း သုံးသပ်သည်။
“ဒီလို ပြိုင်ပွဲလုပ်တယ်ဆိုတော့ မိုက်တာပေါ့၊ ဝင်ပြိုင်ဖို့ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိသေးဘူး၊ တက်တူး တွေထဲမှာဆို ဟောလိဝုဒ်က မင်းသမီးတချို့ ထိုးတဲ့ ဒီဇိုင်းတွေကို ကြိုက်တယ်၊ ကိုယ်တိုင်ကတော့ မြန်မာ့ယဉ်ကျေးမှု အမြင်နဲ့လည်း သင့်တော်အောင် စာတိုလေးတွေနဲ့ ပုံ အသေးလေးတွေပဲ ထိုးဖြစ်တယ်” ဟု အသက် ၂၂ နှစ် အရွယ်ရှိ မကလျာခိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်ခန့်မှ စတင်ကာ လူငယ်များ အကြားတွင် တက်တူးထိုးခြင်းကို ခန္ဓာကိုယ် အလှပန်းချီ တခုအဖြစ် စိတ်ဝင်တစား ပြုလုပ်လာကြသည်။ တရုတ်၊ အမေရိက၊ ဂျပန်၊ ဥရောပ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ လာအို၊ နယူးဇီလန်နှင့် ပါရှားနိုင်ငံ များတွင်မှု လွန်ခဲ့သည့် နှစ်ပေါင်း ထောင်ချီကပင် တက်တူးထိုးခြင်းကို အနုပညာတရပ်ကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။