ဂီတလောကမှာ သီချင်းဆိုဝါသနာပါသူ ဝါသနာရှင် ရာပေါင်းများစွာ ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားခံရတဲ့ ပြိုင်ပွဲ တခုဖြစ်လာတဲ့ အိပ်မက်ဆုံရာ Season 5 နောက်ဆုံးပြိုင်ပွဲကို ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ မေလ ၅ ရက်နေ့က ကျင်းပခဲ့ပြီး ဝါသနာရှင် အောင်မြင့်မြတ် က အိပ်မက်ဆုံရာ Season 5 ရဲ့ Winner ဆုဆွတ်ခူးပြီး ဆုငွေ ကျပ် ၁၀ သိန်းရရှိသွားပါတယ်။
ရန်ကုန်အခြေစိုက် Forever ကုမ္ပဏီနဲ့ ထိုင်းနိုင်ငံအခြေစိုက် Index Created Village တို့က ပူးပေါင်း ထုတ်လွှင့်နေတဲ့ Channel 7 အခမဲ့ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်ချိန် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းကနေစတင်ပြီး ပြည်သူအများစု စိတ်ဝင်စားမှုအခံစားရဆုံး အစီအစဉ်တခုဖြစ်လာတဲ့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲရဲ့ Season 5 ရဲ့ နောက်ဆုံးပြိုင်ပွဲက ပြိုင်ဆိုင်မှု အရှိန်မြှင့် ပြင်းထန်လာတဲ့ ပြိုင်ပွဲတခုဆိုရင်လည်း မမှားပါဘူး။
ဝါသနာရှင်တွေကို ဂီတလောကမှာ နာမည်ကျော်ကြားနေပြီဖြစ်တဲ့ နိုင်ငံကျော်တေးသံရှင်တွေဖြစ်တဲ့ ဖြိုးကြီး၊ ဇော်ပိုင်၊ ဟဲလေး၊ ဇမ်နူး၊ နေနေတို့နဲ့အတူ စုံတွဲသီချင်းတွေ တွဲဖက် သီဆိုဖျော်ဖြေစေခဲ့တာကလည်း ပရိသတ်ကို သဘော ကျနှစ်ခြိုက်စေခဲ့ပါတယ်။
အိပ်မက်ဆုံရာ Season 5 ရဲ့ Winner ရရှိသွားတဲ့ အောင်မြင့်မြတ်က နောက်ဆုံးပြိုင်ပွဲမှာ တေးရေး ဓိရာမိုရ် ရေးစပ်ပြီး တေးသံရှင် ဇော်ပိုင်သီဆိုခဲ့တဲ့ မိုးညအိပ်မက်မြူ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ပါတယ်။ ဒါ့အပြင် အောင်မြင့်မြတ်က တေးသံရှင် နေနေ နဲ့တွဲဖက်ပြီး ဆူးစူးသူ သီချင်းကို တွဲဖက်ဖျော်ဖြေခဲ့မှုကလည်း ပရိသတ် အားပေးမှုကို ရရှိစေခဲ့တယ်။
အိပ်မက်ဆုံရာ Season 5 ရဲ့ ပထမ Runnerဆုအဖြစ် ထင်ဒိုင်းက ရရှိခဲ့ပြီး ဆုငွေကျပ် ၇သိန်း၊ ဒုတိယ Runnerဆုကို စောနေလင်းဟန် က ဆွတ်ခူးခဲ့ပြီး ဆုငွေ ကျပ်၅သိန်း ရရှိကြပါတယ်။ တတိယနဲ့စတုတ္ထဆုရှင်တွေအဖြစ် စနိုးနဲ့ရွှေပုက တို့က ရရှိသွားပြီး ဆုငွေကျပ် ၃သိန်းစီ ရရှိကြပါတယ်။ ဆုမရပေမယ့် ပြိုင်ပွဲမှာ တလျှောက်လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဝါသနာရှင် ၅ ဦးကိုလည်း ပြိုင်ပွဲတာဝန်ရှိသူတွေက ဆုငွေကျပ် ၂ သိန်းစီ ချီးမြှင့်ခဲ့ပါသေးတယ်။
အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲရဲ့ Season တခုစီ အတွက် လျှောက်လွာ တစောင်ကို ကျပ် ၃၀၀၀ နဲ့ ရောင်းချပြီး၊ Seasonတခုမှာ လျှောက်လွှာ တထောင်သာ ရောင်းချပါတယ်။ ပြိုင်ပွဲဝင်လိုသူများလွန်းတာမို့ Season တခုစတင်တိုင်း လျှောက်လွှာရောင်းချမှုကနေ ငွေကျပ် သိန်း ၃၀ ရရှိပါတယ်
အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲက ပြည်သူတွေကြားထဲမှာ စိတ်ဝင်စားမှုအလွန်မြင့်တက်လာတဲ့ ပြိုင်ပွဲဖြစ်သလို ကုန်ပစ္စည်းကြော်ငြာချင်တဲ့ ကုမ္ပဏီတွေအတွက်လည်း ကြော်ငြာထည့်သွင်းလိုတဲ့ ရုပ်သံအစီအစဉ်ကောင်းတခု ဖြစ်လာနေပါတယ်။
အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲရဲ့ Season တခုက ၂ လ ကျော် ကြာမြင့်ပြီး ပြိုင်ပွဲဝင် ဝါသနာရှင်တွေကို အကသင်တာ၊ အဆိုသင်တာ၊ အဝတ်အစား ဝယ်တာကအစ သီချင်းဆိုပြိုင်ပွဲ နောက်ဆုံးပြိုင်ပွဲအထိ အသေးစိတ် ရိုက်ပြပြီး နေ့စဉ်ထုတ်လွှင့်တာမို့ ပြိုင်ပွဲဝင်ခွင့်ရရှိတဲ့ ဝါသနာရှင်တွေက ရုပ်သံပရိသတ်နဲ့ အချိန်များစွာ ထိတွေ့ခွင့်ရတဲ့ အခွင့်အရေးကို ရရှိကြပါတယ်။
အဲဒီအချက်ကလည်း အခြားသီချင်းဆိုပြိုင်ပွဲတွေနဲ့မတူတဲ့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲရဲ့ ထူးခြားချက်တခုလည်းဖြစ်ပါတယ်။
အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲရဲ့ ပင်တိုင် အကဲဖြတ်ဒိုင် တဦးဖြစ်တဲ့ အဆိုတော်စည်သူလွင်က “ပြိုင်ပွဲတွေကနေ တဆင့်အနုပညာလောကထဲ ဝင်ဖို့ကြိုးစား တာကလည်း အခွင့်အရေး တခုပါပဲ။ အိပ်မက်ဆုံရာက ၂ လကျော် လောက် ပြိုင်ရတော့ ပရိသတ်နဲ့ ၂ လလုံး ရင်းနှီး နေတာပေါ့။ ကိုယ်တကယ် အနုပညာလုပ်တော့ ပရိသတ်နဲ့ မစိမ်းတော့ဘူးပေါ့” လို့ ဆိုပါတယ်။
အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲSeason 5 ရဲ့ နောက်ဆုံးပြိုင်ပွဲမှာ အဆိုတော် ထူးအိမ်သင်ရဲ့ ဝေဒနာသီချင်းနဲ့
ယှဉ်ပြိုင်ခဲ့ပြီး နဝမဆုကိုရခဲ့တဲ့ ဈာန်ဝေယံထူးက သူအနေနဲ့ အိပ်မက်ဆုံရာပြိုင်ပွဲမှာ နောက်ဆုံး အဆင့်အထိ လှမ်းတက်နိုင်ခဲ့တာကို ဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်လို့ ဆိုတယ်။
”ဖိုင်နယ်ပွဲမှာ ဆိုရတာအားရပါတယ်။ ရှေ့ပွဲတွေတုန်းကကျနော် ဆိုတဲ့သီချင်းတွေမှာစိတ်ကြိုက်ရွေးခွင့် မရတာတွေလည်း ရှိတယ်။ နောက်ဆုံး အဆင့်ထိရောက်လာတာ ဝမ်းသာပါတယ်” လို့ ဈာန်ဝေယံထူးက ဆိုတယ်။
အိပ်မက်ဆုံရာ သီချင်းဆို ပြိုင်ပွဲကနေ ဆုရရှိသွားကြတဲ့ ဝါသနာရှင် အဆိုတော်သစ်တွေကို ဂီတလောကရဲ့ စင်တင်ဖျော်ဖြေပွဲတွေ မှာတွေ့မြင် နေရပါတယ်။၊
အိပ်မက်ဆုံရာ Season 5 ရဲ့ တတိယဆုရှင် စနိုးက ပြိုင်ပွဲပြီးသွားပေမယ့် တကယ့်ကို နိုင်ငံကျော် အဆိုတော်တဦးဖြစ်လာဖို့ ပိုပြီးလေ့လာဆည်းပူးမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။
အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲ ထုတ်လွှင့်လာတာ Season 5 အထိ ရောက်ရှိလာပြီး Season အသစ်တခု ထုတ်လွှင့်တိုင်း ပရိသတ်စိတ်ဝင်စားမှု များလာတာမို့ အဆိုပညာနဲ့ အသံအရည်အသွေး မြင့်မားတဲ့ အကဲဖြတ်ဒိုင်တွေ အမှတ်ပေးရခက်တဲ့ ဝါသနာရှင် အဆိုတော်သစ်တွေကို လိုချင်မိတယ် လို့ အကဲဖြတ်ဒိုင် အဆိုတော်စည်သူလွင်က ဆိုပါတယ်။
Channel 7 ရုပ်သံလိုင်းက နေ့စဉ်ထုတ်လွှင့်ပေးနေတဲ့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲတွေကို မလွတ်တမ်း ကြည့်ရှုနေသူ သုဝဏ္ဏမှာနေထိုင်တဲ့ မကလျာကတော့ -”အခုထိတော့ကြည့်ရတာ အဆင်ပြေနေသေးတယ်။ နောက်လည်း တဖြည်းဖြည်းလျှော့ မသွားဘဲ ပိုကောင်းတဲ့ ဝါသနာရှင် အဆိုတော်သစ်တွေ ထွက်လာရင်ကောင်းမယ်” လို့ပြောပါတယ်။
မကြာခင် ထုတ်လွှင့်တော့မယ့် အိပ်မက်ဆုံရာ Season 6 အတွက် လျှောက်လွှာတွေကို ဧပြီလ ၃ ရက်နေ့ကတည်းက စတင်ရောင်းခဲ့ပြီး လျှောက်ထားသူ တထောင်ထဲက ဝါသနာရှင် တရာကို ရွေးချယ်ထားပြီး ဖြစ်တယ်လို့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။