မြန်မာ့ရိုးရာ မြန်မာသံစဉ်တေးသီချင်းများကို အနောက်တိုင်းကြိုးတပ်တူရိယာများဖြင့် ပေါင်းစပ်တီးခတ်ပြီး တေးစီးရီးခွေအဖြစ်စီစဉ်နေကြောင်း The String Orchestra တီးဝိုင်းခေါင်းဆောင် တယောဦးတင်ရီက ပြောသည်။ မြန်မာသံစဉ်ဟုဆိုရာတွင် ခေတ်ဟောင်းသီချင်း၊ ပတ်ပျိုး၊ ကြိုးကြီး၊ သီချင်းကြီးစသည်တို့ ပါဝင်ကြောင်း သိရသည်။
” မြန်မာသံ တေးသီချင်းတွေကို အော်ခက်စတြာအရ ခွဲခြမ်းစိတ်ဖြာပြီး မြန်မာ့ဂီတကို အင်တာနေရှင်နယ်ဖြစ်အောင် ကြိုးစားနေတဲ့ သဘောပါ။ တပုဒ် တပုဒ်ရေးဖို့ မလွယ်ဘူး။ဒီသီချင်းတွေကို ထုတ်ဖော်မယ်ဆိုရင်လည်း အော်ခက်စတြာ ဝိုင်းကြီးတခုလုံးနဲ့ သွင်းရမယ်” ဟု တယောဦးတင်ရီက ဧရာဝတီသို့ပြောသည်။
ပေါင်းစပ်ဖန်တီးရာတွင် မူရင်း သီချင်း၏ အနှစ်သာရနှင့် ရသ မပျောက်ပျက်စေရန်လည်း သတိထား၍ ရေးသားနေရကြောင်း ပြောသည်။
“ပပဝင်း၊ ချစ်မိုးဆွေ၊ ဗွေးထုတ်၊ ပန်းဟေဝန်ပတ်ပျိုးနဲ့ ဂီတနက်သန် ကိုစောညိန်း သီချင်းတွေလည်း အော်ခက်စတြာနဲ့ ပြန်လုပ်ထားတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက စပြီး ရေးခဲ့တာတွေပါ။ တပုဒ် တပုဒ်ပြီးအောင် တော်တော်ခက်ခက်ခဲခဲ ရေးထားရတာပါ။ တယောအုပ်စုနဲ့ မြန်မာဆိုင်း၊ မောင်းတွေကို ဘယ်လို လေးနက်အောင် တွဲမလဲဆိုတာလည်း အရမ်း တာဝန်ကြီးတဲ့ အလုပ်ပါ”ဟု ဦးတင်ရီက ပြောသည်။
၎င်းတေးစီးရီးကို ပရိတ်သတ်ထံ ချပြရန် ငွေရေးကြေးရေး အခက်အခဲများကြောင့် အချိန်ကြာနေရခြင်းဖြစ်ကြောင်းလည်းပြောသည်။
” မူရင်း တေးရေးဆရာကြီးတွေ အားလုံးဆီမှာ မူပိုင်ခွင့်တောင်းရမယ်၊ ဝယ်ရမယ်။ အော်ခတ်စတြာ ပစ္စည်း စုံစုံလင်လင်နဲ့ တီးခတ်ရမယ်။ အဲ့ဒါကို အသံသွင်းဖို့ကလည်း စတူဒီယို ကောင်းကောင်းလိုမယ်။ အဘရဲ့ တာဝန်အရ ဆန်းသစ်တီထွင်မှုတွေ လုပ်နေတာပါ။ တကယ်တမ်းဖော်ထုတ်ဖို့ စပွန်ဆာ လိုပါတယ်။ စီးရီးခွေတခုအနေနဲ့ ထုတ်ချင်တယ်။ အဘတို့ခေတ်လိ ုသွားသွင်း လိုက်လို့မရဘူး။ ဒီခေတ်က ငွေနဲ့ရင်းရတာ” ဟု ဦးတင်ရီက ပြောသည်။
ဦးတင်ရီအနေဖြင့် ၁၉၈၃ ခုနှစ်ဝန်းကျင်က ” မြန်မာသီချင်းများရဲ့ တယောသံဆန်းများ” ဟူသော မြန်မာခေတ်ဟောင်း သီချင်းကြီးများကို တီးခတ်ထားသော Instrument တေးစီးရီးခွေနှင့် ၁၉၉၈ ခုနှစ်ဝန်းကျင်က “တယောသမားတီးတဲ့ ရွှေအိုးစည်” ဟူသော မြန်မာ့ရိုးရာ ကျေးလက် တေးသီချင်းများကို တီးခတ်ထားသော Instrument တေးစီးရီးခွေ နှစ်ခွေ ထုတ်ဝေခဲ့ဖူးပြီး ဂီတအနုပညာအသိုင်းအဝိုင်းက လေးစားချီးကျူးခဲ့ကြသည်။
ယခု စီးရီးတွင် သီဆိုမည့် တေးသံရှင်များကို သေချာ စိစစ်ရွေးချယ်မည်ဖြစ်ပြီး သေချာ အချိန်ပေး စိတ်နှစ်နိုင်သူဖြင့်သာ လက်တွဲမည်ဖြစ်ကြောင်း ဦးတင်ရီက ပြောသည်။
ယခုအခါ အသက် ၇၂ နှစ်ရွယ်ရှိပြီဖြစ်သော ဦးတင်ရီသည် ၁၄ နှစ်သားအရွယ်မှ စပြီး တယောကို စတင်တီးခတ်ခဲ့သူဖြစ်ပြီး ၅၈ နှစ်ကြာ တယောပညာဖြင့် အသက်မွေးခဲ့သူဖြစ်သည်။ ရေဒီယိုသီချင်းခေတ်တွင် မြန်မာ့အသံမှ လွှင့်ခဲ့သော သီချင်းများတွင် တယောဦးတင်ရီ၏ လက်သံများစွာ ပါဝင်ခဲ့သည်။ ဆရာရွှေပြည်အေး၊ အေဝမ်းဦးခင်မောင်၊ ဂီတလုလင်ဦးကိုကို၊ စန္ဒယားဦးချစ်ဆွေ၊ စန္ဒယားဦးလှထွဋ်၊ ဦးစိန်မြမောင် စသော အနုပညာရှင်များ၏ သီချင်းများတွင်လည်း တယောဦးတင်ရီ၏ တယောလက်သံများကို နားဆင်နိုင်သည်။
၂၀၀၃ ခုနှစ်တွင် တေးသံရှင် ထူးအယ်လင်း၏ အိန်ဂျယ်တယော သီချင်းတွင် ပါဝင် တီးခတ် သရုပ်ဆောင်ခဲ့သည့်အတွက် ခေတ်ပေါ်သီချင်းနှင့် လူငယ်များ အကြားတွင် တယောကို ပြန်လည် စိတ်ဝင်စားလာခဲ့သည်။