၈ နှစ်ကြာ ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ထားခြင်းခံရတဲ့ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ဇာဂနာ (ကိုသူရ) ဟာ အခု လာမယ့် ဇွန်လက စလို့ ရုပ်ရှင်ဇာတ် ကားကြီးများကို ပြန်လည် ရိုက်ကူးတော့မှာပါ။
“ပထမဆုံး အနေနဲ့ စာရေးဆရာ အကြည်တော်ရေးတဲ့ ‘ပြုံးရသည်၊ ရယ်ရသည်၊ ငိုရသည်’ ဆိုတဲ့ လူရွှင်တော်တယောက်ရဲ့ အကြောင်းပေါ့။ ရယ်စရာလည်း ကောင်းတယ်၊ ငိုစရာလည်းပါတယ်။ လူရွှင်တော်တယောက်အဖြစ် ရပ်တည်ရတဲ့ ဘဝမှာ ဆိုင်းနောက်ထ ဘဝမှာလည်း ရပ်တည်ရတယ်၊ ဇာတ်လူရွှင်တော်လည်း ဖြစ်တယ်၊ အငြိမ့် လူရွှင်တော်လည်းဖြစ်တယ်၊ ကွက်စိပ် ဆရာလည်း ဖြစ်တယ်၊ ဘိသိက်လည်း မြှောက်ရတယ်၊ ရုပ်ရှင်ထဲမှာလည်း နေ့စားအလုပ်သမား ဝင်လုပ်ရတယ်။ အဲ့ဒီ လူတယောက်က မွေးလာတဲ့ သမီးလေးတယောက်နဲ့ လူရွှင်တော်ရဲ့ ဘဝအကြောင်းကို လုပ်ထားတဲ့ ဇာတ်ဆိုတော့ အဲ့ဒါလေးက တော်တော်လေးကောင်းတယ်” လို့ ကိုဇာဂနာက သူပထမဆုံး ရိုက်ကူးမယ့် ဇာတ်ကားအကြောင်း ဧရာဝတီကို ရှင်းပြပါတယ်။
ဒီမှာ မစပ်စု စဉ်းစားမိတာက တို့တိုင်းပြည်ကြီးမှာ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားနဲ့ ဒီဇာတ်ကားနဲ့ကတော့ တထပ်တည်း ထပ်တူကျနေမှာတော့ အမှန်ပါ။ လူကြီး လူငယ် လူလတ်မရွေး ကိုယ်တတ်ကျွမ်းတဲ့ ပညာ၊ ကိုယ်ရထားတဲ့ဘွဲ့ စတာတွေနဲ့ ဘဝကို တသမတ်တည်း ရပ်တည်လို့ မရဘူးဆိုတာပါ။ ဘ၀ ရပ်တည်ဖို့ဆိုရင် ကိုယ်မတတ်ကျွမ်းလည်း လုပ်၊ မလုပ်ချင်လည်း လုပ်နေရတဲ့ ဖြစ်သလို ရပ်တည်နေရတဲ့ ဘဝတွေက အများအပြားပေကိုး။ ဥပမာ – ရှေ့နေဘွဲ့ ရထားပေမယ့် တက္ကစီဒရိုင်ဘာ ဖြစ်နေတဲ့ ဘဝတွေကလည်း လမ်းပေါ်မှာ တပုံတပင်။ မစပ်စုတို့ ပြည်သူတွေ ဘဝနဲ့ဆန္ဒ တထပ်တည်း မကျဘူးလို့ ဆိုရလေမလားပါပဲ။
ကဲ … ထားလိုက်ပါတော့လေ။ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ကိုဇာဂနာက ဒီဇာတ်ကားအပြီးမှာ နောက်ထပ် ဒါရိုက်တာ ဝိုင်း ရိုက်ကူးမယ့် “အာဏာရူး” ဆိုတဲ့ ဇာတ်ကားကို ဆက်လက် ရိုက်ကူးဖြစ်မယ်လို့ သိရပြန်ပါတယ်။
“ဒါက မင်းခိုက်စိုးစန်ရဲ့ ဇာတ်လမ်းပါ။ ဒီမှာလည်း အဓိက သရုပ်ဆောင်တွေက သိပ်မများဘူး။ ကျန်တဲ့သူတွေကလည်း ဒီ အာဏာရှင်ကို ဝိုင်းဖားပြီး သူ့အလိုတော်ကျ ကပ်ဖားရပ်ဖား လုပ်ပေးနေတဲ့ တပည့်တွေပေါ့။ အဲ့ဒီ လူသုံးယောက်လောက်တော့ လိုမယ်။ အဲ့ဒီနေရာကိုတော့ ကိုအရိုင်း၊ ကိုငှက်ပျော်ကြော်နဲ့ ကိုဧရာ တို့ကို မှန်းထားတယ်။
သူတို့ရုပ်တွေက ဘယ်သူတွေနဲ့ တူမလဲဆိုတာ မှန်းကြည့်လိုက်ပေါ့။ တကယ့် မင်းသား၊ မင်းသမီးတွေလည်း မလိုဘူးလေ။ သူက တောက်လျှောက် သရော်နေတဲ့ ဇာတ်ကိုး။ ဒီမှာ အဓိက ဇာတ်ကောင်က အာဏာရူးနေပြီး သူ့ကို အဲ့လိုဖြစ်သွားအောင် မိုးပေါ်က နတ်သားတယောက် ကျလာပြီး ပြဒါးရှင်လုံးပေးသွားတာ။ သူက နောက်ဆုံးမှာ ပြဒါးရှင်လုံး လာပြန်ယူသွားတော့ အာဏာရူးက ရူးပြီးတော့ပဲ ကျန်ခဲ့တာ။ သူ့မှာ ဘာမှမကျန်ခဲ့ဘူး” လို့ ကိုဇာဂနာက ပြောပါတယ်။
“အာဏာရူး” လို့ ဆိုလိုက်လေတော့ ဘယ်သူ့ဘယ်သူကို ရည်ညွန်းထားလဲဆိုတာတော့ ဒီနာမည်ကို ကြားလိုက်တာနဲ့တင် ပရိသတ်လည်း သိလောက်မယ်လို့ မစပ်စု တွေးမိပါတယ်။ ဒီဇာတ်လမ်းထဲမှာ ဘာတွေကို ဘယ်လိုမျိုးတွေနဲ့ အာဏာရူးနေမလဲ ဆိုတာတော့ ဇာတ်ကားထွက်လာမှဘဲ သိတော့မှာပါပဲ။
နောက်ထပ် ဦးငြိမ်းမင်းရဲ့ “ပေါက်ကျော်ကြီး ပေါက်ကျော်လေး” ဆိုတဲ့ လူရွှင်တော် သားအဖ ဇာတ်လမ်းလည်း ရိုက်ကူးဖို့ ရှိတယ်လို့လည်း ကိုဇာဂနာက ထပ်မံ သတင်းပေးပြန်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားများရဲ့ ရိုက်ကွင်းအနေနဲ့ကတော့ နယ်မြို့လေးတွေမှာ သွားရောက် ရိုက်ကူးဖြစ်မယ်လို့လည်း သူက ဆိုပါတယ်။
ကိုဇာဂနာဟာ လက်ရှိမှာ ကြော်ငြာသရုပ်ဆောင် အနေနဲ့ ဦးအေးမြင့် အကြောပြေ ဝမ်းပျော့ဆေး ကြော်ငြာကို ဒိန်းဒေါင်နဲ့ ရိုက်ထားပြီးနောက် Scorpion C အချိုရည်ကို မင်သမီး ရွှေမှုန်ရတီနဲ့ ရိုက်ထားပါတယ်။ ဒီ ရက်ပိုင်းအတွင်းမှာ မာမားခေါက်ဆွဲ ကြော်ငြာ ရိုက်ဖြစ်မယ်လို့လည်း သိရပါတယ်။
စစ်အစိုးရလက်ထက် နိုင်ငံရေးနဲ့ ပတ်သက်လို့ အထူးပင် မျက်စိဆံပင်မွှေး စူးခံခဲ့ရတဲ့ ကိုဇာဂနာဟာ ထောင်အကြိမ်ကြိမ် ကျခံခဲ့ရပြီး အနုပညာအလုပ်တွေ လုပ်ဆောင်ရာမှာလည်း အကြိမ်ကြိမ် တားမြစ်ပိတ်ပင်ခြင်း ခံခဲ့ရသူပါ။
၁၉၉၈ ခုနှစ်ကစလို့ ဗီဒီယို ဇာတ်ကား ရိုက်ကူးခွင့်ကို ပိတ်ပင်ခံရပြီး ၂၀၀၃ ခုနှစ်မှာ ကြော်ငြာ ရိုက်ကူးခွင့်ပါ မရတော့ပါဘူး။ ၂၀၀၅ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခွင့်ကိုပါ ထပ်မံ ပိတ်ပင်ခြင်းခံရတာပါ။ သူ့ရဲ့ ပထမဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားကြီးကတော့ ၁၉၈၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “မင်းသားတော့ မင်းသား” ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ရိုက်ခွင့် မပိတ်ခင်အထိ နောက်ဆုံးရိုက်ကူးခဲ့တာကတော့ “မော်ဒန် အချစ်များ” ဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ်။
အခုလို ပိတ်ပင်ခြင်း ခံနေရတဲ့ကြားမှ ရုပ်ရှင်ဇာတ်ကားကြီးပေါင်း ၃၇ ကား၊ ဗီဒီယိုဇာတ်ကားပေါင်း ၂၁ ကား တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒါရိုက်တာအနေနဲ့ ရိုက်ကူးခဲ့တဲ့ ကြော်ငြာပေါင်း ၂၀၀ လောက် ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် ကြော်ငြာသီချင်းပေါင်း ၁၈၀ ကျော်လောက်ကိုလည်း ရေးပေးခဲ့ဖူးတယ်လို့လည်း ကိုဇာဂနာက ဆိုပါတယ်။
“ကိုယ်တိုင်က ဆရာဝန်အလုပ်ကို စွန့်လွတ်ပြီးတော့မှ အနုပညာအလုပ်ကို ရွေးခဲ့တာလေ။ ဒီတော့ သေသည်အထိ အနုပညာအလုပ်ကတော့ လုပ်ရမှာပဲ။ အနုပညာအလုပ်ကိုတော့ ပယ်ဖျက်လိုက်လို့မရဘူး။ ဒီအနုပညာ အလုပ်ကို ပိုက်ဆံရရ မရရ လုပ်ကို လုပ်ချင်တာပဲ။ တကယ်ပြောမယ်ဆိုရင် ဆရာဝန်အလုပ်နဲ့တောင် လဲထားရတာဆိုတော့ အခုလို ပြန်လုပ်ရမယ်ဆိုတော့ အရင်တုန်းကနဲ့ မတူတာက ပိုပြီးတော့ ကောင်းတာတွေ အခုဆိုရင် ပြီးခဲ့တဲ့ ၂၇ ရက်နေ့ညက အငြိမ့်ကခဲ့တုန်းကလည်း အရင်တုန်းကနဲ့ မတူတဲ့ တက်ဆက်မှု အသစ်တွေကို လုပ်တယ်။ အခုလည်း ပုံစံအသစ်တွေကိုပဲ ကြော်ငြာလည်း ကြော်ငြာမိုလို့ ပုံစံအသစ်၊ ရုပ်ရှင်လည်း ရုပ်ရှင်မိုလို့ ပုံစံအသစ်တွေ ပေးချင်တယ်လေ။
အဲ့ဒါကြောင့် အခုအချိန်မှာ လုပ်ရတဲ့အခါမှာတော့ စိတ်ထဲမှာ ပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထောင်ထဲမှာ စိတ်ကူးယဉ်ခဲ့တာတွေ အကုန်လုံးကို အခု အကောင်အထည် ဖော်ရတော့မှာ။ နောက်တချက်ကတော့ ပရိသတ်တွေကို ဟင်းအသစ် ချက်ကျွေးချင်တာ” လို့ အနုပညာအလုပ်ကို ပြန်လုပ်ကိုင်ခွင့်ရတဲ့အပေါ် ကိုဇာဂနာက သူရဲ့ ခံစားချက်ကိုပြောပါတယ်။
အခုလို အနုပညာလောကထဲ တကျော့ပြန် ပြန်ဝင်ရောက်လာတဲ့အပေါ် အလွန် ကျေနပ်စရာကောင်းပါတယ်လို့ လူရွှင်တော် မေတ္တာက ပြောပါတယ်။
“ကောင်းပါတယ်ခင်ဗျာ၊ ကျေနပ်စရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပညာတတ်တယ်၊ အတွေးအခေါ် အယူအဆ ရှိတဲ့သူတယောက် ဒီလောကထဲ ဝင်လာတာကောင်းပါတယ်” လို့ ဆိုပါတယ်။
အနုပညာရပ်ဝန်း၊ ရုပ်ရှင် ဗီဒီယိုလောက ရပ်ဝန်းထဲကို တကျော့ပြန် ပြန်ဝင်ရောက်လာမယ့် လူရွှင်တော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ကိုဇာဂနာက လက်ရှိ ရုပ်ရှင်၊ ဗီဒီယို လောကနဲ့ပတ်သက်လို့ ဧရာဝတီက မေးမြန်းရာမှာ အခုလို သုံးသပ်လိုက်ပါတယ်။
“အခု ရုပ်ရှင်လောကကြီး တခုလုံးမှာ ရုပ်ရှင်ရော ဗီဒီယိုရော ကျနေကြတယ်လေ။ ဈေးကွက်ကြီးကလည်း ပျက်နေတယ်။ ဗီဒီယိုလောက ပျက်ရခြင်းကတော့ ဘယ်သူ့အပါ်မှ ပုံမချကြေးဆိုရင် ကိုယ့်ဘာသာကိုယ် ဖန်တီးတဲ့ အနုပညာကိုက ညံ့နေသေးတယ်။ ပရိသတ်ကြိုက်အောင် မလုပ်နိုင်သေးဘူး ဆိုတာတော့ သေချာတယ်။ ရုပ်ရှင်ရုံမရှိသေးလို့ဆိုတဲ့ အပြစ်တွေတို့၊ ရခိုင်ပြည်နယ် ပြသနာဖြစ်လို့၊ ကချင်ပြည်နယ် ပြသနာဖြစ်လို့ဆိုတဲ့ ဆင်ခြေတွေကတော့ လူတိုင်းပြောလို့တတ်ပါတယ်” လို့ ကိုဇာဂနာက ဆိုပါတယ်။
သူက ဆက်လက်ပြီး “သေချာတာ တခုကတော့ ကျနော် ညတိုင်း အခွေတွေ ယူယူကြည့်နေတဲ့အချိန်၊ ရုပ်ရှင်ရုံက ကားတွေ သွားကြည့်ုလိုက်တဲ့ အချိန်မှာတော့ မြန်မာကားတွေဟာ သေချာပေါက် ပရိသတ်ကို ဘယ်လိုနည်းနဲ့မှ ဖျော်ဖြေရေး မပေးနိုင်တာတော့ သေချာနေတယ်လေ။ အဲဒီအတွက်ကြောင့်မို့ အရည်အသွေးကလည်း မကောင်းဘူး။ အဲဒီလို မကောင်းတာကို ရုပ်ရှင်သမားတွေ အနေနဲ့ကလည်း ကိုယ့်ဘာသာကိုယ် ပြင်ဆင်ပေးဖို့လိုတာပေါ့။ ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင် လုပ်မယ့်အစား အခု ဆင်ဆာလျှော့ပေးပြန်တော့လည်း ကားတွေက ကောင်းမလာဘူး။ ဒီတော့ ကိုယ့်အရည်အချင်းကိုယ် ပြည့်စုံအောင် လုပ်ဖို့လိုတယ်။
ပရိတ်သတ်ကတော့ ကောင်းတာကို စားချင်မှာပဲလေ။ Customer Choiceက အရေးကြီးတာပဲလေ။ သူလည်း သူကောင်းမှ ရွေးစားမယ်။ ကောင်းတာပဲ ကြိုက်မယ်ဆိုတော့ ပရိသတ်ကို ကောင်းကောင်း ချက်ကျွေးဖို့လိုမယ်လို့ ထင်တယ်လေ။ အခု ပြန်ပြီးတော့ ဒီအလုပ်တွေ ပြန်လုပ်တဲ့အခါမှာ ကောင်းတာလေးတွေ တင်ဆက်မှု အသစ်ကလေးတွေကို လုပ်ချင်တာ။ သူများတွေ လုပ်တာ မလုပ်တာတော့ မသိဘူး။ ကိုယ့်ဘာသာကိုယ် လုပ်ဖို့လိုတယ် ထင်လို့ကို လုပ်တာ” လို့ ကိုဇာဂနာက ပြောပါတယ်။