အခုတလော အင်တာနက်မှာ ပေါက်ပြီး မြို့မေတ္တာခံယူနေတဲ့ နစ်ကီဘိုမင်းအောင် သို့မဟုတ် လဲလဲလဲလဲ က ဖေ့စ်ဘွတ်ပေါ်က သူ့ရဲ့ အကောင့် အတုကြောင့် စိတ်ညစ်နေရပါတယ်တဲ့။သူ့ အကောင့် အတုပေါ်မှာ ရေးထားတဲ့ စာတွေက သူရေးတာ မဟုတ်တဲ့အတွက် ပရိသတ်ရဲ့အထင်လွဲမှုကို သူခံနေရတယ်လို့ နစ်ကီက ဧရာဝတီနဲ့ တွေ့ဆုံခိုက် ရင်ဖွင့်လာပါတယ်။
ယူကျုပေါ်တင်ပြီးပြီးချင်း အသားကုန် ဆဲဆို အားပေးခံရပြီး သူရေး၊ ဆို၊ ရိုက်ခဲ့တဲ့ “နင်ငါ့ကို ချစ်လဲလဲလဲလဲ” သီချင်း အခုလို ပေါက်သွားခဲ့တာ သူ့ရဲ့ ချစ်ဖေဖေ ကျေးဇူးကြောင့်ပါတဲ့။ “ကျနော် သီချင်း ၆ ပုဒ်ပြီးလို့ ခွေဖြန့်တော့မယ်ဆိုတော့ အဖေက အရမ်းအေးတဲ့ အပုဒ်ကို ဖြုတ်ခိုင်းတာနဲ့ အမြန်ပဲ အဲဒီ လဲလဲလဲ သီချင်းကို သွင်းလိုက်တာ၊ ရိုက်တာတောင် ကင်မရာနဲ့ One Shot ပဲ ရိုက်လိုက်ရတယ်၊ Edit တောင် မလုပ်လိုက်ရဘူး” လို့ နစ်ကီက လှိုက်လှိုက်လဲလဲ ပြောပါတယ်။
သူ့ရဲ့သီချင်း ၆ ပုဒ်ကို ဗီစီဒီအဖြစ် သေသေချာချာ ဖန်တီးပြီး စင်တာတွေမှာ ဝေတယ်။ နီးစပ်ရာမှာ ဝေခဲ့တယ်တဲ့။ ပထမဆုံး တုံ့ပြန်မှုအဖြစ် သူငယ်ချင်းတွေက ဘယ်သူကမှ အားမပေးကြဘူးလို့ နစ်ကီက ပြောတယ်။ တချို့ကဆို တားတောင် တားကြပါသေးတယ် တဲ့။ ဒါပေမယ့် မလျှော့သော ဇွဲ လုံ့လနဲ့ ဆက်ပြီး ကြိုးစားရာ အင်တာနက်မှာ သီချင်းတွေ တင်ခဲ့တယ်။ အဲ့ဒီမှာပဲ လူသိများဖို့ အကြောင်းဖန်လာပါတော့တယ်။ အရင်ဆုံး ဟစ်ဟော့ပ် မုန်းတီးသူများ တိုက်ဖျက်ရေးအဖွဲ့က သူတို့ပေ့ချ်မှာ တင်လိုက်တယ်၊ နောက် လူတွေ ဝိုင်းရှယ် ဝိုင်းအားပေးကြရတဲ့ သူ့ရဲ့ လဲလဲလဲ သီချင်းကို ဟာသကမ္ဘာက ယူတင်ခဲ့တဲ့အတွက် အခုလို သူ ပေါက်သွားခဲ့ရတာပါပဲ လို့ နစ်ကီက အသေးစိတ် ရှင်းပြတယ်။
နစ်ကီက လသာ ၁ အထက်တန်းကျောင်းမှာ ၁၀ တန်းအောင်ခဲ့ပြီး အခု ကျောင်းတက်ဖို့ အမေရိကန် စကောလားရှစ် ရှာနေတယ်လို့ပြောပါတယ်။ သူ့ရဲ့ အဖေကလည်း အင်္ဂလိပ်စာဆရာ တဦးဖြစ်လို့ သူ့သီချင်းတွေမှာလည်း အင်္ဂလိပ်စာသားတွေ ထည့်ဆိုနိုင်တာ ဖြစ်ပါလိမ့်မယ်။
သတင်းကြီးနေတဲ့ တကိုယ်တော် မျှော်စင်ကျွန်း ရှိုးပွဲနဲ့ ပတ်သက်ပြီးတော့ နစ်ကီက မဟုတ်ရပါဘူးလို့ ဆိုပါတယ်။ စိတ်တောင်မကူးရဲတဲ့အကြောင်း၊ သူရဲ့ ဖေ့စ်ဘွတ် အတု ကနေ လုပ်ကြံရေးသားနေကြတဲ့အကြောင်း ပြောပါတယ်။
အင်တာနက်ပေါ်မှာ သူ့ထက် အရင် သတင်းကြီးနေတဲ့ အိန်အိန်းကလည်း သူ့ဆရာ မဟုတ်ပါဘူးလို့ နစ်ကီက ပြောပါတယ်။ အိန်အိန်းနဲ့ ဖေ့စ်ဘွတ်မှာခင်ပြီး အကိုလို ခင်မင်သွားတာပါတဲ့။ အိန်အိန်းက သူ့ကို သေချာကြိုးစားဖို့၊ ရှိုးပွဲမှာ ဆိုရဲပြီဆိုရင် Play Back မဆိုဘဲ ဆိုရဲပြီဆိုမှ ခေါ်မယ်လို့ သေချာ အားပေး လမ်းပြတယ်လို့ နစ်ကီက ပြောပါတယ်။
နစ်ကီက ရောခ့်သီချင်း ၂ ပုဒ်ကို အရင်ရေးပြီး ဆိုခဲ့တာပါတဲ့။ သူ တကယ်ကြိုက်တာက ရောခ့်ဂီတပါတဲ့။ ဒါပေမယ့် အခုလို ဟစ်ဟော့ပ်နဲ့ ပေါက်သွားတော့ ဟစ်ဟော့ပ်ဘက်ကိုပဲ ခြေစုံပစ်ဝင်တော့မှာတဲ့။ (ဟစ်ဟော့ပ် ပရိသတ်အတွက် ရင်ခုန်စရာကြီးပေါ့) သူ သီချင်းတွေက ရယ်စရာ မဟုတ်ဘူး၊ အတည်လုပ်ခဲ့တာတဲ့။ ဒါပေမယ့် အခုလို ရယ်စရာ ဖြစ်သွားတော့လည်း လူတွေ မြန်မြန် သိသွားတဲ့အတွက် ကျေးဇူးတင်ရမလိုဖြစ်နေပြီလို့ပြောပါသေးတယ်။
ပရိတ်သတ်တွေအတွက် နစ်ကီ ကြိုးစားနေပါတယ်။ အခုဆိုရင် သီချင်း အသစ်တွေ ရေးနေသလို ဂစ်တာလည်း သင်နေပါပြီတဲ့။ ဒါ့အပြင် နစ်ကီရဲ့ တွဲဘက် (လဲလဲလဲသီချင်းရဲ့ ရက်ပါ) ကောင်းထက်ကလည်း ဂစ်တာတီးသင်နေပါပြီတဲ့။ လဲလဲလဲသီချင်းနဲ့ ပတ်သက်ပြီး ကောင်းထက်က ဒီသီချင်းဟာ သူ့ဘဝမှာ ပထမဆုံး ဆိုရတဲ့ သီချင်းမို့လို့ သူ့မှာ ဒူးတောင်အောင် ကြောက်ခဲ့ရတဲ့အကြောင်း၊ ဗီစီဒီအတွက်လည်း ဘာမှ မပြင်ဆင်ဘဲ ရိုက်လိုက်ရတဲ့အတွက် စိတ်တိုင်းသိပ်မကျပေမယ့် ပေါက်သွားတဲ့အတွက် အလွန့် အလွန် ပျော်ရပါကြောင်း ပြောပါတယ်။
နစ်ကီကတော့ ဂီတလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ သူနဲ့ အလှမ်းဝေးနေတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက သူ အင်တာနက်ပေါ် ပေါက်သွားတဲ့အတွက် ဖုန်းဆက်ပြီး အားပေးစကားပြောကြတဲ့အတွက် ပို အားရှိလာပြီး ဆက်လုပ်တော့မှာလို့ နစ်ကီက ဘယ်လိုမှ တားမရတော့မယ့် အားမာန်အပြည့်နဲ့ ပြောလာပါတယ်။
စီးရီးကို official ထွက်နိုင်အောင် ကြိုးစားနေပြီး ရှိုးပွဲတွေအတွက်လည်း သေချာလေ့ကျင့်နေပြီလို့ နစ်ကီက ဆိုတာမို့ အားပေးကြမယ့် ပရိသတ်ကြီး ပါးစပ်သာ ပြင်ထားပေရော့။(ပြုံးရယ်နိုင်ကြဖို့ ပြောတာနော်)