Metal Zone တေးဂီတအဖွဲ့နှင့် တေးသံရှင်များတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်ဒေသတွင် ဇွန် ၁ ရက်နေ့၌ သွားရောက်ဖျော်ဖြေကြမည်ဟု Metal Zone မှ လိဒ်ဂစ်တာတီးခတ်သူ ကိုဇော်လတ် ထံမှ သိရသည်။
တေးသံရှင် ဇော်ပိုင်၊ နောနော်၊ ဗညားဟန်၊ ချမ်းချမ်း၊ ဂျဲနီ၊ L ဆိုင်းဇီ တို့သည် မေ ၃၁ ရက်နေ့တွင် ရန်ကုန်မှထွက်ခွာကာ ဇွန် ၁ ရက်နေ့တွင် မဟာချိုင်ရှိ မြန်မာ ပရိသတ်များကို သွားရောက် ဖျော်ဖြေကြမည်ဖြစ်ကြောင်း တေးသံရှင် ဇော်ပိုင်က ပြောသည်။
“ကျနော်တို့ စုစုပေါင်း သီချင်း ၄၀၊ ၅၀ လောက် ဖျော်ဖြေကြမှာပါ။ ဒီပွဲကိုသွားဖို့ စီးရီးလည်း တခွေ ထွက်ထားတဲ့ တာချီလိတ်က မိတ်ဆွေ အိုက်ထွန်းက ခေါ်ပေးတာပါ။ မဟာချိုင်က မြန်မာတွေကို ဖျော်ဖြေကြမှာပါ” ဟု ကိုဇော်လတ်က ဆိုသည်။
လိုက်ပါဖျော်ဖြေမည့် တေးသံရှင်ဇော်ပိုင်က ၎င်းတို့ကို Metal Zone မှ ကိုဇော်လတ်က ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း၊ အဝေးတွင်နေသည့် မြန်မာများကို ဖျော်ဖြေခွင့် ရသောကြောင့် ဝမ်းသာပါကြောင်း ဧရာဝတီသို့ ပြောသည်။
တေးသံရှင် ဗညားဟန်ကလည်း “စတီရီယို အဆိုတော်တွေထဲမှာ ကျနော် တယောက်ပဲ မြန်မာသံ ပါတာပေါ့။ ဒါပေမယ့် ကျနော်ဆိုထားခဲ့တဲ့ စတီရီယို ဆန်တဲ့ သီချင်းတွေလည်း ရှိပါတယ်။ ပရိသတ်ကြိုက်တဲ့ သီချင်းတွေပါမယ်။ Band နဲ့ ဆိုရမှာဆိုတော့ အဆင်ပြေတာ ရွေးဆိုမယ်” ဟု ရှင်းပြသည်။
Metal Zone တေးဂီတသည် ပြည်ပဖျော်ဖြေပွဲအနေဖြင့် ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှားတို့တွင် ဖျော်ဖြေခဲ့ ဖူးပြီး စင်တင်ပွဲ များထက် စီးရီး Recording များအတွက် ပို၍ တီးခတ်နေရကြောင်း သိရသည်။