စစ်အစိုးရ လက်ထက်ကနေ လက်ရှိ အရပ်သားအစိုးရ လက်ထက်ကို ကူးပြောင်းပြီးကာစမှာ ပြည်ပကနေ ပထမဆုံး ပြည်တော်ပြန်ဝင်သွားခဲ့တဲ့ “သီးလေးသီး” ဆေးရောင်စုံ လူရွှင်တော် အဖွဲ့ကတော့ ဗီဒီယိုလောကထဲ ပြန်လည်ခြေချဖို့ ကြိုးပမ်းနေပါပြီ။ သူတို့ ပြည်တော်ပြန်ပြီး ၁ နှစ်ခွဲလောက် ကြာမှ ဒီလောကထဲ ပြန်ဝင်လာခဲ့တယ်လို့ ဆိုရမှာပါ။
စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန် နိုင်ငံတွေမှာ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ပေါ်ပေါ်ထင်ထင် သရော်ကာ ပြက်လုံးထုတ်ခဲ့ကြပြီး နောက်ဆုံး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်တော်ပြန်ဝင်နိုင်ခွင့်ကို စောင့်စားကာ အခြေချ နေထိုင်ခဲ့ကြတဲ့ သီးလေးသီး အဖွဲ့သားတွေဟာ ပြည်တော်စဝင်ကတည်းက အနုပညာလောကထဲ ပြန်လည် ခြေစုံပစ်ဝင်ဖို့ အားခဲခဲ့ကြတာပါ။
သူတို့အဖွဲ့ဟာ ပြည်ပနိုင်ငံတွေကို ဖျော်ဖြေရေး မသွားခင်ကတည်းက ပြည်တွင်း ရုပ်ရှင်၊ ဗီဒီယိုလောကနဲ့ ကြော်ငြာလောကတွေမှာ နေရာတော်တော်များများ ပါဝင်သရုပ်ဆောင်ခဲ့ကြဖူးပါတယ်။
များသောအားဖြင့် မြန်မာပြည် အနုပညာလောကရဲ့ ထုံးစံလို့ ဆိုရလေမလားပဲ။ ပြည်ပမှာ အနေကြာပြီး ပြန်လည် ရောက်ရှိလာတဲ့ အနုပညာသမားဟောင်းတွေရဲ့ တင်ဆက်မှုတွေကို ပရိသတ်က ရောက်ရောက်ချင်း ပူပူနွေးနွေး ခံစားချင်ကြတာ ရိုးရာလို ဖြစ်နေပါပြီ။ သီးလေးသီး ဟာသ လူရွှင်တော်တွေကတော့ ပြည်တော်ဝင်ပြီးနောက် အငြိမ့်သဘင် တင်ဆက်မှုကလွဲလို့ ဗီဒီယိုဇာတ်ကားတွေမှာ မတွေ့ရပါဘူး။ ဒါတောင် သူတို့ရဲ့ အငြိမ့်သဘင် တင်ဆက်မှုက ရောက်ခါစမှာ ဘယ်ပွဲက ပါမစ်မရဘူး၊ ဘယ်နေရာမှာက ဖျော်ဖြေခွင့်မရဘူး ဆိုတဲ့ အသံသဲ့သဲ့တောင် ကြားလိုက်ရပါသေးတယ်။
ဘာကြောင့် ၁ နှစ်ခွဲကျော်ကြာမှ ဗီဒီယိုလောကဘက် လှည့်နိုင်သလဲဆိုတာကို မစပ်စုလည်း စပ်စုမိပါတယ်။
“ကျနော့် အမြင်ကတော့ တိုက် (ထုတ်လုပ်ရေး) တွေနဲ့ ဆိုင်တယ်။ စကတည်းက ကျနော်တို့ကို ရိုက်ကူးဖို့ ပြောကြတာတွေကတော့ အများကြီးပါ။ ဒါရိုက်တာတွေကလည်း ရိုက်ကြမယ်လို့ ပြောကြတာပဲ။ ဒါပေမယ့် တိုက်တွေကို အနုပညာသမားစာရင်း တင်တဲ့အခါ တချို့တိုက်တွေက ကျနော်တို့ နာမည်တွေပါတဲ့အခါ ကျတော့ အဆင်မပြေဘူး။ အရင်က ကျနော်တို့ (ပြည်ပ) ထွက်သွားတဲ့အချိန်မှာ အခွေ ၂၀ ကျော်လောက် ပိတ်မိနေတာတွေ ရှိတယ်လေ။ အခန်းတွေ ဖြတ်ပေးရတာတို့ ထွက်လို့မရတာတို့၊ တချို့ဆို ကိုးလိုးကန့်လန့်တွေ ဖြစ်ကုန်တယ်။ အဲဒီလိုတွေ ဖြစ်လာတော့ သူတို့တွေအနေနဲ့ စီးပွားရေးအရ ဆိုရင်တော့ အနှောင့်အယှက် ဖြစ်တာပေါ့ဗျာ။ ဒါရိုက်တာတွေ အားလုံးကတော့ အဆင်ပြေပါတယ်။ ထုတ်လုပ်ရေးတွေက မလုပ်ရဲတာပေါ့။ ကျနော်တို့ ပါလာတယ်ဆိုရင် တခုခု ငြိမှာ စိုးလို့ပေါ့။ အရင်က တခါဖြစ်ဖူးလို့ပါ” လို့ သီးလေးသီး အဖွဲ့ဝင် လူရွှင်တော် ပန်းသီးက ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော် အကျိုးပြု မီးသတ်တပ်ဖွဲ့ ဂုဏ်ပြု ဇာတ်ကားတကားကို သူတို့ ပါဝင် သရုပ်ဆောင်ဖို့ရာ ဒါရိုက်တာတယောက်က စီစဉ်ခဲ့ပေမယ့် အထက်ကို စာတင်လိုက်တဲ့အခါမှာ ပယ်ချခံခဲ့ရဖူးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒီအတိုင်းဆို သက်ဆိုင်ရာ တာဝန်ရှိသူ လူကြီးတွေက သီးလေးသီးကို ကြောက်တာလား၊ သီးလေးသီးက ပြက်လုံးတွေထုတ်မယ့် ပါးစပ်ကို ကြောက်တာလားလို့ မစပ်စု တွေးမိနေပါသေးတယ်။
သီးလေးသီး လူရွှင်တော် သရုပ်ဆောင်တွေဟာ လက်ရှိမှာ ဗီဒီယိုဇာတ်ကားတွေ စတင် ရိုက်ကူးနေတာဖြစ်ပြီး ရုပ်ရှင်ကားကြီးနဲ့ ကြော်ငြာတော့ လောလောဆယ် ရိုက်ဖို့ မရှိသေးဘူးလို့ သိရပါတယ်။
အခုလို ဗီဒီယိုလောကမှာ ပြန်လည် အခြေချလာနိုင်ခဲ့တဲ့အပေါ် အနုပညာအလုပ်ပဲ လုပ်တတ်တဲ့ အနုပညာ
သမားတယောက်အနေနဲ့ ဝမ်းသာပီတိဖြစ်မိကြောင်း၊ သီးလေးသီးလို့သာ အများက သိကြပြီး ဘယ်သူက
ဘာနာမည်၊ ဘာအသီးလဲဆိုတာ မခွဲခြားနိုင်သေးတဲ့ ပရိသတ်တွေ အတွက်လည်း အခုလို ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်လာနိုင်တော့ သူတို့ရဲ့ ရုပ်နဲ့ နာမည်ကို တွဲပြီး ခွဲခြားလာနိုင်တော့မယ် အပေါ်ကိုလည်း ဝမ်းသာမိကြောင်း လူရွှင်တော် ပန်းသီးက ဆိုပါတယ်။
သီးလေးသီးအဖွဲ့ဝင် တဦးဖြစ်တဲ့ လူရွှင်တော် ကြယ်သီးကလည်း “အသစ်တဖန် ပြန်ဝင်လာရတဲ့အတွက် ဝမ်းသာပါတယ်။ ခံစားချက်ကတော့ ကိုယ်ပျောက်သွားတဲ့ ပစ္စည်းလေး ပြန်ရသလိုပါပဲ။ ဒီမှာ ကိုယ့်ကိုယ်ကိုယ်ပဲ အားမရမှာ စိုးတယ်။ ပြောင်းလဲပါပြီဆိုတဲ့ နေရာမှာ၊ အသစ်အသစ်တွေလည်း အများကြီးရှိတဲ့နေရာမှာ ပြောင်းလဲမှုတို့၊ တိုးတက်မှုတို့နဲ့အတူ လူတော်တွေ အများကြီး ထွက်လာတဲ့အချိန်ခါမှာ ကိုယ်ပဲ ညံ့သွားမှာ စိုးပါတယ်” လို့ ပြောပါတယ်။
အခုလို သီးလေးသီး အဖွဲ့သားတွေ ဗီဒီယိုလောကထဲ ပြန်ဝင်ရောက်လာနိုင်တဲ့အပေါ် ဝမ်းသာပီတိ ဖြစ်မိတယ်လို့လည်း လူရွှင်တော်၊ ရုပ်ရှင်နဲ့ ဗီဒီယို ဟာသ သရုပ်ဆောင် ကိုကျော်ထူးက ပြောပါတယ်။
“သီးလေးသီးမှတင် မဟုတ်ဘူး လူရွှင်တော် အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် အနုပညာ အလုပ်တွေကို အများကြီး လုပ်ပိုင်ခွင့် ရနေတယ်ဆိုရင် ကျနော်တို့က အများကြီး ပီတိဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးတွေကို ကျနော်နဲ့ ကင်းကောင်နဲ့က ပထမဆုံး မျှော်စင်ကျွန်း ဆေးရောင်စုံအငြိမ့်မှာ မြေတောင်မြှောက်ပေးခဲ့တာပေါ့လေ။ ဒါကြောင့်သူတို့တွေ အခုလို ပြန်ရိုက်နေရတယ် အလုပ်လုပ်နေရတယ်ဆိုတော့ သူများတွေထက်စာရင် ကျနော်က ပိုပြီးပီတိဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ပြည်တော်ပြန်လာကလည်း တချို့နယ်မြို့ဒေသတွေမှာ မပေးရဲပေးရဲ ပွဲမိန့်နဲ့အတူ အငြိမ့်တွေ ဖျော်ဖြေလာခဲ့တဲ့ သီးလေးသီး ဆေးရောင်စုံ အဖွဲ့သားတွေဟာ အခုလည်း ၁ နှစ်ခွဲလောက် အခြေအနေကို စောင့်ကြည့်ခံရပြီးမှ ဗီဒီယိုလောကထဲ ပြန်ဝင်ရောက်ခွင့် ရလာပြီ၊ နောက်ပြီး သီးလေးသီး ဆေးရောင်စုံအငြိမ့်ကို မွေးထုတ်ပေးခဲ့သူ လူရွှင်တော် သရုပ်ဆောင် ဒါရိုက်တာ ဇာဂနာလည်း အနုပညာအလုပ်ကို နှစ်အတော်ကြာ ပိတ်ထားခြင်းခံရတာကနေ မကြာခင် ရုပ်ရှင် ဇာတ်ကားကြီးတွေ ပြန်လည် ရိုက်ကူးတော့မယ်လို့ ဆိုတော့ မစပ်စုတို့ တိုင်းပြည်ကြီးက တချို့တချို့သော ကိစ္စလေးတွေမှာ တဖြည်းဖြည်းနဲ့ ဂဏန်းငြိမ်စ ပြုလာပါပြီလို့ပဲ ဆိုရလေမလားပဲ။