၂၀၁၂ သင်္ကြန်မှာ Sexy ကျတဲ့ ဝတ်စားဆင်ယင်မှုကြောင့် အရမ်းဟော့ဖြစ်ခဲ့တဲ့ လားရှိုးသူ မော်ဒယ်လ် မလေး နန်းသီရိမောင် ဟာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို တော်တော်လေး ခံယူ ခဲ့ရပါတယ်။ ဒါ့အပြင် တေးသံရှင် အိန်အိန်းရဲ့ မင်းနဲ့တို့ချစ်တာ သီချင်း ဗီစီဒီမှာ အိန်အိန်းနဲ့ တွဲဖက် သရုပ်ဆောင်ချက်တွေက လည်းအရမ်း ရဲတင်းလွန်းတယ် ဆိုပြီး ကဲ့ရဲ့ကြသူတွေ ရှိသလို လန်းတယ်ဆိုပြီး ချီးမွမ်းသူတွေလည်း ရှိခဲ့ပါတယ်။ အချိန်တိုတို အတွင်းမှာ မြန်မာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့ နန်းသီရိမောင်က အခုဆိုရင် တကိုယ်တော် စီးရီးစီစဉ်နေသလို၊ ဗီဒီယို ဇာတ်လမ်းတိုတွေ၊ ကြော်ငြာတွေ၊ မဂ္ဂဇင်း ကာဗာတွေလည်း ရိုက်နေပါပြီ။ မေလ ၁၄ ရက်နေ့ကလည်း သုဝဏ္ဏ အားကစားကွင်းမှာ ဆီးဂိမ်း အကြို လှုံ့ဆော်ပွဲ အတွက် ကြော်ငြာတိုလေး ရိုက်ကူးနေတာ တွေ့ရတဲ့အတွက် ဧရာဝတီသတင်းထောက် နဒီထိုက်က တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
မေး။ ။ အခုသုဝဏ္ဏ အားကစားကွင်းမှာ ဘာအတွက် ရိုက်ကူးနေတာလဲ။
ဖြေ။ ။ ဆီးဂိမ်း အကြို လှုံ့ဆော်ပွဲ အတွက် ကြော်ငြာပုံစံမျိုးလေး ရိုက်နေတာပါ။ မေ ၁၇၊ ၁၈၊ ၁၉ ကျရင် ပြည်သူ့ရင်ပြင်မှာ ဆီးဂိမ်း အကြို လှုံ့ဆော်ပွဲလုပ်မှာပါ။ အဲဒီအတွက် ကြော်ငြာအတိုလေးပေါ့။
မေး။ ။ အဲဒီလှုံ့ဆော်ပွဲ မှာကော ဘယ်လိုပုံစံနဲ့ ပါဝင်ဖျော်ဖြေမှာလဲ။
ဖြေ။ ။ ၁၇ နဲ့ ၁၉ ညနေ ၆ နာရီမှာ သီချင်းဆိုမှာပါ။
မေး။ ။ အခုလက်ရှိ အနုပညာ လှုပ်ရှားမှုတွေအကြောင်း ပြောပါဦး။
ဖြေ။ ။ ဆီးဂိမ်းအတွက် ဇာတ်လမ်းတိုလေး ရိုက်နေပါတယ်။ ဒါရိုက်တာ ဝင်းထွန်းထွန်းနဲ့ပါ။ မင်းသားက နေတိုးနဲ့ မြင့်မြတ်ပါ။ ပြီးတော့ မဂ္ဂဇင်း ကာဗာတွေ ရိုက်ထားတာလည်း ရှိတယ်။ ဇာတ်လမ်းတိုက ရုပ်သံ ချယ်နယ်တွေက လွှင့်မှာပါ။
မေး။ ။ ပွဲတွေမှာ သီချင်းဆိုနေပြီဆိုတော့ မော်ဒယ်သရုပ်ဆောင် ဘက်ကနေ ဂီတ ဘက်ကိုကူးဖို့ ရှိလား။
ဖြေ။ ။ ရှိပါတယ်။ တကိုယ်တော် စီးရီးခွေ စလုပ်နေပါပြီ။ ဒီနှစ်မကုန်ခင် ထွက်နိုင်ဖို့ မြန်မြန်လေး လုပ်နေပါတယ်။ R&B၊ Slow Rock၊ Pop Rock ပုံစံလေးတွေ လုပ်ထားပါတယ်။ တေးရေးတွေက ဦးရွှေ (ရွှေဂျော်ဂျော်)၊ အားတီ၊ ဂျောက်ဂျက်တို့ ပါပါတယ်။
မေး။ ။ R&B ပုံစံတွေပါမှာ ဆိုတော့ ရက်ပါတွေလည်း ပါဦးမယ် ထင်တယ်နော်။
ဖြေ။ ။ ဟုတ်ပါတယ်။ ရက်ပါတွေကတော့ ကျမ လေးစားရတဲ့ ကိုဂျေ (ဂျေးမီ) တို့ ကိုဂျောက်ဂျက်တို့ ပါမှာပါ။
မေး။ ။ ဗီဒီယိုတွေရိုက်ဖို့လည်း ပြင်နေပြီဆိုတော့ သရုပ်ဆောင်ပိုင်းမှာ တော်တော် လေ့လာပြီးပြီပေါ့။
ဖြေ။ ။ သရုပ်ဆောင် ဘဝက ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် သေချာ ကြိုးစားနေပါတယ်။ အခုလည်း ဇာတ်ကားတွေ အရင်မရိုက်ဘဲ ဇာတ်လမ်းတိုတွေ အရင်ရိုက်ပြီး အတွေ့အကြုံတွေ သင်ယူနေတာပါ။
မေး။ ။ မော်ဒယ်လ်သင်တန်း ကရော ဘယ်ကဆင်းတာလဲ။
ဖြေ။ ။ ဆရာဂျွန်လွင်ဆီက သင်တန်း ဆင်းထားပါတယ်။ အခု သရုပ်ဆောင်ဘက်ကိုရော၊ အဆိုဘက်ကိုပါ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်။ သရုပ်ဆောင်သင်တန်းရော၊ အဆိုသင်တန်းရော တက်ဖို့ ရှိပါတယ်။ သိထားတာထက် ပိုပြီး သိအောင် လေ့လာချင်လို့ပါ။ ကိုယ်က ဒီအနုပညာကို ချစ်ပြီဆိုတော့ အနုပညာအတွက်လည်း အချိန်ယူပြီး သေချာ သင်ယူရဦးမှာပါ။
မေး။ ။ အနုပညာ အလုပ်တွေ လုပ်တာကို မိဘတွေက ခွင့်ပြုလား။
ဖြေ။ ။ မိဘတွေကလည်း ပံံ့ပိုးပေးပါတယ်။ ခွင့်ပြုပါတယ်။
မေး။ ။ ဇာတိက ပရိသတ်တွေ အကြောင်းလည်း ပြောပြပါဦး။
ဖြေ။ ။ အမျိုးတွေလေ၊ အမျိုးတွေကို ချစ်တာပေါ့၊ ရှမ်းကိုးဆိုတော့ ရှမ်းတွေက ချစ်တာပေါ့။ အကုန်လုံးက အားပေးကြပါတယ်။
မေး။ ။ မော်ဒယ်လ် လောကမှာ Sexy ဒီဇိုင်းနဲ့ နာမည်ကြီးတဲ့ မော်ဒယ်လ်လည်း ဖြစ်တယ်ဆိုတော့ ဒီလို ပုံစံက နန်းသီရိမောင်ရဲ့ ပင်ကိုယ်စတိုင်လ်လား။
ဖြေ။ ။ ပုံစံမျိုးစုံ ရိုက်ဖြစ်ပါတယ်။ Sexy ကျအောင် ရိုက်ရမယ့်နေရာမျိုးမှာလည်း Sexy ဖြစ်နေရမယ်၊ Cute ပုံစံ လိုချင် ရင်လည်း Cute ပုံစံလေး ဖြစ်နေရမယ်။ သရုပ်ဆောင်တဲ့အခါမှာ ပီပြင်အောင် လုပ်တာပဲရှိပါတယ်။ စတိုင်လ် အကုန်လုံးကို ပီပြင်အောင် ကြိုးစားမှာပါ။
မေး။ ။ နန်းသီရိမောင် ရိုက်ခဲ့တဲ့ အိန်အိန်း ဗီစီဒီကို ပရိသတ် တော်တော်လေး အပြောများခဲ့တယ်နော်။ ဆက်ပြီး အဲဒီလို ရိုက်သွားဖို့ရှိလား၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်ကို ဘာပြောချင်သေးလဲ။
ဖြေ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် နိုင်ငံတကာမှာက ဒီလိုမျိုးလည်း ရှိကြတာပဲလေ။ ကျမက သိပ်ကြီး အလွန်ကြီး လည်း ရိုက်ခဲ့တာမှ မဟုတ်တာ။ ဒီလိုမျိုး အသစ်အဆန်းနဲ့ အနုပညာ တခုချပြရုံပါ။ နိုင်ငံတကာအမြင်နဲ့ အသိနဲ့ ကျမကို နည်းနည်း နားလည်ပေးစေ ချင်ပါတယ်။ ဒါပေမယ့် တဘက်က ပြန်တွက်ကြည့်ရင်တော့ မြန်မာနိုင်ငံဆိုတာ ယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံ၊ ရှေးရိုးစွဲ အတွေးတွေ ရှိနေသေးသလို၊ ယဉ်ကျေးမှုအရ မြန်မာမျက်လုံးနဲ့ မမြင်ချင်ကြတာလည်း လက်ခံ ပါတယ်။ သူတို့ အပြစ်လည်း မဟုတ်ပါဘူး၊ ကျမတို့မှာလည်း အပြစ်ရှိတယ်လို့ ခံစားရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျမကတော့ အနုပညာ လမ်းကြောင်းမှာ စဝင်လာတဲ့သူ တယောက်အနေနဲ့ မှားရင်လည်း ပြင်ဖို့အသင့်ပါပဲ။ ကျမဒီလိုရိုက်တာ မကြိုက်ဘူး ဆိုရင်လည်း နောက်ထပ် မရိုက်တော့ပါဘူး။ ကျမကို ချစ်ချစ်ခင်ခင်နဲ့ ဆက်ပြီး လက်ခံ အားပေးစေချင်တာပါ။
ကျမကို မုန်းတဲ့သူတွေရော၊ ချစ်တဲ့သူရော၊ အားပေးတဲ့သူရော အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးလည်း စိတ်ချမ်း သာကြပါစေလို့ ဆုတောင်းပေးပါတယ်။