ရော့ခ် စင်တင်ပွဲတွေကို နှစ်စဉ် 9 planets Present ကနေ ဦးစီးပြီး အစဉ်အလာမပျက် စီစဉ်တင်ဆက်နေကျ ဖြစ်တဲ့ ရော့ခ် စင်တင်ပွဲ တရပ်ကို မေ ၂၉ မှာ ကျင်းပမှာဖြစ်ပါတယ်။
ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ့် အဲဒီပွဲမှာ လူငယ်တွေအကြား ရေပန်းစားနေတဲ့ ရော့ခ်အဖွဲ့တွေ ဖြစ်တဲ့ ကျားပေါက်ရဲ့ Big Bag အဖွဲ့၊ အောင်လရဲ့ Reason အဖွဲ့၊ ဖော်ကာရဲ့ Wanted အဖွဲ့၊ ရေမွန်ရဲ့ Idiots အဖွဲ့တို့နဲ့ အတူ Underground ရော့ခ် အဖွဲ့ တွေကြားမှာ ပရိသတ်အခိုင်အမာ ရှိပြီးသား Drive အဖွဲ့နဲ့ Fever 109 စတဲ့ အဖွဲ့ ၆ ဖွဲ့က ကိုယ့် တေးဂီတ ဝိုင်းနဲ့ကိုယ် ဖျော်ဖြေကြမှာပါ။
ဖျော်ဖြေပွဲမှာ တေးဂီတဝိုင်း တခုစီက သီချင်း ၁၀ ပုဒ်စီနဲ့ ဖျော်ဖြေကြမှာဖြစ်ပြီး 9 Planets Present ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပရတာ ဖြစ်တယ်လို့ 9 Planets က ကိုဂိုဏ်းချုပ်က ပြောပါတယ်။
“ဒီပွဲ လုပ်ရတဲ့ ရည်ရွယ်ချက်က ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ လူစုပြီး ပျော်ပျော်ပါးပါး ဖျော်ဖြေကြတဲ့ သဘောပါ။ ပရိသတ်ကိုလည်း ရော့ခ်တွေ ပေးချင်လို့ပါ။ ၉ နှစ်ပြည့်တုန်းက မိုးရွာလို့ ပွဲပျက်ခဲ့တယ်။အခု ၁၀ နှစ်ပြည့် ပြန်လုပ်တယ်” လို့ ကိုဂိုဏ်းချုပ်က ရှင်းပြတယ်။
စင်တင်ပွဲမှာ ဖျော်ဖြေမယ့် တေးသံရှင် အောင်လ (Reason) ကလည်း ဒီပွဲမှာ သီချင်း ၁၀ ပုဒ်လောက်ဆိုမယ့် အကြောင်း၊ 9 plants ပွဲတွေကို ၂၀၀၇ မှာ စပြီးဆိုခဲ့တဲ့ အကြောင်း၊ S.I.R အဖွဲ့ ဖွဲ့ပြီးနောက်ပိုင်း အရင်လို သိပ်မဆိုဖြစ်တော့တဲ့ အကြောင်း ပြောပါတယ်။
“9 planets က Underground Rock Band တွေကို မြေတောင်မြှောက်ပေးနေတဲ့ အဖွဲ့ပါ။ ကျနော်တို့လည်း ဘယ်သူမှ မသိခင်က 9 planets မှာ ဆိုခဲ့တာပါ။ ဒါကြောင့် အခု S.I.R ဆိုတဲ့ နာမည်မသုံးဘဲ ကိုယ်ပိုင် Band နာမည်နဲ့ပဲ ဆိုကြမှာပါ” လို့ သူက ဆိုပါတယ်။
တေးသံရှင် ရေမွန် (Idiots) ကလည်း သီချင်း ၁၀ပုဒ်လောက် သီဆိုမှာ ဖြစ်ပြီး ဒီဖျော်ဖြေပွဲဟာ Idiots အတွက် ဒီနှစ် မိုးမကျခင် နောက်ဆုံး ဖျော်ဖြေပွဲဖြစ်နိုင်တယ်လို့ ပြောပါတယ်။
တေးသံရှင် ဖော်ကာ (Wanted) က “ပွဲတိုင်းမှာ ဒီသီချင်းတွေချည်းပဲ ဆိုလာရတာ ပရိသတ်ကို အားနာလာလို့ ဒီပွဲတော့ သီချင်း အသစ်တွေ ဆိုမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျနော် ၂၀၀၅ မှာ 9 planets မှာ ဆိုခွင့် မရခဲ့ပါဘူး။ နောက်ပိုင်းမှ ဆိုရတာပါ။ ကိုဂိုဏ်းချုပ်က Underground ရော့ခ် အဖွဲ့တွေကို သေချာ လုပ်ပေးတာပါ” လို့ ရှင်းပြပါတယ်။
ဖျော်ဖြေပွဲကို မေ ၂၉ ညနေ ၆ နာရီမှာ ရန်ကုန်ပြည်သူ့ ရင်ပြင်မှာ ကျင်းပမှာဖြစ်ပြီး လက်မှတ်ဈေးက ထူးထူးခြားခြား ၅၉၉၉ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ လက်မှတ်တွေကို မေ ၁၈ ရက်နေ့က စပြီး City Mart ဆိုင်တွေမှာ စရောင်းနေပါပြီ။ ကံစမ်းမဲ အနေနဲ့ YAMAHA ဂစ်တာ ၃ လုံးလည်း မဲဖောက် ပေးဦးမှာဖြစ်တယ်လို့ ကိုဂိုဏ်းချုပ်ဆီက ပြောပါတယ်။