အသစ်အသစ်တွေ ပေါ်ပေါက်လာတဲ့ မစပ်စုတို့ တိုင်းပြည်ကြီးမှာ အဟောင်းတွေကို မထိန်းသိမ်းနိုင်လို့ တဖြည်းဖြည်း တိမ်ကောလာတဲ့ သတင်းတွေ ကြားရတာ နားမဆံ့အောင်ပါပဲ။
ဟိုဈေးကွက်၊ ဒီဈေးကွက်ကတော့ ပျက်နေပြီ၊ ဟိုလောက ဒီလောကကတော့ ဘယ်လိုမှ ဆက်မထိန်းနိုင်တော့ဘူး စသည်ဖြင့် ကြားကြမှာပါ။ အထူးသဖြင့် အနုပညာလောကရဲ့ ဈေးကွက်ပျက်စီးတာကတော့ အဆိုးဆုံးလို့ ပြောရမလိုပါ။
|
အခု ကြားရ သလောက် ကတော့ ကလေး လူငယ်တွေအတွက် သုတ၊ ရသ ပေးစွမ်းနိုင်တဲ့ တမျိုးဖြစ်တဲ့ ရုပ်ပြကာတွန်း ဈေးကွက် တဖြည်းဖြည်း ယိမ်းယိုင် လာရာကနေ အခုဆိုရင် အပျက်ဘက်ကို ရောက်နေပြီလို့ မစပ်စု စုံစမ်းသိရှိရပါတယ်။
မစပ်စုတို့ ငယ်စဉ်က ရပ်ကွက်ထဲ စာအုပ် အငှားဆိုင်မှာ သမိန်ပေါသွပ်၊ တွတ်ပီ၊ မောင်မောင်ဇာ၊ လေးမွန်၊ ထွေးမွန်၊ ဒီလုံးစတဲ့ ရုပ်ပြ ကာတွန်းစာအုပ် ကလေးတွေကို ကျောင်းအပြန်မှာ တခုပ်တရ ငှားရမ်း ဖတ်ရှုခဲ့ရတဲ့ စာအုပ်ဆိုင် ယဉ်ကျေးမှုလေး ဟာလည်း ပျောက်သလောက် ဖြစ်သွားပါပြီ။ ရပ်ကွက် စာအုပ်အငှားဆိုင်ဆိုတာ မရှိသလောက် နည်းပါးသွားပြီ။
ကလေးတွေရဲ့ ဟီးရိုးရုပ်ပြ ကာတွန်းဇာတ်ကောင် လေးတွေဟာ ဘာကြောင့် တဖြည်းဖြည်းနဲ့ မှေးမှိန် ပျောက်ကွယ်လာရ တာလဲ ဆိုတာကတော့ ရုပ်ပြကာတွန်း (လုံးချင်း) တွေကို ထုတ်ဝေပေးမယ့် ထုတ်ဝေသူတွေ ရှားပါးလာတဲ့ အကြောင်းရင်းလည်း ပါဝင်တယ်လို့ တွတ်ပီ စာအုပ်တိုက်က ထုတ်ဝေသူ ဒေါ်မို့မို့ဆန်းက ရှင်းပြပါတယ်။
“ထုတ်ဝေသူတွေက ရောင်းလို့ မရတဲ့အခါကျတော့ မထုတ်ကြတော့ တာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ရင်းနှီးထားတဲ့ ပိုက်ဆံက ပြန်မရတော့တဲ့ အတွက်ကြောင့်မို့ပါ။ အများစုကတော့ ရပ်ပစ်လိုက်တာတို့၊ နားပစ်လိုက်တာတို့ ရှိနေပါတယ်။ ထွက်မလာ တော့ဘူးပေါ့။ အုပ်ရေ ၁ ထောင်လေး ထုတ်တာတောင် မကုန်တဲ့ အခါကျတော့ ထုတ်မယ့်သူက မထုတ်တော့ဘူး။ ၁ ထောင်လောက် ရောင်းရမှ အရင်းလောက်ရှိတယ်။ အရင်းကို နည်းနည်းလေး ပိုရုံပဲရှိတယ်။ အဲဒီ ၁ ထောင်တောင်မှ ပြန်ပေးတာတွေ ရှိနေသေးတော့ မရပ်တည်နိုင်ကြတော့ ဘူးပေါ့” လို့ သူက ပြောပါတယ်။
ဆိုင်တွေကို စာအုပ်သွားပေးတဲ့အခါ ယူထားကြပေမယ့် ပိုက်ဆံကတော့ ပြန်မရတဲ့အကြောင်း၊ တချို့ကျတော့လည်း စာအုပ်တွေ ပြန်ပေး လိုက်တဲ့အကြောင်း သူက ဆက်ပြောပါတယ်။
“အရင်က ၃၁ လမ်း၊ ၃၂ လမ်း စာအုပ်တန်းကို ရပ်ကွက်က အငှားဆိုင်တွေက လာလာဝယ်ကြတာ ဆိုတော့ တဆိုင်ကို ၂ အုပ်လောက်ဝယ်တယ် ဆိုရင် ၁၀ ဆိုင်ဆိုရင် အုပ် ၂၀ လောက် ရောင်းရတယ်ပေါ့။ အခုကျတော့ အဲဒီ အုပ် ၂၀ လောက်ကိုက မငှားရတော့ဘူး ဆိုတော့ ဆိုင်တွေက ပြုတ်ကုန်ရော။ အဓိကကတော့ ရပ်ကွက်ဆိုင်တွေ ပြုတ်တာပေါ့။ ရပ်ကွက်ထဲမှာ စာအုပ် မဖတ်ကြတော့တဲ့ သဘောပဲ။ စာဖတ်တဲ့သူတွေ တအား အားနည်းလာတဲ့ သဘောပါပဲ” တွတ်ပီ စာအုပ်တိုက် ပိုင်ရှင်က ဆိုပါတယ်။
ရုပ်ပြကာတွန်း လုံးချင်း စာအုပ်တွေကို ကိုယ်ပိုင် ထုတ်ဝေရေးရှိတဲ့ ကာတွန်း ဇာတ်ကောင် အနည်းအကျဉ်းသာ ဆက်လက် ထုတ်ဝေနေပြီး ထုတ်ဝေသူကို မျှော်လင့်နေကြရတဲ့ ရုပ်ပြကာတွန်း လုံးချင်းတွေကတော့ ထပ်မထွက်လာတော့ဘူးလို့လည်း သိရပါတယ်။
ဒီလိုမျိုးတွေ ဖြစ်လာရတဲ့ အကြောင်းအရင်းထဲမှာ နောက်ပိုင်း ကလေးတွေ၊ လူငယ်တွေရဲ့ စာဖတ်အား နည်းပါးမှုနဲ့ ကာတွန်း စာအုပ်တွေအပေါ် စိတ်ဝင်စားမှုအား ကျဆင်းလာတာတွေက အဓိက အကြောင်းအရင်းဖြစ်နိုင်ပါတယ်။ ခေတ်ရဲ့ တိုးတက် ပြောင်းလဲမှုတွေထဲက အင်တာနက်၊ ဂိမ်းအမျိုးမျိုး၊ Mp3၊ Mp4 စတဲ့ တခြား ဖျော်ဖြေမှုတွေအပေါ် ပိုအားသန်လာတဲ့ ခေတ်ကာလ ကလေးတွေကို ဒီ ရုပ်ပြ ကာတွန်းဇာတ်ကောင်တွေက မလွှမ်းမိုးနိုင်တော့ဘူးလို့ ဆိုရ လေမလားပါပဲ။
သို့ပေမယ့် မစပ်စုတို့ တိုင်းပြည်ကြီးထက် ပိုမိုတိုးတက် ထွန်းကားပါတယ်ဆိုတဲ့ တခြားသော တိုင်းပြည် နိုင်ငံတွေ မှာတောင် ကလေးသူငယ်တွေအပေါ် ရုပ်ပြ ကာတွန်း ဇာတ်ကောင်လေးတွေက လွှမ်းမိုးနေနိုင်သေးတယ်လို့ သိရတယ်။ ရုပ်ပြ ကာတွန်း စာအုပ်ဈေးကွက်ဟာ ကမ္ဘာနဲ့ အဝန်း ထိပ်ဆုံးက ရပ်တည်နေနိုင်သေးတာကို တွေ့ရတော့ ဒီနေ့ မြန်မာပြည်ရဲ့ ပျက်စီးနေတဲ့ ရုပ်ပြကာတွန်း(လုံးချင်း) စာအုပ် ဈေးကွက်ရဲ့ ပြဿနာဟာ ခေတ်ရဲ့ တိုးတက်ပြောင်းလဲမှုအပေါ် အပြစ်ပုံချလို့ မရပြန်ပါဘူး။
တနေ့နဲ့ တနေ့ မတူတဲ့ ပြောင်းလဲတိုးတက်မှု၊ လူငယ်တွေရဲ့ ဦးနှောက် ဉာဏ်ရည် ဖွံ့ဖြိုးမှုနဲ့အညီ လိုက်မီမယ့် တီထွင် ဆန်းသစ်မှုတွေကိုလည်း ပိုလို့ လုပ်ဆောင်လာရမှာတော့ အမှန်ပါပဲ။ တနေ့ထက် တနေ့ ပိုမို မဆန်းသစ်လာဘဲ အဟောင်း တွေထဲမှာသာ တဝဲလည်လည် ဖြစ်နေရင်တော့ ခေတ်နောက်မှာ ကျန်နေခဲ့ပြီး မြန်မာပြည်ရဲ တခေတ်ဆန်းခဲ့တဲ့ လုံးချင်းရုပ်ပြ လောကဟာ ပြတိုက်တွေထဲမှာသာ သွားကြည့်ရမယ့် အဖြစ်မျိုး ကြုံတွေ့လာနိုင်ပါတယ်။
“စာအုပ်ကို ကိုယ်တွယ်မယ့် ကလေးတွေဟာ အရင်က ကာတွန်း ဇာတ်ကောင်တွေကို စိတ်မဝင်စား တော့ဘူး။ နောက်တခုက ILBC လို နိုင်ငံတကာအဆင့်မီ ကျောင်းတွေ ဖွင့်လာတော့ အဲဒီလိုကျောင်းတွေက ကလေးတွေရဲ့ ဉာဏ်ရည်ဟာ ရုပ်ပြကို ကိုင်ရမယ်ဆိုတဲ့ အသိက သူတို့ သိထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်လာတယ်။ စာဖတ်တာတောင်မှ မြန်မာစာထက် အင်္ဂလိပ်စာ ပါတာကို ဖတ်ဖို့ သူတို့ စိတ်ကူးနေတဲ့ ကာလရောက်နေပြီလို့ တွေ့နေရတယ်” လို့ လူငယ်ကာတွန်းဆရာ တာရာက သူ့အမြင်ကို ပြောပြတယ်။
ဆက်လက်ပြီး သူက ကာတွန်းကို မြန်မာစာတွေနဲ့ ရယ်စရာ ဖြစ်အောင် ရေးထားတယ်ဆိုရင် ကလေးတွေက ဒါသည် အပေါစား စာပေလို့ သတ်မှတ်မယ်၊ မိဘတွေ ကိုယ်တိုင်ကလည်း ပေးမဖတ်တော့တဲ့ အနေအထားတွေ တွေ့ရတယ် ဆိုတဲ့အကြောင်း၊ ထုတ်ဝေသူတွေ ဘက်ကလည်း ထုတ်ပြီးသား စာအုပ်တွေ၊ ဒီဇိုင်းစာမူတွေကိုပဲ မျက်နှာဖုံးလေး ပြောင်းလိုက်ပြီးတော့ လွန်ခဲ့တဲ့ တနှစ် နှစ်နှစ်လောက်ကပဲ ထွက်ထားတယ်၊ အဲဒါကို အသစ်ဆိုပြီးတော့ ပြန်ရိုက်လိုက်တယ်၊ အဟောင်းတွေချည်းပဲ ဆိုတော့ ပရိသတ်ကို စော်ကားသလို ဖြစ်တယ် ဆိုတဲ့အကြောင်း ရှင်းပြတယ်။
“အဲဒီ ဒဏ်နဲ့တင်ပဲ နောက်ဆုံး ဒဏ်ပြန် သင့်သွားတာကတော့ ပရိသတ်က လုံးဝအားမပေးတော့တဲ့ အဆင့် ရောက်သွားရတယ်။ ရုပ်ပြလုံးချင်းတွေကို ကျနော်တို့ ကိုယ်တိုင် အခုချိန်အထိ အိမ်မက်နေတုန်းပါပဲ။ တခေတ် ပြန်ဖြစ်ဖို့ ဆုတောင်းနေတယ်။ လုံးချင်း တွေဟာ ပေးချင်တဲ့ မက်ဆေ့ချ်တခုကို အပြည့်အ၀ ရောက်စေပါတယ်” ကာတွန်း တာရာက ဆိုပါတယ်။
ရုပ်ပြကာတွန်း လုံးချင်းစာအုပ်လောကကြီး မရှိသလောက် ပျောက်ကွယ်သွားတော့ ရုပ်ပြကာတွန်း ရေးတဲ့ ကာတွန်းဆရာကြီးတွေ အနေနဲ့ သူတို့ ဘဝကို ဘယ်လို အနေအထားတွေနဲ့ ရပ်တည်နေကြသလဲလို့ မစပ်စု သိချင်တာတော့ အမှန်ပါပဲ။ တချို့သော ကာတွန်းဆရာကြီးတွေနဲ့ သူတို့ရဲ့ နာမည်ရ ကာတွန်း ဇာတ်ကောင် လေးတွေဟာ တပတ်တခါ၊ ၁၅ ရက်တခါ၊ တလတခါ ထွက်ရှိနေတဲ့ ရုပ်ပြကာတွန်း ဂျာနယ်တွေ၊ ကလေး ဂျာနယ်တွေမှာတော့ ကြိုကြား ကြိုကြား တွေ့ရတဲ့အတွက် ကာတွန်း ဆရာတွေရဲ့ ပင်တိုင် ဇာတ်ကောင် လေးတွေရော၊ ထပ်မံ မွေးဖွားလိုက်တဲ့ ဇာတ်ကောင် အသစ်ကလေးတွေပါ အသက်ဆက်လက် ရှင်သန် နိုင်နေသေးတဲ့ အတွက် တော်သေးရဲ့လို့ တွေးမိတယ်။ ကာတွန်းဆရာတွေထဲက တချို့ ပန်းချီဆွဲ၊ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ဆောင်းပါး သရုပ်ဖော်ပုံတွေ ဆွဲပြီး ရပ်တည်သူ ရပ်တည်၊ တချို့ကလည်း တခြား လုပ်ငန်းတွေကို ပြောင်းလဲ လုပ်ကိုင်သွားကြ တယ်လို့ သိရတယ်။
“ရုပ်ပြ ရေးတဲ့ ဆရာကြီးတွေက တပတ်တခါ တလတခါ ထွက်တဲ့ ဂျာနယ်တွေပေါ်မှာဘဲ မူတည်ပြီး ရပ်တည် နေကြပါတယ်။ နာမည်မကြီးတဲ့ ကာတွန်းဆရာလေးတွေနဲ့ ဇာတ်ကောင်လေးတွေ ဆိုလည်း အများကြီးရှိသေးတယ်။ ကျနော်တို့က နည်းနည်း နာမည်လေး ရှိသေးတော့ ရေးသမျှကို လက်ခံတယ်။ တချို့ ကိုယ့်ကာတွန်းကို လိုက်ပို့နေရတဲ့ မျိုးဆက်သစ် ကာတွန်းဆရာ လေးတွေဆိုလည်း ဒီလိုပဲ ဟိုပို့ ဒီပို့နဲ့ ရပ်တည် နေရတာပေါ့။ ဒီလို ဂျာနယ်တွေ မဂ္ဂဇင်းတွေ ကိုတောင်မှ မပို့ရဘူး ဆိုရင် ကာတွန်း ဆရာ ဆိုတာကတော့ ကာတွန်းပဲရေးတတ်တာလေ။ တခြား အလုပ် ဘာမှ မလုပ်နိုင်ကြတော့ ဘဝရပ်တည်မှု ခက်ခဲမှာပေါ့” လို့ ၁၉၇၅ – ၈၀ လောက်က စပြီး မောင်မောင်ဇာ၊ လေးမွန်၊ ထွေးမွန်၊ ရွှေအိ၊ ရွှေဘုတ် စတဲ့ ဇာတ်ကောင်လေးတွေ ဖန်တီးခဲ့သူ၊ ၁၉၉၂ – ၉၃ ဝန်းကျင် ကာလလောက်မှာ ရုပ်ပြစာအုပ်တွေနဲ့ အောင်မြင်ခဲ့သူ ကာတွန်းပိုးဇာက ပြောပါတယ်။
ဒါ့အပြင် ကာတွန်းဆရာတွေနဲ့ ထုတ်ဝေသူတွေအကြား လိုက်လျောညီထွေမှု မရှိတဲ့ အချက်တွေဟာလည်း နောက်ပိုင်း ရုပ်ပြ ကာတွန်းလုံးချင်း စာအုပ်တွေ ထပ်မထွက်ဖြစ်တဲ့ အကြောင်းအရင်း တခုဖြစ်တယ်လို့ သူက ထင်မြင်ချက် ပေးပါတယ်။
“ကလေးတွေ စိတ်ဝင်စားမှု နည်းတယ် ဆိုတာကလည်း ကျနော်တို့ ရေးခ၊ ဒီဇိုင်းခ ဒါတွေကို ထုတ်ဝေသူတွေက အစပေါ့၊ သူတို့ အသစ် တအုပ်ထွက်ဖို့ဆိုရင် အရင်လို မကိုက်တော့ဘူး။ သူတို့ပေးတဲ့ ဈေးနှုန်းတွေနဲ့ ရေးလည်း မရေးနိုင်တော့ဘူး။ သူတို့ကလည်း သူတို့ ဈေးကွက် အနေအထား ကြည့်ပြီးပေးတာပေါ့လေ။ အဲဒီတော့ မပေးနိုင်တဲ့အတွက် ကျနော်တို့လည်း မရေးနိုင် တော့ဘူးပေါ့။ ကျနော်တို့့ အခုဆိုရင် အဟောင်းလေးတွေ၊ ဂျာနယ်ထဲ ပါတဲ့ဟာလေးတွေပဲ တခါတလေ ထုတ်တယ်။ အသစ်ကို ကျတော့ ကျနော် တို့လည်း သိပ် မရေးနိုင်တော့ဘူး” လို့ ကာတွန်းပိုးဇာက ဆိုပါတယ်။
ထုတ်ဝေသူတွေ ပေးတဲ့ နှုန်းထားနဲ့ ကာတွန်းဆရာတွေ ရပ်တည်လို့မရတဲ့အကြောင်း၊ ဂျာနယ်ထဲ ပါပြီးသား အဟောင်းတွေ၊ အတိုအစ လေးတွေ ပြန်ထုတ်ပြန်တော့လည်း ပေးတဲ့ဈေးတောင်မှ မကိုက်တဲ့ အတွက် အဲဒါတွေကိုတောင် အခု အချိန်မှာ မထုတ်နိုင် တော့တဲ့အတွက် လုံးဝ ထွက်မလာတော့တဲ့ အနေအထားကို ရောက်သွားပြီ ဆိုတဲ့အကြောင်း သူက ပြောပါတယ်။
ရုပ်ပြကာတွန်း (လုံးချင်း) တွေဟာ ၁၉၅၀ ပြည့်နှစ် ဝန်းကျင် နောက်ပိုင်းကာလတွေမှာ မြန်မာ ကလေး ပရိသတ်တွေ အတွက် စတင် ခေတ်စား လာခဲ့တယ်လို့ သိရပါတယ်။ ရုပ်ပြလောကမှာ ရုပ်ပြပန်းချီနဲ့ ရုပ်ပြကာတွန်း ဆိုပြီး အရှိန်အဟုန်နဲ့ ထွက်ရှိ လာခဲ့ပြီး ကလေးပရိသတ်၊ လူငယ် ပရိသတ်တွေတင်မက လူကြီးတွေပါ စွဲစွဲလန်းလန်း ဖတ်ခဲ့ကြတာ ဖြစ်သလို ရုပ်ပြ ဇာတ်ကောင် တွေဟာလည်း လူတန်းစား အသီးသီးရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။ မစပ်စုတို့ အမေတွေ၊ အဒေါ်တွေ လက်ထက်ကနေ မစပ်စုတို့ ကလေးဘဝ ၁၉၉၀ ကျော် ကာလလောက်အထိ ကာတွန်းဇာတ်ကောင်၊ ရုပ်ပြ ဇာတ်ကောင်တွေဟာ အခု ကိုရီးယား ဇာတ်ကောင်တွေ ခေတ်စားသလို ခေတ်စားခဲ့တာပါ။
မစပ်စုကတော့ အသစ်အသစ်တွေကို ကြိုဆိုသလို၊ ရှိပြီးသား အဟောင်းတွေကိုလည်း ဆက်လက်တည်မြဲ စေချင်တာ အမှန်ပါပဲ။ လုံးချင်းကာတွန်း ရုပ်ပြခေတ် ပြန်လည် ရှင်သန်ဖို့ အဖြေတခု ထုတ်ဖို့တော့ လိုနေပြီလို့ မစပ်စု တွေးမိသလောက် တင်ပြလိုက်ရ ပါတယ်။
မစပ်စုသည် ဧရာဝတီ သတင်းဌာန၏ အနုပညာရေးရာ သတင်းထောက် ဖြစ်သည်။ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ ပန်းချီလောကမှ မြန်မာ အနုပညာရှင်များ၏ ပြည်တွင်းပြည်ပ လှုပ်ရှားမှုများကို ရေးသားလျက်ရှိသည်။