SFU

ဖိုးသောကြာရဲ့ စတိုင်သစ်နဲ့ဆိုဟန် ၂၀၁၃ မကုန်ခင် ကြားရတော့မလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဖိုးသောကြာက သူ့ရဲ့ ၈ ခွေမြောက် စီးရီးမှာ ရှေ့ကထွက်ခဲ့ပြီးပြီ ဖြစ်တဲ့ စီးရီးတွေနဲ့ ပုံစံမတူ ကွဲပြားတဲ့ သီချင်းစတိုင်တွေနဲ့ ပရိသတ်အတွက် ချပြတော့မယ်လို့ ပြောပါတယ်။

ကွယ်လွန်သူ စာရေးဆရာ နိုင်ငံကျော်အဆိုတော် အကယ်ဒမီ မင်းသားကြီး သုမောင်ရဲ့ သားဖြစ်တာကြောင့် အဖေရဲ့ လောင်းရိပ်ကနေ မလွတ်နိုင်ဘဲ ဦးသုမောင်ရဲ့ စတိုင်လ်အတိုင်း ထွက်လာတာလား၊ ဒါမှမဟုတ် အောင်မြင်ပြီးသား ဦးသုမောင်ရဲ့ ပုံစံကို အတုခိုးလိုက်ဆိုတာလား ဆိုတဲ့ ပရိသတ်ရဲ့ ဝေဖန်သံတွေက သူ့ရဲ့ ၈ ခွေမြောက် စီးရီးကို နားထောင်ပြီး ရပ်သွားကြ မလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

“ဒီအခွေက အရင်အခွေတွေနဲ့ ကွဲတယ်။ ကာလာတွေ မတူဘူးပေါ့။ အဖေဆိုခဲ့တာ ဟုတ်ရဲ့လား ဆိုပြီး ပြန်မေးကြတာတောင် ရှိတယ်။ သရော်တာတွေလည်း ပါတယ်၊ စုံတွဲမပါဘူး။ ကျနော်တယောက်တည်း ဆိုမှာပါ” လို့ ဖိုးသောကြာက ဧရာဝတီကို ပြောပါတယ်။

အကယ်ဒမီ သုမောင်ရဲ့ တေးသီချင်း ဟောင်းတွေကို ဖိုးသောကြာရဲ့ ပင်တိုင်တီးဝိုင်း Natural တေးဂီတနဲ့ တီးခတ်ထားပြီး ၂၀၁၃ မကုန်ခင် ဖြန့်ချိမယ်လို့ သိရပါတယ်။

ဦးသုမောင်ရဲ့ သီချင်းဟောင်းတွေကို အသစ်ဖြစ်အောင် ဖန်တီးထားတယ်၊ ပရိသတ်တွေ ရသ အသစ်အဖြစ် နားထောင် နိုင်အောင် ကြိုးစားထားတယ်လို့ ဖိုးသောကြာက ဆိုပါတယ်။

ဖိုးသောကြာရဲ့ သီဆိုဖျော်ဖြေဟန်ကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက လွှင့်တဲ့ သင်္ကြန်သီချင်းနဲ့ ယိမ်းအက အလှ အစီအစဉ်တွေမှာ ကြည့်ခဲ့ရသူ ပရိသတ်တချို့က သူ့ဖခင် ဦးသုမောင်နဲ့ ဆိုပုံဆိုပေါက်က တပုံစံထဲပဲလို့ ပြောဆို ဝေဖန်ကြတာ ကြားသိရပါတယ်။ ဖိုးသောကြာက မကြာသေးခင်ကမှ တေးသံရှင် အိအိချွန်နဲ့ စုံတွဲအခွေ တခွေ ထွက်ထားတာပါ။

ဦးသုမောင်ရဲ့ အမာခံ ပရိသတ်တွေ အနေနဲ့လည်း ဖိုးသောကြာကို သုမောင် ကိုယ်ပွားအဖြစ် မြင်ကြပြီး ဖိုးသောကြာရဲ့ ပင်ကိုယ် အရည်အချင်းကိုလည်း အသိအမှတ်ပြုလာကြတာ တွေ့ရပါတယ်။

ဖိုးသောကြာတို့ အမျိုးတွေကလည်း နိုင်ငံကျော်တွေပါပဲ။ အဘိုးဖြစ်သူက ဒါရိုက်တာ စာရေးဆရာ အကယ်ဒမီ သာဓု၊ ဦးလေးတွေက စာရေးဆရာ မင်းလူ၊ ကွယ်လွန်သူ ဒါရိုက်တာ စာရေးဆရာ အာယု၊ ဘကြီးဖြစ်သူက ဒါရိုက်တာ စာရေးဆရာ အကယ်ဒမီ မောင်ဝဏ္ဏ၊ ဖခင်ဖြစ်သူက စာရေးဆရာ အဆိုတော် မင်းသား အကယ်ဒမီ သုမောင် စတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ မျိုးဆက် တွေထဲမှာလည်း ဒါရိုက်တာ မောင်ဝဏ္ဏရဲ့သား သရုပ်ဆောင် ပြေဇင်နဲ့ ဓာတ်ခဲ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ လူသိ များခဲ့တဲ့ ဥက္ကာ စသည်ဖြင့် အနုပညာ မျိုးရိုး ခိုင်ခိုင်မာမာ ရှိခဲ့တာကြောင့် ဘိုးဘွား မိဘတွေ ဖောက်ခဲ့တဲ့ လမ်းမှာ မျိုးဂုဏ်လည်း မပျက်ဘဲ ဒီဇိုင်းအသစ်၊ စတိုင် အသစ်တွေနဲ့ အနုပညာ အသစ်တွေရဖို့ ဖိုးသောကြာက ဖန်တီးသွားမယ်လို့ ဆိုပါတယ်။

ဖိုးသောကြာက တကိုယ်တော်စီးရီး ၅ ခွေနဲ့ အတွဲစီးရီး ၂ ခွေလည်း ထွက်ရှိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading