တေးသံရှင် ဂျော်နီ (ချာတိတ်) စီစဉ်နေတဲ့ အတွဲစီးရီးခွေမှာ ပလေးဘွိုင်းသန်းနိုင်၊ လူမင်း၊ Rဇာနည်၊ ဖိုးကာ၊ ကိုဇော်အောင် (ဓာတု)၊ ဂျော်နီ၊ အုပ်စိုး၊ ခင်စုစုနိုင်၊ Bobby Soxer တို့ ပါဝင်သီဆိုကြမယ်လို့ သိရပါတယ်။
ဒီစီးရီးမှာ သီချင်း ၁၃ ပုဒ် ပါဝင်ပြီး ဂျော်နီကိုယ်တိုင် ရေးထားတဲ့ သီချင်းတွေ အများဆုံးပါဝင်မှာ ဖြစ်တယ်လို့ ဂျော်နီက ပြောပါတယ်။
“အရင်တုန်းက သီချင်းတွေ ရင်ထဲပြန်ရောက်အောင် စီစဉ်လိုက်တာပါ။ ကျနော့်ရဲ့ အခွေမှာ ဦးသန်းနိုင်တို့၊ ကိုလူမင်းတို့ Rဇာနည်တို့၊ ဖိုးကာတို့ အားလုံးက မေတ္တာနဲ့ ကူညီကြတာ ဆိုတော့ ကျနော်လည်း ခေတ်ပျက်ကြီးထဲမှာ ဆက်လုပ်နိုင်ခဲ့ တာပေါ့ဗျာ” လို့ သူက ဆိုပါတယ်။
ဂျော်နီရဲ့ စီးရီးမှာ ထူးထူးခြားခြား သရုပ်ဆောင် လူမင်းကလည်း သီချင်းတပုဒ် ပါဝင်သီဆိုမှာ ဖြစ်ပါတယ်။ သရုပ်ဆောင် လူမင်းက ဂျော်နီ အအောင်မြင်ဆုံးလို့ ပြောလို့ရတဲ့ “ချာတိတ်” သီချင်းကို ရက်(ပ်)ပါမလေး Bobby Soxer နဲ့ အတူတွဲဖက် သီဆိုမယ်လို့ သိရပါတယ်။
လူမင်းက “ဂျော်နီဆိုတာ တချိန်တုန်းက ကိုယ်က သူ့ပရိသတ်လေ။ ချာတိတ်သီချင်းကိုလည်း အရမ်းသဘောကျတယ်။ သင်္ကြန်တုန်းကလည်း အတူဆုံဖူးတော့ သူ့ကို သဘောကျတဲ့စိတ်နဲ့ ဒီအခွေမှာ ဆိုဖြစ်တာပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။
သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ လူမင်းဟာ ဦးမြတ်ခိုင် စီစဉ်ခဲ့တဲ့ အချစ်ခါးခါး စီးရီး၊ ဒါရိုက်တာ ဇင်ယော်မောင်မောင် စီစဉ်တဲ့ ကောင်းကင် ကြယ်စင် မောင်နှမ စီးရီး တွေမှာ သီချင်းတစ်ပုဒ်စီ ပါဝင်သီဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။
ဂစ်တာ သီချင်းကို သီဆိုမယ့် ပလေးဘွိုင်းသန်းနိုင်က “ဂျော်နီကို ၁၉၉၀ လောက်ကတည်းက သိခဲ့တယ်။ သူ့ ပရိုဂျူဆာက မန္တလေးက ကိုနေဝင်းပေါ့။ ဦးသန်းနိုင် သြစတြေးလျ သွားတော့ ဂျော်နီကလည်း ဦးသန်းနိုင်ရဲ့ သီချင်းတွေကို ဗားရှင်းပြောင်း ဆိုခဲ့တယ်။ အခုကျတော့ အခွေလေး လုပ်မယ်၊ ဦးသန်းနိုင် ငယ်ငယ်ကဆိုခဲ့တဲ့ ဂစ်တာစီးရီးထဲက ဂစ်တာ သီချင်းလေး ဆိုပေးပါဆိုတော့ ဟာမိုနီ စတူဒီယိုမှာ ဆိုပေးခဲ့တယ်။ သီချင်းက Arrangement တွေပြောင်းသွားတယ်။ ခေတ်ပုံစံပေါ့။ သီချင်းကို Recording မှာ မဆိုတာ ကြာပြီဆိုတော့ ဟိုတုန်းက ဖီလင်တခုကို ပြန်သတိရမိတယ်။ ပျော်တာပေါ့၊ ကြိုက်ပါတယ်” လို့ ပြောပါတယ်။
ဂျော်နီရဲ့ စီးရီးကို ခေါင်းစဉ် ရွေးချယ်နေဆဲဖြစ်ပြီး The Wings တေးဂီတက ပင်တိုင် တီးခတ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဂျော်နီစီစဉ်တဲ့ အရင်နဲ့ မတူဘူး နှစ်ချို့ဝိုင် အတွဲခွေ စီးရီးကိုလည်း ဇွန် ၂ ရက်နေ့မှာ ဖြန့်မှာဖြစ်ပြီး ချစ်ကောင်း၊ ဂျေမောင်မောင်၊ ဂျော်နီတို့ အပြင် တေးသံရှင် အသစ်များစွာ ပါဝင်သီဆို ထားပါတယ်။
ဂျော်နီက ၁၉၈၇ ခုနှစ်မှာ ချာတိတ် စီးရီးနဲ့ ပရိသတ်သိခဲ့တာဖြစ်ပြီး ချာတိတ်သီချင်းကလည်း အခုထိ ပေါက်နေတဲ့ သီချင်းတပုဒ်လို့ ပြောလို့ ရပါတယ်။ ဂျော်နီဟာ တေးစီးရီး ၁၃ ခွေထွက်ခဲ့ပြီး နှစ်စဉ် တနှစ်ကို တခွေနှုန်းနဲ့ ထွက်နိုင်အောင် ဆက်ကြိုးစားမယ်လို့ ဂျော်နီက ပြောပါတယ်။