Laurel Art Academy (အနုပညာ သင်တန်းကျောင်း) မှ သင်တန်း ဆင်းကျောင်းသူ ကျောင်းသားများက ဝါရင့် သရုပ်ဆောင် နိုင်းနိုင်း၊ တေးသံရှင် နော်လီဇာတို့နဲ့ တွဲဖက်ပြီး အပိုင်း ၂၀ ပါ ဇာတ်လမ်းတွဲ တခုကို ရိုက်ကူးနေတယ်လို့ Laurel ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်သီတာလင်း ဆီက သိရပါတယ်။
ဇာတ်လမ်းတွဲကို ‘ပန်းနုရောင်သံစဉ်’ လို့ အမည်ပေးထားပြီး Laurel ကျောင်းမှ သင်တန်းအမှတ်စဉ် ၁၊ ၂၊ ၃၊ မှ ကျောင်းသား ကျောင်းသူ ၄၅ ဦးက ပါဝင်သရုပ်ဆောင် ထားကြတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲကို ရိုက်ကူးပြီးစီးပါက 5Net Work မှာ ပြသမှာ ဖြစ်ပါတယ်။
“အခု ပန်းနုရောင် သံစဉ်ဆိုတဲ့ အပိုင်း ၂၀ ပါတဲ့ ဇာတ်လမ်းတွဲက ပထမတော့ 5 Network က လာအပ်တာပါ။ တကယ်တမ်းတော့ ကိုယ့်ဘာသာပဲ လုပ်ဖြစ်တယ်။ ကိုယ့်စိတ်ကိုယ့်သဘော လုပ်ချင်တယ်။ ပြီးမှ ပြရင် ကိုယ့် အနုပညာ ကိုလည်း ထင်သာမြင်သာ လာနိုင်တော့ ကိုယ့်စိတ်ကူးနဲ့ ရိုက်တယ်။ ပြီးရင်တော့ ဦးစားပေးအနေနဲ့ သူတို့ကို ပေးရမှာပေါ့။ 5Network ကပဲ လွှင့်မှာပါ” လို့ ဒေါ်သီတာလင်းက ပြောပါတယ်။
ပန်းနုရောင် သံစဉ် ဇာတ်လမ်းတွဲကို ဒါရိုက်တာ သီတာလင်း ရိုက်ကူးပြီး သရုပ်ဆောင် နိုင်းနိုင်း၊ ကျော်စိုး၊ နော်လီဇာ၊အေးသီတာတို့နဲ့ Laurel ကျောင်းသား ကျောင်းသူများက သရုပ်ဆောင်ထား ပါတယ်။ စက်ပစ္စည်းပိုင်းနဲ့ သရုပ်ဆောင်များ၊နောက်ခံတေးဂီတ၊ နောက်ခံသီချင်းများ အားလုံးကိုလည်း Laurel အဖွဲ့ကပဲ ပူးပေါင်း ဆောင်ရွက်တာဖြစ်ပြီး One Stop Service ပေးနိုင်တဲ့ အနုပညာကျောင်း တကျောင်းအဖြစ် ဆက်လက် ရပ်တည်သွားမှာ ဖြစ်တယ်လို့ Laurel မှ ဦးစီးသူ ဦးရန်အောင်ထွန်းက ပြောပါတယ်။
ဇာတ်လမ်းတွဲမှာ ကျောင်းအုပ်ကြီးအဖြစ် ပါဝင်သရုပ်ဆောင်မယ့် တေးသံရှင် နော်လီဇာက “ဒီဇာတ်လမ်းတွဲနဲ့ ဆိုရင် Laurel က ရိုက်တဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်တာ ၃ ကားရှိပြီပေါ့။ အခု ဇာတ်ကားလေးက ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အနုပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆုံးမပေးတယ်၊ သွန်သင်ပေးတဲ့ ဇာတ်ကားလေးပေါ့။ ဒီကျောင်းရဲ့ တကယ့် ကျောင်းအုပ်က အကယ်ဒမီ ဦးကြည်စိုးထွန်းလေ။ သူကတောင် နောက်နေသေးတယ်၊ သူ့နေရာကို ယူပြီး ဝင်ရိုက်တာ ကောင်းကောင်း သရုပ်ဆောင်ပါတဲ့” လို့ ပြောပြပါတယ်။
ဇာတ်လမ်းအကျဉ်း ကတော့ အနုပညာ Musical Drama ဇာတ်ကား ဖြစ်ပြီး အဆိုအဖွဲ့၊ အကအဖွဲ့များက အခက်အခဲများ ကျော်လွှားပြီး နောက်ဆုံးမှာ ပညာသင်ဆု ရရှိသွားကြတဲ့ ပုံစံရိုက်ကူးထားတာ ဖြစ်ပါတယ်။
Laurel အနုပညာကျောင်းမှာ အမှတ်စဉ် ၁ သင်တန်းကို တက်ရောက်ခဲ့ပြီး ပန်းနုရောင်သံစဉ် ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်နေသူ သရုပ်ဆောင်သစ် စောမြတ်နိုးက “ကျနော်တို့က ဒီကားမှာ ငါးယောက် သူငယ်ချင်း အဖွဲ့ရှိတယ်။ခပ်ကင်းကင်း နေတတ်တဲ့ စရိုက်နဲ့ပေါ့။ ဒီကားက ဇာတ်လမ်းတွဲမှာ ဆိုရင်တော့ ပထမဆုံးပေါ့။ ဗီဒီယိုဆိုရင် ၅ ကား ရှိပါပြီ။ Laurel ကျောင်း မတက်ခင်ကတော့ နေမျိုးအောင်၊ မျိုးစန္ဒီကျော်တို့နဲ့ ‘နေအတွင်းမှ လမင်းကုဋေ’ ဆိုတဲ့ ဇာတ်ကားမှာ ပါဖူးပါတယ်။ အရင်က ကိုယ်ထင်ရာ လုပ်နေရတာ။ အခုတော့ လမ်းကြောင်းတခုပေါ် ရောက်နေပြီလို့ ထင်ပါတယ်” လို့ ပြောပါတယ်။
Laurel အနုပညာကျောင်းမှာ သရုပ်ဆောင်ပညာ၊ ဂီတ အဆို အရေး အတီးပညာ၊ မြန်မာနဲ့ အနောက်တိုင်း အကပညာ၊မော်ဒယ်လ်ပညာ တို့အပြင် မြင်းစီး၊ ဘောလုံး စတာတွေကိုပါ သင်ကြားပေးနေတယ်လို့ သိရပါတယ်။
ကျောင်းအုပ် အဖြစ် ဦးကြည်စိုးထွန်းက တာဝန်ယူထားပြီး မော်ဒယ်လ်ပညာကို တင်မိုးလွင်၊ အဆိုပိုင်းကို နော်လီဇာ၊ ခေတ်ပေါ် အကကို ယူရေနီယံ အကအဖွဲ့၊ မြင်းစီးအတတ်ကို မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်၊ အတီးပညာကို ဦးကျော်စွာထွန်း စတဲ့ ဝါရင့် အနုပညာရှင်တွေက သင်ကြားပေးလျှက် ရှိပြီး သရုပ်ဆောင်ပိုင်းကိုလည်း ဝါရင့် သရုပ်ဆောင်များက လာရောက် သင်ကြားပေးနေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု အနုပညာ ကျောင်းဆင်း လက်မှတ်များ ပေးနိုင်ရန်လည်း စီစဉ်နေတယ်လို့ ဒေါ်သီတာလင်းက ပြောပါတယ်။