ကိုယ့်ကိုယ်ကိုယ် အနုပညာလောကမှာ မဖြစ်နိုင်ဘူး၊ မလှဘူးလို့ ထင်တဲ့သူပဲ ဖြစ်နေပါစေ၊ ဝါသနာပါရင်၊ ဇွဲရှိမယ်ဆိုရင် သင်ပေးတာကို နာခံယူတတ်သူ၊ အသက် ၁၈ နဲ့ ၂၆ နှစ်အကြား၊ အရပ် အနည်းဆုံး ၅ ပေ ၄ လက်မ ရှိတဲ့သူတွေအတွက် မျှော်လင့်ချက်ပေးနိုင်မယ့် ပြိုင်ပွဲတခု ပြုလုပ်တော့မှာပါ။ The Model Academy ဆိုတဲ့ မြန်မာနိုင်ငံရဲ့ မျက်နှာသစ် မော်ဒယ်လ်ရှာဖွေ မွေးထုတ်မှုပွဲကြီးအတွက် ယှဉ်ပြိုင်နိုင်ဖို့ ဖိတ်ခေါ်နေပါပြီ။
မိန်းကလေး တယောက်ရဲ့ အလှအပ ဆိုတာထက် အဲ့ဒီ အလှအပရဲ့ နောက်မှာ ပါလာမယ့် သူ့ရဲ့ အရည်အချင်း၊ ကိုယ်ပိုင် စွမ်းရည် စတာတွေကို အဓိကထား ရွေးချယ် ဖော်ထုတ်သွားမယ်လို့ သိရပြီး တခြားသော မော်ဒယ်လ်ပြိုင်ပွဲတွေမှာ ဆုရထားသူများ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ထားသူများက လွဲလို့ ကျန်တဲ့ မျက်နှာသစ် မော်ဒယ်လ် မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။
|
“အခုလက်ရှိ ရွေးထုတ်ပေးနေတဲ့ ပြိုင်ပွဲတွေနဲ့ကတော့ လုံး၀ မတူပါဘူး။ ဒီပွဲမှာက Camp ဝင်ရပါမယ်။ အပြင်လောကနဲ့ လုံး၀ အဆက်အသွယ် မရှိတော့ပါဘူး။ အဲဒီတချက်နဲ့တင်ကို တခြားပြိုင်ပွဲတွေနဲ့ ယှဉ်လို့မရတော့တဲ့အတွက် အားသာချက်တွေ၊ အားနည်းချက်တွေဆိုတာ ပြောလို့မရတော့ပါဘူး။ ဖုန်းတွေအကုန်လုံးသိမ်း၊ အိမ်နဲ့ အပြင်လောကနဲ့ အဆက်အသွယ် လုပ်ချင်ရင် ကြိုးဖုန်းတခုနဲ့ပဲ၊ ကင်မရာ ထောင်ထားတဲ့ ကြိုးဖုန်းကနေ ဗီဒီယို အရိုက်ခံပြီး ဆက်သွယ်လို့ရမှာ ဖြစ်တဲ့အတွက် အခြားအခြားသော Surprise တွေကိုတော့ တီဗီပေါ်မှာပဲ အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ The Model Academy ပွဲရဲ့ ဒိုင်အဖြစ် ပါဝင်အကဲဖြတ် ရွေးချယ်ပေးမယ့် မော်ဒယ်လ် သန္တာလှိုင်က ဧရာဝတီကို ပြောပါတယ်။
ဒီပြိုင်ပွဲကို Media Kabar က စီစဉ်တက်ဆက်မှာဖြစ်ပြီး အထက်မြန်မာပြည် အောက်မြန်မာပြည် အသီးသီးက လာရောက် လျှောက်ထားကြမယ့် မော်ဒယ်များထဲက ၂၄ ယောက် ရွေးချယ်ကာ အဲဒီထဲကမှ ၁၂ ယောက်ကို သီးသန့် ပြန်လည်ရွေးထုတ်ပြီး Camp သွင်းမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှု၊ ကိုယ်ပိုင်ကျွမ်းကျင်မှု၊ အရည်အချင်း စတာတွေကို ဗီဒီယို မှတ်တမ်းတင်ကာ Channel 7 နဲ့ 4HD စတဲ့ ချယ်နယ်လိုင်းတွေမှာ အပိုင်းလိုက် ပြသသွားမယ်လို့ သိရပါတယ်။
ပွဲအခြေအနေနဲ့ ပတ်သက်ပြီး Media Kabar မှ မားကက်တင်း မန်နေဂျာ ကိုမျိုးအောင်က “လျှောက်လွှာတွေ လာတင်ထားတဲ့ သူထဲကမှ ပထမဆုံးအကြိမ် ၂၄ ယောက် ရွေးပါမယ်။ အဲဒီထဲကမှ ၁၂ ယောက်ကို စင်ပေါ်တင်ပါမယ်။ Camp သွင်းပါမယ်။ မော်ဒယ်လ်တွေအနေနဲ့ ဖက်ရှင်ပိုင်းတွေပါမယ်။ သူတို့ရဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှု၊ နောက် Trip သွားမယ်။ အဲ့ဒီမှာ ဖိုတို ရှုတင် လုပ်မယ်။ နောက် တယောက်နဲ့တယောက် လူမှုဆက်ဆံရေး ဘယ်လောက် ကောင်းသလဲ ဆိုတဲ့ အရည်အချင်းတွေကို စစ်ပါမယ်။ Episode တခုမှာ ၁၂ ယောက်ထဲကမှ တယောက်ချင်းစီ ဖြုတ်သွားရင်းနဲ့ နောက်ဆုံး ၃ ယောက်ကျန်တဲ့ အထိကို ဖြုတ်သွားမှာပါ။ အဲဒီ ၃ ယောက်ကို Grand final လုပ်ပြီး စင်ပေါ်တင်မယ်။ အဲဒီကမှ ၁ ယောက်ကို ပြန်ဖြုတ်ပြီး ကျန်တဲ့ နှစ်ယောက်ကို ပထမနဲ့ ဒုတိယ ဆုပေးမှာပါ။ ကျနော်တို့က ပြိုင်ပွဲကို ရိုက်ကူးရေး လုပ်ပါမယ်။ ချယ်နယ်ကနေ ပြန်ပြမယ်” လို့
ရှင်းပြပါတယ်။
The Model Academy ပြိုင်ပွဲရဲ့ ဒိုင်တွေအဖြစ် မော်ဒယ်လ် သန္တာလှိုင်၊ ဓာတ်ပုံ ပီတာ၊ မိုးကုတ်ပေါက်ပေါက်နဲ့ MRTV 4 မှ အစီအစဉ်တင်ဆက်သူ ဇင်အောင်တို့က ပါဝင် အကဲဖြတ်ပေးကြမှာပါ။
ဒီပြိုင်ပွဲရဲ့ Camp သွင်းပြီး လေ့ကျင့်သင်ကြားပေးခြင်း ခံရမယ့် မော်ဒယ်လ် ၁၂ ယောက်ကို ဒိုင်ဖြစ်သူ မော်ဒယ်လ် သန္တာလှိုင်က အဓိက လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်ပြီး ဘာတွေ သင်ကြားပေးမလဲဆိုတာ မေးမြန်းကြည့်တော့ “Camp သွင်းထားတဲ့ အချိန်မှာလည်း တီဗီက တောက်လျှောက် ရိုက်နေမှာပါ။ အချင်းချင်း စကားပြောတာ၊ စားတာသောက်တာ၊ နေရာလုတာ အိမ်တွင်းရေးမှာ ဖြစ်ပျက်နေကြတဲ့ ပြဿနာမျိုးစုံပေါ့။ မိန်းကလေး အရွယ်တူ ၁၂ ယောက်ကို အိမ်မှာ ပိတ်ထားလိုက်ရင် ဘယ်လောက် Drama များမလဲဆိုတာ စဉ်းစားကြည့်လို့ ရနေပြီ။ ကျမတို့ သင်ပေးသွားမှာကတော့ ကမ္ဘာမှာ မော်ဒယ်လ် တယောက် သိထားသိသင့်တဲ့ လက်ကိုင်စာအုပ်ဆိုပြီး ဘယ် University ကမှ မသင်သေးပါဘူး၊ ကျမရှာကြည့်ပြီးပါပြီ။ အဲဒီတော့ ကျမ ရှာဖွေထားသမျှ၊ အတွေ့အကြုံအရ စုစည်းထားတဲ့ အတတ်ပညာတွေ အကုန်လုံးပေါင်းပြီးတော့ ပြုစုထားတဲ့ ဖတ်စာအုပ် လို့ပဲ ပြောရမှာပေါ့နော်၊ အဲဒါနဲ့ သင်သွားမှာပါ” လို့ သန္တာလှိုင်က ဆိုပါတယ်။
ဒီထဲမှာ စင်ပေါ်မှာ လမ်းလျှောက်နည်း၊ Post ပေးနည်းတွေ၊ Camera Lighting နဲ့ ပတ်သက်တာတွေ၊ Modelling ကို အသက်မွေးဝမ်းကြောင်း အနေနဲ့ လုပ်သွားမယ်ဆိုရင် သိထား သိသင့် တတ်အပ်တဲ့ လူမှုရေးနဲ့ စီးပွားရေးကဏ္ဍတွေ၊ လူမှုဆက်ဆံပုံ၊ Marketing (ကိုယ့်ကိုယ်ကို Marketing လုပ်တတ်အောင်)၊ Promotion လုပ်တတ်အောင်၊ ဘာက အရေးကြီးလဲ၊ ဘယ်လိုင်းကိုသွားချင်တာလဲ၊ Photo Modelling လား၊ Catwalk လား၊ Promotion လား၊ ရုပ်ရှင်ပိုင်းလား စတဲ့ ကိုယ်ဘာလုပ်ချင်လဲ ဆိုတာတွေကို ခွဲခြားသိတတ်အောင် လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒီပြိုင်ပွဲရဲ့ ပထမဆုကို ကျပ်သိန်း ၂၀၊ ဒုတိယဆုကို ၁၀ သိန်း သတ်မှတ်ထားပြီး ဆုရမော်ဒယ်လ်တွေကို Media Kabar က ထုတ်လုပ် တင်ဆက်သွားမယ့် ရုပ်ရှင်များ၊ TV စီးရီးများ၊ ကြော်ငြာကဏ္ဍများ၊ အခြားသောအစီအစဉ် ကဏ္ဍတွေမှာ မူပိုင်အဖြစ် အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြိုင်ပွဲလျှောက်လွှာတွေကို အောက်မြန်မာပြည်အနေနဲ့ Media Kabar ရုံးခန်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ အခမဲ့ ထုတ်ယူနိုင်ပြီး အထက်မြန်မာပြည်အနေနဲ့ Mandalay FM မှာ အခမဲ့ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
လျှောက်လွှာများကို ၂၀၁၃ ခုနှစ် မေလ ၂၀ ရက်နေ့မှာ စတင်ထုတ်ပေးနေတာ ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ပေးပို့ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။