SFU

၈၈ အရေးအခင်း ပုံရိပ်တွေနဲ့ ဇာတ်ကား ၂၀၁၅ ရုံတင်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၈၈ အရေးအခင်း ပုံရိပ်တွေ ထည့်သွင်းရိုက်ကူးထားတဲ့ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၅ မှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒီဇာတ်ကားကို ထုတ်လုပ်တဲ့ အကယ်ဒမီ ခန့်စည်သူက ပြောပါတယ်။

ဇာတ်ကားကို မန္တလေးတိုင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ၈၈ အရေးအခင်းတုန်းက ပုံရိပ် အစစ်အမှန်တွေကို ထည့်သွင်း ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အဲဒီတုန်းက ရှိခဲ့တဲ့ အတိုင်းပဲ ရိုက်မှာပါ။ အဲဒီတုန်းက တကယ်ရှိခဲ့တဲ့ ပုံရိပ် အစစ်တွေ၊ အထောက်အထား တွေလည်း ရှိနေတယ်လေ။ အဲဒါတွေလည်း ထည့်သုံးပြီး လိုအပ်တာတွေကို အသစ် ပြန်ရိုက်ထားပါတယ်။ တကယ့် အစစ်အမှန်တွေနဲ့ အခုမှ ပြန်ရိုက်ထားတာတွေကို ရောပြီးတော့ ပြမှာပါ။ ၈၈ တုန်းက ထွက်ခဲ့တဲ့ ဂျာနယ်တွေ၊ အစိုးရ သတင်းစာတွေလည်း ကျနော့်မှာ အကုန်လုံးရှိတယ်။ အကုန်ထည့်သုံးမှာပါ” လို့ ခန့်စည်သူက ပြောပါတယ်။

တကယ့် အဖြစ်အပျက်တခုကို ရိုက်ကူးတဲ့အတွက် ဆင်ဆာအဖွဲ့က ခွင့်မပြုမှာကိုလည်း စိုးရိမ်စရာမရှိဘူးလို့ ခန့်စည်သူက ဆိုပါတယ်။

“ဒီကားကို ရိုက်ဖို့ စိတ်ကူးမိခဲ့တာ ပြောမယ်ဆိုရင် ကျနော်တို့ နိုင်ငံရဲ့ ဆင်ဆာနဲ့ ပတ်သက်ပြီးတော့ပဲ ပြောရမှာပါပဲ။ အခုဒီလို ကားမျိုး ရိုက်ခွင့်ရပြီဆိုလို့ ရိုက်တာပါ။ အရင်ကဆိုရင် ဒီလိုကားမျိုး စိတ်တောင်မကူးဝံ့ပါဘူး။ ဆင်ဆာက လက်ခံ ခွင့်ပြုရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က မဟုတ်တာ ရိုက်တာမှ မဟုတ်တာ။ မြန်မာနိုင်ငံမှာ တချိန်တခါ တုန်းက ကျနော်တို့က စစ်ဌာနချုပ်ကို သေမလောက် ကြောက်ခဲ့ရတာလေ။ သူဒုက္ခ အရမ်းပေးတယ်။ ကျောင်းသား အရေးအခင်းမှာ ပါတဲ့လူတွေ၊ ဆန္ဒပြတဲ့လူတွေကိုလည်း ဘယ်လို ခိုင်းခဲ့တယ်၊ ဘယ်လို ညှဉ်းပန်း နှိပ်စက်ခဲ့တယ် ဆိုတာလည်း အားလုံး အသိပဲ။ ပြောရမယ်ဆိုရင်တော့ စစ်အာဏာရှင် ပလ္လင် ဆိုတာက ကျောင်းသားတွေရဲ့ အရိုးတွေနဲ့ တည်ဆောက် ထားတာပါ။ ဒါဟာ ဘယ်သူမှ ငြင်းလို့မရတဲ့ အရာတခုပါ။ ကျနော့်အနေနဲ့ ချဲ့ကားပြီး ရိုက်တာလည်း မဟုတ်ဘူး၊ တကယ် သမိုင်းကြောင်း တခု ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိခဲ့တယ်ဆိုတာကို မမီလိုက်တဲ့ နိုင်ငံသူနိုင်ငံသားတွေ သိအောင်လို့ ရိုက်ပြတဲ့ သဘောပါပဲ” လို့ ခန့်စည်သူက ဧရာဝတီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ သမိုင်းတွင်တဲ့ ရာဇဝင်တွေ၊ ဇာတ်လမ်းတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီလို သမိုင်းတွေထဲက ၈၈ အရေးအခင်း ကိုမှ ရွေးချယ် ရိုက်ကူးတာဟာ သူကိုယ်တိုင် ၈၈ ကာလကို မီခဲ့တဲ့အတွက် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“ကျနော်က ၈၈ အရေး အခင်းမှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသား တယောက်ကို စစ်ဌာနက ခေါ်စစ်ရင်းနဲ့ ထောင်ကျသွားတဲ့ ကျောင်းသားရဲ့ နေရာပေါ့။ အဲဒီ ကျောင်းသားက အရေးအခင်းမှာ ဆန္ဒပြတယ်၊ တရားဟောတာတွေ လုပ်တယ်။ အဲဒါတွေကြောင့် ထောင်ကျသွားခဲ့တယ်။ ထောင်ကနေ ထွက်လာတဲ့အခါမှာ ခေတ်စနစ်က ပြောင်းနေပြီ။ အဖမ်းခံရတုန်းက စစ် အစိုးရ လက်ထက်ပေါ့။ ပြန်လွတ်လာတော့ ဦးသိန်းစိန် လက်ထက် ရောက်နေပြီ။ အဲဒါနဲ့ ရွာလေးတရွာ ရောက်သွားတယ်။ အဲဒီလို ပုံစံ ဇာတ်ရုပ်မှာ သရုပ်ဆောင်ထားတယ်” လို့ သူ့ရဲ့ ဇာတ်ကောင် စရိုက်နဲ့ ပတ်သက်လို့ ခန့်စည်သူက ရှင်းပြလာပါတယ်။

ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကားကြီးဟာ ဇာတ်ကား တခုလုံး အရေးအခင်းကာလ အတွင်းမှာ ရိုက်ပြထားတာမျိုး မဟုတ်ဘဲ အစပိုင်း လောက်သာ ၈၈ ပုံရိပ် ပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။

“ကျောရိုး တခုလုံးက ၈၈ ကို ယူထားတာ မဟုတ်ဘူး။ ထိပ်စ အခန်းတွေမှာပဲ သူဘာကြောင့် ထောင်ကျခဲ့သလဲဆိုတာ ၈၈ မြင်ကွင်းတွေနဲ့ Narration လေးနဲ့ ပြန်ပြောမှာပါ။ နောက်ပိုင်း ဒီဘက်ခေတ် ရောက်လာတဲ့ အခါ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ဒေသခံတွေနဲ့ ဖြစ်တဲ့ ပြဿနာလေးတွေပါ။ အဓိက ကတော့ မြန်မာလူမျိုးတွေ တော်တော်များများက စာမဖတ်ကြတော့ အသိပညာ ဗဟုသုတ နိမ့်ကျ နေကြတာပေါ့။ ပြောရမယ် ဆိုရင်တော့ ကိုယ့်နိုင်ငံမှာ ရှိတဲ့ ပညာတတ်တွေ အားလုံးက သူများ နိုင်ငံမှာ ကျွန်ခံနေကြတာပေါ့။ သူများနိုင်ငံမှာရှိတဲ့ စီးပွားရေးသမားတွေနဲ့ အတတ်ပညာရှင်တွေက ဒီနိုင်ငံ လာပြီး သိုက်တူး နေကြတယ်။ ဒါပါပဲ။ ဒါကို ပေးချင်တာပါ။ ၈၈ တခုတည်း မဟုတ်ဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ရိုက်ပြတာပါ။ မီးပျက်တဲ့ အခြေအနေတွေလည်း ပါပါတယ်” လို့ ခန့်စည်သူက ဆိုပါတယ်။

ဒီရုပ်ရှင်ကို ၂၀၁၅ ခုနှစ်လောက်မှာ ရုံတင်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ ၂၀၁၅ ရုံတင်မယ့် ဇာတ်ကားအတွက် အခုလက်ရှိ ရိုက်ထားတဲ့ ခေတ်အခြေအနေနဲ့ ကွာခြားမှုတွေ ရှိနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ ခန့်စည်သူက “၈၈ အရေးအခင်းက ဆန္ဒပြတဲ့ ပြကွက်တွေ ပြဖို့ကတော့ ၂၀၁၅ မှာ ပြလည်း ရပါတယ်။ လင်ခရူဆာ ကားပေါ်ထိုင်ပြီး ဆန္ဒပြခဲ့ ကြတာ မဟုတ်ဘူးလေ။ သစ်နေစရာ မလိုဘူး။ လမ်းလျှောက် ဆန္ဒပြတယ်ဆိုတာ အခုခေတ်မှာ မရှိဘူးလေ။ အဲဒီခေတ်မှာ အများဆုံးက သင်္ဘောသားပဲ ကားစီးနိုင်တာ၊ SE ကားက အကောင်းဆုံးပဲ။ အဲဒီခေတ်က ပုံစံကို တင်ပြတာ။ ကျနော်တို့က သစ်နေစရာ မလိုဘူးလေ။ ပြီးတော့ ၂၀၁၃ မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ရိုက်ပြတာ။ ၂၀၁၅ မှာ မီးတွေပဲလာလို့ လျှပ်စစ်မီးတွေပဲ ထိန်ထိန်သာနေ၊ မြန်မာနိုင်ငံမှာ ဂြိုဟ်တုပဲ လွှတ်လွှတ် ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့ ပြချင်တာက ၂၀၁၃ လူထု အခြေအနေပဲ။ မြန်မာနိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး အရမ်းနိမ့်ကျခဲ့တယ် ဆိုတာပဲ ကျနော်တို့ ပြမှာ” လို့ ခန့်စည်သူက ပြောပါတယ်။

“ကောင်းကျိုးကိုယ်၌ တည်စေမင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ခန့်စည်သူ၊ ဘုန်းသျှံ၊ အရိုင်း၊ ခိုင်သင်းကြည်၊ အိချောပိုနဲ့ သရုပ်ဆောင်ပေါင်း များစွာ ပါဝင်အားဖြည့် ထားတယ်လို့ သိရပါတယ်။ ဇာတ်လမ်း ဇာတ်ညွန်း အကယ်ဒမီ မြင့်ဦးဦးမြင့်၊ ဒါရိုက်တာ ဇေပါတို့က ရိုက်ကူးထားပြီး ရိုက်ကွင်းနေရာက မန္တလေးတိုင်း ရွေစာရံ၊ အုန်းကြော၊ ကြောင်ပိုင်းကွင်းမှာ ရိုက်ကူးခဲ့ကြတယ်လို့ သရုပ်ဆောင် ဘုန်းသျှံဆီက သိရပါတယ်။

သရုပ်ဆောင် ဘုန်းသျှံက ဒေါသကြီး၊ တဇွတ်ထိုး လုပ်တတ်ပြီး တရွာလုံးနဲ့ တယောက်ဖြစ်နေတဲ့ ဇာတ်ကောင် စရိုက်နေရာက သရုပ်ဆောင်မှာ ဖြစ်ပြီး ရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားကြီးတွေထဲမှာ ဒီဇာတ်ကားက လုပ်ကွက် အရဆုံးကားလို့ ပြောပါတယ်။

“ဒီကားကို ပါဝင်ဖို့ ကိုခန့်နဲ့ ဇေပါက ခေါ်တာပါ။ ဒီကားမှာ သရုပ်ဆောင်တွေ အားလုံးလည်း တော်တော်လေး ကောင်းကြ တယ်ဗျ။ ပညာပေး ဇာတ်ကားလေးပါ။ ကိုခန့်က ထောင်ကထွက်လာပြီး ရွာကို ရောက်လာတယ်။ ရွာသားတွေက စာမတတ် ကြလို့ ကိုခန့်က လုပ်ပေးရတာတွေပေါ့။ ကျနော်က ဒေါသကြီးပြီး အမှားအမှန် မခွဲတတ်တာတွေကို ပညာပေးတာပေါ့” လို့ ဘုန်းသျှက ဆိုပါတယ်။

ဘုန်းသျှံက လက်ရှိ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေပြီး ရခိုင်တိုင်းရင်းသား စီးရီးတွေမှာလည်း ပါဝင်သီဆို ပေးထားတယ်လို့ သိရပါတယ်။

၈၈ ပုံရိပ် အစစ်တွေနဲ့ စဖွင့်မယ့် ကောင်းကျိုးကိုယ်၌ တည်စေမင်း ရုပ်ရှင်ဟာ မြန်မာလူထုရဲ့ စာဖတ် စွမ်းရည် မြင့်စေဖို့ တိုက်တွန်းပညာပေးတဲ့ ဇာတ်ကားတကားလည်း ဖြစ်ပြီး ဘယ်နိုင်ငံရေး ခေါင်းဆောင်၊ ဘယ်ကျောင်းသား ခေါင်းဆောင် တဦးတယောက်ရဲ့ ဘဝကို ရိုက်ကူးထားတာ မဟုတ်ကြောင်းလည်း ခန့်စည်သူက ပြောပါတယ်။

“၈၈ တုန်းက ထင်ရှားခဲ့တဲ့ ခေါင်းဆောင်တွေ ရှိသလို၊ မထင်မရှားနဲ့ အသက်စွန့် သွားတဲ့ ကျောင်းသားတွေလည်း အများကြီး ရှိပါတယ်။ ဒီဇာတ်ကားက ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင်တွေရဲ့ အကြောင်း ပြန်ရိုက်ထားတာ မဟုတ်ပါဘူး။ အဖြစ်အပျက်ကို ပြန်ရိုက်ထားတာပါ” လို့ ပြောတဲ့ ခန့်စည်သူဟာ ၂၀၀၈ တုန်းက အများနှင့် မသက်ဆိုင်သောသူ ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီ ရခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံတော်က ချီးမြှင့်တဲ့ သီဟသုဓမ္မ မဏိဇောတဓရ ဘွဲ့ကိုလည်း ၂၀၁၂ ခုနှစ်က ရရှိခဲ့တာမို့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ နိုင်ငံ့ ခေါင်းဆောင်တွေအပေါ် အမြင် သဘောထား မေးကြည့်တဲ့ အခါ “ပြောရမယ် ဆိုရင်တော့ ဒီမိုကရေစီ နိုင်ငံတခုအဖြစ် အသိအမှတ် မပြုရင်တောင်မှ ဒီမိုကရေစီ ကူးပြောင်းတဲ့ နိုင်ငံ အဖြစ် အသိအမှတ်ပြုရမှာပဲ။ လက်ရှိ မြန်မာနိုင်ငံ အနေအထားနဲ့ ပြောမယ်ဆိုရင် ဦးသိန်းစိန်လိုမျိုး အခွင့်အရေးတွေ ရတိုင်း မယူတတ်တဲ့၊ အာဏာ အလွဲသုံးစား မလုပ်တတ်တဲ့ စစ်ဗိုလ်ချုပ်တွေ မြန်မာနိုင်ငံမှာ အရင်ကသာ ရှိခဲ့မယ်ဆိုရင် ကျနော်တို့ နိုင်ငံက စစ်အာဏာရှင် စနစ်အောက်ကို ရောက်ခဲ့စရာ အကြောင်းမရှိဘူး။ သေချာတာ တခု ပြောမယ်ဆိုရင်တော့ အနာဂတ် မြန်မာနိုင်ငံအတွက် ယုံကြည် စိတ်ချရတဲ့ လူတယောက်ကို ရွေးချယ်ပေးပါ ဆိုရင်တော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ရွေးချယ်ပေးရမှာပဲ” လို့ ဆိုပါတယ်။

ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကားကို ထုတ်လုပ်သူ အကယ်ဒမီ ခန့်စည်သူက အနုပညာ လုပ်ငန်းအပြင် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဖွဲ့ပြီး စာကြည့်တိုက် အသစ်များ တည်ထောင်ခြင်း၊ မြန်မာတနိုင်ငံလုံးက စာကြည့်တိုက် ငါးသောင်းကျော်ကို ဆက်လက် လည်ပတ်နိုင်ဖို့ ဆောင်ရွက်ပေးခြင်း၊ မေတ္တာ သင်္ဂဟ အဖွဲ့ ဖွဲ့စည်းပြီး ကလေးငယ်တွေရဲ့ ပညာရေးကို တာဝန်ယူပေးခြင်း၊ မြန်မာလူထု စာဖတ်စွမ်းရည် တိုးတက်စေဖို့ လှုံ့ဆော်ပေးခြင်း စတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင် နေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading