ရန်ကုန်မြို့ စိန့်မေရီ ကသီဒြယ် ဘုရားကျောင်း တာဝန်ရှိသူများက သရုပ်ဆောင် ရဲတိုက်ကို စတင် ထိုးကြိတ်ခြင်း မဟုတ်ဘဲ ရဲတိုက်က စတင် တိုက်ခိုက်သည်ကို ပြန်လည် ခုခံခြင်းသာဖြစ်ကြောင်း အဆိုပါ ဘုရားကျောင်း၏ ကျောင်းထိုင် ဆရာတော် ဒေါမနစ် ဦးသက်တင်က ဧရာဝတီသို့ ပြောသည်။
မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် သရုပ်ဆောင်ရဲတိုက်က စိန့်မေရီ ကသီဒြယ် ဘုရားကျောင်း ဝန်းအတွင်း တကိုယ်တော် ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ဧရာဝတီက သွားရောက်မေးမြန်းရာ ကျောင်းထိုင် ဆရာတော်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
သရုပ်ဆောင်ရဲတိုက်က မေ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တခါ၊ မွန်းတည့် ၁၂ နာရီကျော်တွင် တခါ၊ နေ့လယ် ၂ နာရီကျော်တွင် တတိယ အကြိမ် ဘုရားကျောင်းအတွင်း ဝင်ရောက်လာပြီး တကိုယ်တော် ဆန္ဒပြခဲ့သည့် အတွက် ဘုရားကျောင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ရဲစခန်းသို့ ဖုန်းဆက်ခေါ်လိုက်ရာ ဗိုလ်တထောင် ရဲစခန်းမှ တာဝန် ရှိသူများက ရဲတိုက်အား လာရောက် ခေါ်ဆောင်သွားခဲ့သည့် ဖြစ်ရပ် ဖြစ်ပေါ်ခဲ့သည်။
အင်တာနက် စာမျက်နှာများတွင် ရဲတိုက်က ဘုရားဝင်ဖူးခြင်းကို ဘာသာမတူ၍ ပိတ်ပင်ခံရကြောင်း၊ ဘုရားကျောင်းမှ ဝိုင်းဝန်း ထိုးနှက်ကြကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားသည့် အပေါ် “ဘယ်ဧည့်သည်မဆို ဘာသာတူတူ မတူတူ ဝင်ထွက် လေ့လာနိုင်ပါတယ်။ မြန်မာပြည်မှာ ကျောင်းတက်နေတဲ့ ဗိသုကာ ကျောင်းသားတွေ အများစု လေ့လာနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် လေ့လာသူတွေကို ကူညီပေးတယ်။ ဘယ်သူ မလာရဘူး၊ ဘယ်သူလာရမယ် ဆိုတာ မရှိဘူး” ဟု ဖာသာ ဒေါမနစ် ဦးသက်တင်က ရှင်းပြသည်။
သရုပ်ဆောင် ရဲတိုက်သည် ဘုရားကျောင်းအတွင်း မလျော်ကန်သည့် အပြုအမူများ ပြုလုပ်ခဲ့ရုံမက မီဒီယာသမားများကို ခေါ်ဆောင်လာကာ တကိုယ်တော် ဆန္ဒပြခြင်း ပြုလုပ်ခဲ့သည့်အတွက် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကက်သလစ် ဘာသာဝင်တွေရဲ့ အထွက်အမြတ် ထားတဲ့ နေရာတခု ဖြစ်တဲ့ အတွက် တနေရာရာကို ဝတ်ပြုဖို့ သွားမယ်ဆိုရင် သင့်မြတ်လျောက်ပတ်တဲ့ ရိုသေ သမှုရှိရမယ်။ ကက်သလစ် ဘာသာဝင်တွေရဲ့ ဝတ်နည်းကို မသိရင်တောင်မှ Respect ရှိရမယ်။ ပထမအကြိမ်လာတဲ့အခါမှာ ရဲတိုက်ဆိုတဲ့လူက ဘုရားကျောင်း လိုက်ကြည့်တယ်၊ အေးအေးဆေးဆေးပဲ။ အဲဒီအချိန်မှာ ဘုရားကျောင်းက ဝန်ထမ်းတွေရှိတယ်။ ဘယ်သူလာလာ သူတို့ သတိမထားမိဘူး။ သူတို့ သတိထားမိတဲ့ အချက်က စန်ကျူရီ တံခါး ဖွင့်တာ ပိတ်တာကိုပဲ သတိထားမိတယ်” ဟု ကျောင်းထိုင် ဆရာတော်က ဆက်ပြောသည်။
စန်ကျူရီတံခါးဆိုသည်မှာ ခရစ်ယာန် ဘာသာဝင်များပင် ဝင်၍မရသည့် နေရာ ဖြစ်ကြောင်း၊ စန်ကျူရီ တံခါး ဖွင့်သံကို ဝန်ထမ်းများ ကြားလိုက်ချိန်တွင် ရဲတိုက်က အထဲရောက်နေပြီ ဖြစ်သောကြောင့် ဝန်ထမ်းများက အထဲဝင်၍ မရဘဲ အပြင်မှ ကြည့်ရှုပါရန် ပန်ကြားကြောင်း သိရသည်။
ဆရာတော်က “ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် ပြောပြီး သူလည်း နားထောင်တယ်။ ပြီးသွားတော့ သူ ထွက်သွား ပါတယ်။ ဒုတိယအကြိမ် နေ့လယ်ပိုင်း ၁၂ နာရီ ၁၀ မိနစ်မှာ ပြန်ရောက်လာတယ်။ ဘုရားကျောင်းက ၈ ခွဲကနေ ၁၂ နာရီအထိ၊ ၂ နာရီကနေ ၆ နာရီအထိပဲ ဖွင့်တော့ သူလာတဲ့အချိန် တံခါးပိတ်နေပြီ၊ ဒါကြောင့် ဘုရားကျောင်းထဲ ဝင်လို့မရတော့ဘူး။ဝတ်ပြုချင်ရင် ဗိမာန်တော် ရှိတယ်ဆိုပြီး ကျောင်းက ကိုတင်ဦးနဲ့ ကိုရေမွန်က လိုက်ပြတယ်။ ကျနော်တို့ အထွတ်အမြတ် ထားတဲ့ ကိုယ်တော် ဗိမာန်ရောက်တော့ အထဲမှာ ဝတ်ပြုသူနှစ်ဦး ရှိတာတောင် တံခါးကို ဆောင့်ပြီး ဝုန်းကနဲ တွန်းဖွင့်တယ်” ဟု စိန့်မေရီ ကျောင်းထိုင် ဆရာတော်က ဆိုသည်။
ရဲတိုက်သည် ဗိမာန်တော်ကို နောက်ကျောပေး၍ တခြားသူများနှင့် ပြောင်းပြန် ဝတ်ပြုကြောင်း၊ နေကာမျက်မှန်နှင့် ဦးထုပ် ဝတ်ထားသဖြင့် ချွတ်ခိုင်းလိုက်ရကြောင်း သူက ဆက်ပြောသည်။
“ကျနော်တို့က ခွင့်လွှတ်လို့ ရပေမယ့် ဘာသာဝင်တွေ အတွက် စော်ကားခြင်း တမျိုးလည်း ဖြစ်တယ်။ သူများတွေ ဘယ်ဘက်လှည့်လဲ၊ ဘယ်လိုထိုင်လဲ မြင်နေတာပဲ။ အထွက်အမြတ်ထားတဲ့ ကိုယ်တော်မြတ်ဆိုတဲ့ ကိုးကွယ်တဲ့ နေရာကို ကျောခိုင်းပြီးတော့ သူ့ရဲ့ အပြုအမူက မထီမဲ့မြင် ဖြစ်နေတယ်ပေါ့နော်။ နောက်ပြီး ဘုရားရဲ့ မယ်တော်ဂူကိုလည်း သူက ကျောခိုင်းပြီး ထပ်ဝတ်ပြုပါတယ်။ ဒါ ကျနော်တို့ အထွတ်အမြတ် ထားတဲ့နေရာပေါ့” ဟု ကျောင်းထိုင်ဖာသာ ဒေါမနစ် ဦးသက်တင်က ဆိုသည်။
ရဲတိုက်သည် စာရွက်ကိုင်၍ ဆန္ဒမပြမီပင် ကက်သလစ် ဘာသာဝင်များ၏ ဓလေ့ထုံးစံများကို ပြောင်းပြန် ပြုလုပ်နေကြောင်း၊ ထိုကဲ့သို့သော အပြုအမူမျိုးကို တားမြစ်ရမည်ဖြစ်ကြောင်း၊ ဘာသာဓလေ့ကို နားမလည်လျှင်လည်း တခြားသူများကို ကြည့်၍ ဝတ်ပြုနိုင်ကြောင်း ဖာသာက ရှင်းပြသည်။
“တတိယအကြိမ်မှာ သူ စာရွက်ကိုကိုင်ပြီး ပြန်လာတယ်။ ကျနော်တို့က ကျနော်တို့ ဘာသာမှာ ဆန္ဒပြတယ် ဆိုတာ မလုပ်ကြဘူး။ ၈၈ အရေးအခင်းမှာတောင် ကျနော်တို့ ကက်သလစ် ဘာသာဝင်တွေ အပြင်ထွက်ပြီး ဆုတောင်း မေတ္တာပို့တယ်၊ ပုတီး စိတ်ကြတယ်။ ဒို့အရေးလို့ အော်ပြီး ဆန္ဒမပြကြဘူး။ ဖယောင်းတိုင်ထွန်းတယ်၊ ဆုတောင်းပေးတယ်၊ ဒီလိုဆန္ဒပြခြင်းကို ကျနော်တို့ဘာသာမှာ လက်မခံကြဘူး။ နောက် ကျနော်တို့ကိုလည်း ဆန္ဒပြလို့ မရဘူး။ ဒါ ပြည်သူပိုင် နယ်မြေမဟုတ်ဘူး။ ဘုရားကျောင်းဝင်း ဆိုတာ ဘာသာပိုင် နယ်မြေ” ဟု ၎င်းက ပြောသည်။
ရဲတိုက်က ဆန္ဒပြရာတွင် “ဘုရားဝတ်ပြုခြင်းမှာ ဆူပူအုံကြွမှု ပြုလုပ်ခြင်း မဟုတ်” ဆိုသည့် စာတန်းကို ကိုင်ဆောင်ထား သော်လည်း ရဲတိုက် အနေဖြင့် ဆူပူအုံကြွမှု ဖြစ်စေရန် ပြုလုပ်နေခြင်းဟု ယုံကြည်၍ ရနိုင်ကြောင်း၊ ရဲတိုက် ဘုရားကျောင်းသို့ တတိယအကြိမ် ပြန်လာရာတွင် မီဒီယာများကို ခေါ်လာကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းမှာ ဘာသာသာသနာကို ညှိုးနွမ်း စေရန် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“သူတို့ ဝက်ဘ်ဆိုက်တွေမှာ သတင်းအမှားတွေ တင်ကြတယ်။ ဒါ ကျနော်တို့ ခရစ်ယာန်ဘာသာကို စော်ကားတာပဲ။ ဘာသာရေး အဓိကရုဏ်း ဖြစ်အောင် လုပ်တဲ့ ရည်ရွယ်ချက်တခုပဲလို့ ကျနော်တို့ ဆိုလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကက်သလစ် ဘာသာဝင်တွေ သူများနဲ့ အဓိကရုဏ်းဖြစ်တာ တခါမှ မရှိဘူး။ ကိုယ့်ဘုရားကို ချစ်လို့ ကိုယ့်ဘာသာကိုယ် တိတ်တိတ်ဆိတ်ဆိတ် နေနေကြတာ။ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေနဲ့ ဘာပြဿနာမှ မရှိဘူး။ ကျနော်တို့ ကျောင်းဝင်းထဲကို ဗုဒ္ဓဘာသာ ဘုန်းကြီးတွေလည်း ဝင်နေ သွားနေတာပဲ” ဟု ကျောင်းထိုင် ဆရာတော်က ဆိုသည်။
ရဲတိုက် ဆန္ဒပြနေသည့် အချိန်တွင် မီဒီယာ သမားများက ဓာတ်ပုံများ ရိုက်နေ၍ ဝန်ထမ်းများက သာသနာ့ အကျိုးဆောင် လူကြီးများနှင့် ရဲစခန်းကို ဖုန်းဆက် ခေါ်လိုက်ကြောင်း သိရသည်။
ဆရာတော်က “ကျနော်တို့က မထိရဲဘူး။ ကျနော်တို့က သွားပြီး ရိုက်လို့လည်း မရဘူး။ ဘာဖြစ်လဲ၊ ဘာပြဿနာရှိလဲလို့ မေးတော့လည်း သူက မပြောဘူး။ သူ့ကို ထိုးနှက်ကြတယ်လို့ သူက ပြောတယ်။ ရဲတွေ ရောက်တဲ့အချိန်မှာ ဒီဘုရားကျောင်းက ကိုတင်ဦးကို သူ စထိုးလိုက်တယ်။ ပြန်ခုခံလိုက်တဲ့ အချိန်မှ မီဒီယာသမားတွေ အဲဒီဓာတ်ပုံကို အမိအရ ယူလိုက်ပြီး ဘုရားကျောင်းကလူတွေက ထိုးနှက်ပါတယ်လို့ ပြောတယ်။ သူအရင်လုပ်တယ် ဆိုတာ သူဝန်ခံပါတယ်၊ဒါပေမယ့် ဝက်က်ဆိုက်တွေမှာ တက်နေတာက ကျနော်တို့ လုပ်ပါတယ်လို့ တက်နေတယ်။ အဲဒါက သတင်းအမှားပါ” ဟု ဆိုသည်။
ရဲတိုက်ကို ဝိုင်းဝန်း ထိုးနှက်ကြသည်ဟူသော သတင်းနှင့် ပတ်သက်၍ ဖြစ်စဉ် အစအဆုံးတွင် ရှိနေခဲ့သည်ဟု ဆိုသော ဘုရားကျောင်းမှ ကိုတင်ဦးကလည်း ရဲတိုက်က စတင် ထိုးခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“သူက အရင်ကျနော့်ကို စထိုးတာပါ။ ထိုးတဲ့အချိန်မှာလည်း ရဲတွေရှိပါတယ်။ ကျနော်က ကာလိုက်တဲ့ အချိန်မှာ ကျနော့် လက်က သူလည်ပင်းနား ရောက်သွားတယ်။ ဒါပေမယ့် သူစထိုးတယ်၊ သူလုပ်တယ်ဆိုတာ နောက်တော့ ရဲတွေရှေ့မှာ ဝန်ခံပါတယ်၊ တောင်းပန်ပါတယ်။ ဘာမှမဟုတ်ဘူး၊ ပြီးသွားပြီ ဆိုပြီး ဆိုင်းဘုတ်ကို ချလိုက်တယ်။ ရဲတွေရောက်လာတော့ သူကိုယ်တိုင်က ဖမ်းပါ၊ ကျနော့်ကို ဖမ်းပါလို့ ပြောတယ်” ဟု ကိုတင်ဦးက ရှင်းပြသည်။
ရဲတိုက်က သူကိုယ်တိုင် ဆန္ဒပြခြင်းဖြစ်သည်ဟု ရဲများရှေ့တွင် ဝန်ခံကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြရန် ခွင့်တောင်း ခြင်းလည်း မပြုခဲ့ကြောင်း ပြောသည်ဟု သိရသည်။
“ရဲတိုက်က အသည်းကွဲရင် မျက်ရည်လည်းကျတယ် ဆိုလား ပြောသွားသေးတယ်။ ဆန္ဒပြဖို့ နေရာလည်း မဟုတ်ဘူး၊ သူမှားနေတယ်။ အပြန်အလှန်လေးစားမှု ရှိရမှာပေါ့” ဟု ကိုတင်ဦးက ဆိုသည်။
ဆိုင်းဘုတ်ကိုင်၍ ဆန္ဒပြနေချိန်တွင် ရဲတိုက်က အင်္ဂလိပ်ဘာသာဖြင့် စကားများ ပြောနေကြောင်း၊ ဘုရားကျောင်း သာသနာပြု အဖွဲ့ဥက္ကဋ္ဌဦးရစ်ချက်က ရေတဗူးနှင့် အအေးတဗူး တိုက်ခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်တထောင် ရဲစခန်း တာဝန်ရှိသူ တဦးက “ဘုရားကျောင်းက သာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဦးရစ်ချက်က အကြောင်းကြားလာလို့ သွားရောက် ထိန်းသိမ်းတာပါ။ သူ့ကို လက်ရှိတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၀/ ၂၉၅ (က) နဲ့ အမှုဖွင့် ဆောင်ရွက်နေပါတယ်။ ဘာသာသာသနာကို ညှိုးနွမ်းစေအောင် ရည်ရွယ်ကြံစည်ပြုမူမှု ဆိုတဲ့ ပုဒ်မပါ။ဒီအမှုက ပုဒ်မအရတော့ အာမခံမရပါဘူး။ လောလောဆယ်တော့ ထိန်းသိမ်းထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး သရုပ်ဆောင်ရဲတိုက်ကို ဆက်သွယ်ရာ ၎င်း၏ဖုန်းမှာ စက်ပိတ်ထား သကဲ့သို့ ရဲတိုက်နှင့် နီးစပ်ရာ မိတ်ဆွေများထံမှလည်း သတင်းမရပေ။
ရဲတိုက် ဆန္ဒပြမှု ဖြစ်စဉ်နှင့် ပတ်သက်၍ စိန့်မေရီ ဘုရားကျောင်းမှ တာဝန်ရှိသူများကမူ မည်သည့် တုန့်ပြန်ခြင်းမျှ မပြုလိုကြောင်း၊ ဘာသာရေး အထိကရုဏ်းများလည်း မဖြစ်လိုကြောင်း၊ ငြိမ်းချမ်းစွာ ပြီးဆုံးလိုကြောင်း ပြောသည်။
“ကျနော်တို့ကတော့ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ နောက် ဘာသာရေးအရ မတော်မတရားတဲ့ သတင်းတွေ ဖြစ်နေတာ၊ တက်နေတာကိုလည်း ရပ်စေချင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ဆက်လုပ်သွားမယ် ဆိုတာ ရည်ရွယ်ချက် မရှိဘူူး။ ကျနော်တို့က သူပြေငြိမ်းရင် ပြေငြိမ်းချင်တယ်။ အဖြစ်မှန်ကိုတော့ ပေးစေချင်တယ်။ ဘာသာ တခုနဲ့တခု အကြားမှာ ဒီသံသယတွေ မဖြစ်စေချင်ဘူး” ဟု စိန့်မေရီ ကျောင်းထိုင်ဆရာတော်က ဧရာဝတီသို့ ပြောသည်။
စိန့်မေရီ ကသီဒြယ် ကက်သလစ် ဘုရားကျောင်းသည် ယခင်က ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း) တွင် နှစ် ၃၀၀ ရှိခဲ့ပြီး ယခု ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်သည့် အသင်းဝင် ၈၀၀၀ ရှိကြောင်း သိရသည်။
ဆက်လက်၍ ဆရာတော်က “သူဘာ ဘာသာ ကိုးကွယ်လည်း ဆိုတာ ကျနော်တို့မသိဘူး။ ကျနော်တို့က သူဘာဘာသာပဲ
ကိုးကွယ်နေပါစေ တရားမှန်ရင် မေတ္တာရှိရမယ်လို့ ခံစားရတယ်။ အချင်းချင်း လေးစားရမယ်၊ ကျနော်လည်း စေတီပုထိုးတွေ သွားရင် ဖိနပ်ချွတ်ရမယ်၊ ရိုသေသမှု ပြုတဲ့ အမူအရာမျိုးနဲ့ နေထိုင်ရမယ်။ ကျနော်က သွားပြီး ငါ ဒီဘာသာ မယုံကြည်ဘူး လုပ်ချင်တာလုပ်မယ်ဆိုပြီး သွားလုပ်လို့မရဘူး။ ဒါက ဆူပူမှုကို ဖန်တီးချင်တာပဲ။ ကျနော်တို့က တည်ငြိမ်အေးချမ်း ချင်တယ်။
ကျနော်တို့က ဘာသာတရား လုပ်နေတဲ့သူတွေမို့လို့ သူ့ကို ဘာမှမလုပ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။