SFU

သူရဲကောင်းတို့နှင့်အတူ နေထိုင်ခြင်း

This article has been converted from Zawgyi One to Unicode

(က)

ကားပေါ်တွင် လူနှင့် ပစ္စည်းများ ပြည့်နေသည်။  အထုပ်အပိုးများကြားတွင် ဆရာမ နှင်းပန်းအိမ်တို့မိသားစု တိုးခွေ့ပြီး ထိုင်ကြရ၏။ ကားရှေ့ခန်းတွင် ပဒိုမန်းငြိမ်းမောင်(ကိုကိုးကျွန်းပြန်) ထိုင်သည်။ သူက ဆရာမတို့မိသားစုကို နို့ဖိုးဒုက္ခသည်စခန်းသို့ လိုက်ပို့ခြင်း ဖြစ်သည်။ ပဒိုမန်းငြိမ်းမောင်မှာ ဆရာမ၏ ဖခင်နှင့် ရင်းနီးသူ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် ဖြစ်သည်။

ကျနော်က ဆရာမတို့မိသားစုကိုကြည့်ကာ စိတ်မကောင်း။ ဆရာမတို့ မိသားစု ထိုင်းနိုင်ငံမဲဆောက်မြို့ကို ရောက်လာသည်မှာ တစ်လပင် မပြည့်ချင်သေး။ ရောက်လာကာစလည်းဖြစ်ပြန် မည်သည့်အလုပ်အကိုင်မျှလည်း မရှိ၊ ငွေကြေးပြည့်စုံကြသူများလည်းမဟုတ်သဖြင့် နေရေးထိုင်ရေးကိစ္စ အခက်အခဲကြီး တစ်ခုဖြစ်ခဲ့သည်။ မိသားစုအားလုံး မည့်သည့်လက်မှတ်မျှလည်း မရှိသဖြင့် အစစ အရာရာ မျက်စိသူငယ် နားသူငယ် ဖြစ်နေသည်။ အပြင်ထွက်လျင် ထိုင်းရဲများနှင့်မတိုးရန် ကျီးလန့်စာစား သွားနေရသည်။ မတတ်သာသည့်အဆုံး ဒုက္ခသည်စခန်းထဲ ဝင်ကြရန် ဆုံးဖြတ်ကြရတော့သည်။

စာရေးသူသည် ဒီမိုကရက်တစ် မြန်မာ့ အသံတွင် တာဝန်ယူ ဆောင်ရွက်ဖူးပြီး လွတ်လပ်တဲ့ အာရှအသံတွင် ကဗျာ့အိုးဝေ အပါတ်စဉ် အစီအစဉ်ကို ပြင်ပဆောင်းပါးရှင် အနေနှင့် အသံလွှင့် ခဲ့သည်။ ပြည်ပတွင်
နှစ်ပေါင်း ၂၀ မျှ နေထိုင်ပြီး ၂၀၁၂ ခုနှစ် အတွင်း ပြည်တွင်းတွင်
ပြန်လာကာ အခြေချနေထိုင်သည်။ ရနံ့သစ်၊ ရုပ်ရှင် တေးကဗျာ၊
နွယ်နီ၊ စောင့်ကြည့် ဂျာနယ်၊ ပြည်သူ့ ဆန္ဒဂျာနယ်၊ မဇ္ဈိမတို့တွင် စာပေများ ရေးသားလျက်ရှိသည်။

စာရေးဆရာမ နှင်းပန်းအိမ်တို့ မိသားစု ထိုင်းနိုင်ငံ နို့ဖိုး မြန်မာဒုက္ခသည်စခန်းအတွင်း ဝင်သွားပြီးနောက် နှစ်လခန့်အကြာတွင် RFA အသံလွှင့်ဌာန၌ ပြင်ပပင်တိုင်ဆောင်းပါးရှင်အဖြစ် အလုပ်ရသွားကြောင်း ကြားရသည်။ ဒုက္ခသည်စခန်း ရိက္ခာတစ်ခုတည်းနှင့် ရပ်တည်ရန် ခက်ခဲနေမည့် ဆရာမတို့မိသားစုအတွက် အခုလို အသံလွှင့်ဆောင်းပါး တင်ဆက်ခွင့်ရသွားသဖြင့် နည်းနည်းတော့ အသက်ရှူချောင်ကောင်းရဲ့ဟု ကျနော်တွေးမိသည်။

ထို့နောက် ဆရာမ၏ အသံလွှင့်ဆောင်းပါးများကို ကျနော် နားထောင်ခွင့်ရလာခဲ့သည်။ လှိုက်လှိုက်လှဲလှဲ နှစ်သက်ကြိုဆိုပါကြောင်းနှင့် ဆရာမရဲ့ စကားပြောဟန် လေယူလေသိမ်းနှင့် ခံစားမှုပါသည့် အသံလွှင့်ချက်များကို ချီးကျူးမိပါကြောင်း လူကြုံနှင့်တဖုံ၊ အီးမေးနှင့်တသွယ် သတင်းပို့ရသည်။ တခါ ဆရာမ၏ ယင်း အသံလွှင့်ဆောင်းပါး ခေါင်းစဉ်ကို ဆရာမ၏ခင်ပွန်းဖြစ်သူနှင့် ပဒိုမန်းငြိမ်းမောင်တို့က တိုင်ပင်ပြီးမှ ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသဖြင့်လည်း ကျနော့်မှာ ဂုဏ်ယူဝမ်းမြောက် နေခဲ့သည်။

မကြာသေးမီကတော့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသည့် မြန်မာစာပေဖွ့ံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျနော် တက်ခဲ့သည်။ ဆွေးနွေးပွဲခန်းမ၏ အပြင်ဘက်တွင် စာအုပ်ဆိုင်များကို တွေ့သည်။ စာအုပ်တချို့ ကျနော် ဝယ်သည်။ ထိုအထဲတွင် အမိမြေသို့ ပြန်ရောက်လာခဲ့ပြီဖြစ်သော ဆရာမ နှင်းပန်အိမ်၏ အသံလွှင့်ဆောင်းပါးများကို စုပေါင်းထုတ်ဝေသည့် “အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်” စာအုပ်လည်း ပါလာခဲ့သည်။

စာအုပ်ကို ဖတ်မည်ပြုတော့ လွန်ခဲ့သော လေးနှစ်ခန့်က ဆရာမနှင်းပန်းအိမ်နှင့် ကျနော် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ အိမ်ချင်းမနီးမဝေးတွင် နေထိုင်ခဲ့သည်များကို ပြန်တွေးမိသည်။ ထိုစဉ်က ဆရာမက သူ၏ ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့ရသည့် အတွေ့အကြုံများကို စီကာပတ်ကုံး ပြောပြခဲ့သည်။ အထူးသဖြင့် သူ ချစ်ခင် လေးနက်သည့် နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ နိုင်ငံရေး သမားပုဂ္ဂိုလ်များ အကြောင်း စိတ်အားတက်ကြွစွာ မကြာခဏ ပြောပြခဲ့သည်များကို ကျနော် ပြန်တွေး နေမိသည်။ ထို့နောက် ဆရာမသည် ကျနော့်အားပြောပြခဲ့ဖူးသည့် အကြောင်း အရာများကိုပင် အသံလွှင့် ဆောင်းပါးများ အဖြစ် ဖန်တီးလာခဲ့သည်။ ဆရာမ၏ ကိုယ်တိုင်အသံလွှင့်ချက်များကို ကျနော် ကြားရသည်။ အခုတော့ ထို အသံလွှင့်ဆောင်းပါးများကိုပင် စာအုပ်အဖြစ် ကျနော် ဖတ်ရပြန်ပြီ။

ကျနော်သည်ပင်လျင် အသံလွှင့်ဆောင်းပါးရေးသူဖြစ်သည့်အတွက် အသံလွှင့်ဆောင်းပါးတချို့မှာ နားထောင်ဖို့အတွက်သာ ရေးခဲ့ဖြင်းဖြစ်သဖြင့် စာဖြင့်ဖေါ်ပြလျင် အဆင်မပြေဖြစ်တတ်သည်ဟု သိထားသည်။ ဥပမာ.. ကျနော်၏ အသံလွှင့်ဆောင်းပါးများကို စာအုပ်အဖြစ် ဖန်တီးရန်အကြံပြုကြသည့် မိတ်ဆွေတချို့ကို ကျနော်က ပြန်လည်ရှင်းပြရာတွင် ကျနော့်ဆောင်းပါးများမှာ အသံလွှင့်ရန်အတွက်သာ ရေးခဲ့ခြင်းဖြစ်သဖြင့် စာအုပ်အဖြစ် ထုတ်ဝေလျင် ဖတ်လို့အဆင်ပြေမည်ဟု မထင်ကြောင်း၊ ထို့ကြောင့် လောလောဆယ်တွင် စာအုပ်ထုတ်ဝေရန် ဆန္ဒမရှိကြောင်း ရှင်းပြခဲ့ဖူးသည်။ ဝန်ခံရမည်ဆိုလျင် ယင်း အခံစိတ်ဖြင့်ပင် ဆရာမ နှင်းပန်းအိမ်၏စာအုပ်ကို ကျနော် ဖတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် လွဲသွားသည်။ ဆရာမ၏ အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည် စာအုပ်မှာ ဖတ်ကောင်းသည်ဆိုသည်ထက် ပိုပြီး ကောင်းနေသည်ကို ဦးစွာပထမ ဝန်ခံရပါမည်။

(ခ)

အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည် စာအုပ်တွင် ဆောင်းပါးပေါင်း ၃၁ ပုဒ် ပါရှိသည်။ အများစုကတော့ အကျဉ်းထောင်များအတွင်း ဖြတ်သန်းခဲ့ကြရသည့် အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဝင် နိုင်ငံရေးသမားများအကြောင်း ဖြစ်သည်။  အကျဉ်းထောင်များအတွင်းနှင့် အကျဉ်းထောင်ပြင်ပ အာဏာရှင်ဆန့်ကျင်ရေး သူရဲကောင်းများအကြောင်းကို ဆရာမ နှင်းပန်းအိမ်က မှတ်တမ်းတင်ခဲ့၏။ ရိုးရိုး မှတ်တမ်းတင်ခြင်းမဟုတ်ချေ။ လေးစားမှု၊ မျှဝေခံစားမှုနှင့် အသိရှိရှိ တာဝန်သိသူ တာဝန်ယူသူ လူတစ်ယောက်ရဲ့ နှလုံးသားမျိုးနဲ့ အသံလွှင့်ဆောင်းပါးများကို ရေးဖွဲ့သွားခြင်းဖြစ်ကြောင်း ထင်ထင်ရှားရှားပင် တွေ့ရသည်။

သည်လို စိတ်စေတနာ အရင်းခံဖြင့် ရေးသဖြင့်လည်း ဆောင်းပါးများထဲတွင် ပါရှိသည့် ပုဂ္ဂိုလ်များ၏ စွန့်လွှတ်အနစ်နာခံမှု၊ ရဲဘော်ရဲဘက်စိတ် ကြီးမားမှုတို့မှာ စာအုပ်တအုပ်လုံးတွင် အထင်ရှားဆုံး ဖြစ်လာသည်။ အလုံးစုံ ခြုံပြီးကြည့်လျင် စာအုပ်နာမည်ပေးထားသည့်အတိုင်း ကျနော်တို့တိုင်းပြည်တွင် သူရဲကောင်းများ အမှန်တကယ်ပင် ရှိခဲ့သည့်အချက်နှင့် ထိုသူရဲကောင်းတို့၏ စွန့်လွှတ်အနစ်နာခံမှုကြီးက တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်း  ပေါ်ပေါက်လာရခြင်းအတွက် အဓိကတွန်းအားကြီးတစ်ခု ဖြစ်စေသည်ဟူသည့် အချက်တို့မှာ ဝေဝေဆာဆာကြီးပင် ပုံပေါ်လာတော့သည်။

ဆောင်းပါးများထဲက ကျနော့်စိတ်ကို အထိခိုက်ဆုံးဖြစ်စေသည့်ဆောင်းပါးက ဆောင်းပါးအမှတ်စဉ် ၃၅၊ “မဟာမြိုင်ခရီးသည်” ဆောင်းပါး ဖြစ်သည်။ ဆရာမ၏ ခင်ပွန်းဖြစ်သူမှာ နိုင်ငံရေးအကျဉ်းသမားအဖြစ် စစ်အစိုးရအကျဉ်းထောင်အတွင်းတွင် ၈ နှစ်မျှ နေထိုင်ခဲ့ရ၏။ ဆရာမက ခင်ပွန်းဖြစ်သူ နိုင်ငံရေးအကျဉ်းသားထံ ထောင်ဝင်စာ လိုက်တွေ့ရသည်။ ထို့ပြင် တခြား နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကိုလည်း ထောင်ဝင်စာတွေ့သည့်အလုပ်များကို ကူညီခဲ့ရသည်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သည့် ခင်ပွန်းဖြစ်သူရှိရာ ကလေးထောင်ကို ထောင်ဝင်စာ သွားတွေ့ရသည့်အတွေ့အကြုံမှာ ဆရာမအတွက် အကြီးမားဆုံး အခက်အခဲကြီး ဖြစ်ခဲ့ဟန်တူသည်။ ဆရာမက ယင်းအတွေ့အကြုံအပေါ်မူတည်သည့် အကြောင်းအရာကို မဟာမြိုင်ခရီးသည် ခေါင်းစဉ်ဖြင့် ရေးလိုက်သည်။

သည်ဆောင်းပါးကို ဖတ်ပြီးသောအခါ ကျနော့်မှာ သက်ပြင်းပင် ချမိသည်။ ဆရာမက သည်ဆောင်းပါးထဲတွင် သူ့အတွက် ဘယ်သောအခါမှ မေ့လို့မရနိုင်သည့် စာကြောင်းတစ်ကြောင်းကိုလည်း ထည့်ရေးသည်။ ဂျပန်ခေတ်မှာ ယောကျၤားမှန်ရင် ထောင်ကျဖူးရမယ်၊ မိန်းမမှန်ရင် သည်းထန်စွာ ငိုကြွေးဖူးရမယ် ဆိုသည့် စာကြောင်းဖြစ်သည်။ တကယ်တော့ ဂျပန်ခေတ်ထက်ဆိုးသော စစ်အာဏာရှင်ခေတ်တွင် ယောကျၤားမှန်လျင် ထောင်ကျဖူးရမည်ဆိုသည်မှာ မှန်သော်လည်း မိန်းမမှန်လျင် သည်းထန်စွာ ငိုကြွေးရမည်ဆိုသည့်စကားမှာမူ လွဲသွားသည်။

ဆရာမသည် ဝေးလံသီခေါင်ပြီး သွားလာရခက်ခဲသည့် ကလေးထောင်တွင် အကျဉ်းကျစံ ခင်ပွန်းဖြစ်သူထံ ထောင်ဝင်စာတွေ့ဖို့ ကြိုးစားရသည့် မိန်းမသားတစ်ဦး၏ မာနကို အထင်အရှားပြခဲ့သည်။ ထောင် ပြင်ပတွင် ဒုက္ခတွေ တသီးတတန်းကြီးဖြင့် ကျန်ရစ်သည့် မိန်းမသားတစ်ဦး၏ အဆင့်အတန်းမြင့်လှသည့် ခံယူချက်ကို အထင်အရှားပြခဲ့သည်။ ထုထည်ကြီးမားလေးလံလှသည့် ဆင်းရဲဒုက္ခများကို တင်းခံခဲ့သည်။ ခံစားနာကျင်မှုကို အံကြိတ်ပြီး ဖြတ်ကျော်သည်။ သည်လိုအခြေအနေများပေါ်တွင် မျက်ရည်ကျ မပြပဲ ဘဝကို ရင်ဆိုင်သွားခဲ့သည်။

“အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်” ဆောင်းပါးပေါင်းချုပ်စာအုပ်ကို ကျနော် ဖတ်ခဲ့သည်။ စာအုပ်ဆုံးသွားသောအခါ ကျနော်သည်ပင်လျင် သူရဲကောင်းတို့နှင့် အတူနေမိလိုက်သလို ဖြစ်သွားရ၏။  ကျနော် ခန့်မှန်းမိသည်။ မျှော်လည်း မျှော်လင့်မိသည်။ ဆရာမ နှင်းပန်းအိမ်၏ ရင်ထဲတွင် နောက်ထပ်သူရဲကောင်းတို့အကြောင်း မှတ်တမ်းတင်ရင်ဖွင့်ဖို့ရန် ကျန်ရှိနေလိမ့်ဦးမည်ဟုတော့ ကျနော် ခန့်မှန်းလို့ ရပါသည်။

Loading