[irrawaddy_gallery]
တေးရေး ကေအေတီ (ကဗျာဆရာ ကျော်အောင်သစ်) ရဲ့ ကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဒီညနေ ၄ နာရီ ၄၅ မိနစ် နီးပါးမှာ ရေဝေးသုဿာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး သူ့ကို ချစ်ခင်တဲ့ ဂီတ အနုပညာ အသိုင်းအဝန်းက မိတ်ဆွေတွေ အပြင် သူ့ပရိသတ်တွေပါ နောက်ဆုံး ဈာပနကို လာရောက် ပို့ဆောင်ကြပါတယ်။
ဈာပန အခမ်းအနားမှာ ကေအေတီအတွက် မျက်ရည်မဆည်နိုင်အောင် ငိုနေကြတဲ့ မိသားစုဝင်တွေ၊ မျက်နှာတခုလုံး နီရဲမို့ဖောင်းတဲ့အထိ ငိုထားကြတဲ့ ဆွိဝတ်ရည်သောင်း၊ ခင်စုစုနိုင်၊ ကေအေတီရဲ့ မိတ်ဆွေရင်းကြီးတွေ ဖြစ်ကြတဲ့ ချစ်စမ်းမောင်၊ လေးဖြူ၊ ဝိုင်ဝိုင်း နဲ့ Iron Cross (IC) အဖွဲ့သားတွေ၊ စိတ်မကောင်းဖြစ်နေတဲ့ အဆိုတော် L ခွန်းရီကို တွဲခေါ်လာတဲ့ အဆိုတော် R ဇာနည်နဲ့ အဆိုတော် လင်းလင်း၊ တေးရေးအရိုး၊ မောင်မောင်အေး (Dream Boat)၊ ဖိုးသား၊ ကမ္ဘာ၊ သရုပ်ဆောင် မြတ်သူအောင်၊ အောင်မြင့်မြတ် (အိပ်မက်ဆုံရာ)၊ ကောင်းကောင်း (Melody World) နဲ့ Melody World က ကေအေတီရဲ့ တပည့်တွေနဲ့ ပရိသတ်တွေကို ခန်းမ အပြည့်အလျှံ လာရောက်ကြတာ တွေ့ရပါတယ်။
အဆိုတော် သရုပ်ဆောင် မြတ်သူအောင်က သူ့ရဲ့ စီးရီးအတွက် သီချင်းတပုဒ် ရေးပေးထားတာ တလပဲ ရှိသေးတဲ့အကြောင်း၊ ဆရာလို သဘောထားတဲ့ တေးရေး ကေအေတီ ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောပါတယ်။
အဆိုတော် အိုင်ရင်းဇင်မာမြင့်က “ဆရာ့ရဲ့ သီချင်းတွေကို အရင်ကတည်းက အရမ်းကြိုက်တာ၊ အခုလို အစောကြီး လူ့လောကထဲက ထွက်ခွာသွားတဲ့အတွက် ဆရာ့ရဲ့ သီချင်းကောင်းတွေ အိုင်ရင်းတို့ ထပ်ခံစားလို့ မရနိုင်တော့တဲ့ အတွက် ဆုံးရှုံးမှု တခုပါပဲ၊ စိတ်မကောင်း ဖြစ်မိပါတယ်” လို့ ဆိုပါတယ်။
အဆိုတော် ကောင်းကောင်း (မင်းကို သတိရရင်) ကလည်း သူ့ဆရာ ဖြစ်တဲ့ ကေအေတီအတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောပြီး ဆရာ ကေအေတီ ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းနေပါတယ်။
တေးရေး ကေအေတီ (အမည်ရင်း ကိုကျော်ကျော်အောင်) ဟာ ဇွန် ၁ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်က နှလုံး အမောဖောက်ပြီး အနုပညာလောက ကနေ အပြီးတိုင် စွန့်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
ကွန်လွန်ချိန်မှာ အသက် ၄၈ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ တေးရေး ကေအေတီဟာ နှလုံးမှာ ပြွန်တချောင်း အစားထိုး ကုသခဲ့ရဖူးသူ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက နှလုံးရောဂါ ဝေဒနာ ခံစားနေရသူ ဖြစ်ပါတယ်။ မကွယ်လွန်ခင် အချိန်မှာ ကွမ်း သီးရာက အစပြုပြီး နှလုံးအမောဖောက် ကွယ်လွန်ခဲ့တာ ဖြစ်တဲ့ အကြောင်း ကေအေတီရဲ့ တပည့်တဦးလည်းဖြစ်၊ ညီလို ရင်းနှီးသူ တဦးလည်း ဖြစ်တဲ့ ကိုဒေးဗစ်က ပြောပါတယ်။
“ကျနော်တို့ အစ်ကို စစဖြစ်ချင်း သူက လမ်းမှာကတည်းက သတိလစ် သွားပါတယ်။ အဲဒါနဲ့ ကန်တော်လေး လမ်းထိပ်က ဆေးခန်းကို ဝင်ပြပါတယ်။ အဲဒဆေးခန်းမှာ ဆရာဝန်ကြီး မရှိလို့ဆိုပြီး SSC ကို ပြေးကြပါတယ်။ ဒါပေမယ့် ရွှေဂုံတိုင် လမ်းပိတ်ရင် ကြာမှာ စိုးလို့ တာမွေဘက်က ပတ်သွားရင်း အနီးဆုံး သျှင်ပါရဂူကိုပဲ သွားလိုက်ကြတယ်။ ဆေးခန်းရောက်တော့ ဆရာဝန်ကြီးတွေက အသက်ပါ မလာတော့ဘူး၊ နှလုံးကလည်း အလုပ်မလုပ်တော့ ဘူးလို့ ပြောပါတယ်။ အစ်ကိုက အရင်ကတည်းက နှလုံးရောဂါ ရှိပါတယ်။ အခုက ကွမ်းသီးရာကနေ အမောဖောက်ပြီး နှလုံးကြောင့်ပဲ ဆုံးရတာပါ” လို့ ကိုဒေးဗစ်က ပြောပြပါတယ်။
ကေအေတီရဲ့ နာရေး အတွက် IC မိသားစုဖြစ်တဲ့ အဆိုတော် ကိုလေးဖြူက လိုက်ပါ ဆောင်ရွက်ခဲ့ပါတယ်။
ကေအေတီ ကွန်လွန်ချိန်မှာ အသက် ၄၈ နှစ်ရှိပြီ ဖြစ်ပြီး ညီ ၁ ယောက်၊ ညီမ ၂ ယောက် ဖြစ်တဲ့ မယဉ်ယဉ်မြင့်၊ မမိုးမိုးမြင့်နဲ့ ကိုကျော်ကျော်ထွေးတို့ ကျန်ရစ်ခဲ့ပါတယ်။ ဇာတိက မုံရွာမြို့ ဖြစ်ပြီး ဇနီးသည် မချမ်းအိမွန်ရဲ့ မိသားစုကတော့ မော်လမြိုင်က ဖြစ်ကြောင်း သိရပါတယ်။ မချမ်းအိမွန်က ကေအေတီနဲ့ အတူ ရန်ကုန်မှာပဲ အတူနေထိုင်ခဲ့ပြီး ကေအေတီ ကွယ်လွန်မှုနဲ့ ပတ်သက်လို့ ဝမ်နည်းကြေကွဲနေတာကြောင့် ဧရာဝတီကို လက်ခံ စကားမပြောနိုင်ပါဘူး။
IC မိသားစုဝင်တွေ ကလည်း နာရေး ကိစ္စ အလုပ်များနေတာကြောင့် ဖုန်းလက်ခံ ပြောဖို့ အခက်အခဲ ရှိနေတယ်လို့ ကိုဒေးဗစ်က ပြောပါတယ်။
ကေအေတီဟာ အနှစ် ၃၀ ကျော်ကြာ ဂီတလောကမှာ ရပ်တည်ခဲ့ပြီး ရော့ခ်ဂီတ အမျိုးအစား တေးသီချင်းတွေကို အများဆုံး ရေးဖွဲ့ခဲ့ပါတယ်။ ကျော်အောင်သစ် နာမည်နဲ့ ကဗျာတွေ ရေးခဲ့ပြီး Iron Cross တေးဂီတရဲ့ တေးသံရှင်တွေအတွက် တေးသီချင်း အများဆုံး ရေးဖွဲ့ပေးခဲ့တာပါ။ ၂၀၀၆ ခုနှစ်မှာ Melody World တေးဂီတ အဆိုပြိုင်ပွဲတွက် အကဲဖြတ်ဒိုင် အဖြစ် စတင်ပါဝင်ခဲ့ပြီး Melody World တေးစီးရီးတွေ အတွက်လည်း တေးသီချင်းတွေ ရေးဖွဲ့ပေးခဲ့သူ ဖြစ်ပါတယ်။
နဒီထိုက်နှင့် မြတ်သူအောင် ပူးပေါင်းရေးသားသည်။