လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ရော့ခ်အဖွဲ့ ‘Idiots’ ဟာ ၁ နှစ်အတွင်း လူငယ်ပရိသတ်များစွာ ရခဲ့တဲ့ သူတို့ရဲ့ ‘လူအ ဂီတ’ ဆိုတဲ့ အယ်လ်ဘမ်ကို MTV အဖြစ် ပုံဖော်နေပြီလို့ Idiots အဖွဲ့ရဲ့ တေးရေးတေးဆို ရေမွန်က ပြောပါတယ်။
ရေမွန်က “ရိုက်ဖို့က တပုဒ်နှစ်ပုဒ်ပဲ ကျန်တော့တာပါ။ ပရိသတ်လည်းကြိုက်၊ ကိုယ်လည်း စိတ်တိုင်းကျမယ့် သီချင်းတွေကို ရွေးပြီး ရိုက်နေတာပါ” လို့ ပြောပါတယ်။
လူအ ဂီတ MTV မှာ သီချင်း ၁၂ ပုဒ်စလုံး ပြန်မထည့်တော့ဘဲ ၉ ပုဒ်လောက်သာ ရိုက်ကူးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လူအ ဂီတ စီဒီကို ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့ပြီး လူငယ်တွေရဲ့လက်ရာ အငွေ့အသက်တွေကို သီချင်းတိုင်းမှာ ခံစားခဲ့ကြရမှာ ဖြစ်ပါတယ်။ စီးရီးထွက်ပြီး ၁ နှစ်အတွင်းမှာ ရေမွန်ကိုယ်တိုင် ရေးဆိုထားတဲ့ ချန်ခဲ့၊ မင်းနဲ့နီးဖို့၊ ဆုလာဘ်၊ တွေ့ရတာ ဝမ်းသာတယ် ဆိုတဲ့သီချင်းတွေက ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။
လူအဂီတ စီးရီးမှာ ရော့ကာကြီး ကိုလေးဖြူလည်း ပါဝင်ကူညီခဲ့တယ်လို့ ရေမွန်ရဲ့ မိခင် ဒေါ်ခင်မြတ်မွန်ဆီက သိရပါတယ်။
လူငယ်တွေရဲ့ ဖန်တီးမှု အသစ်တွေဖြစ်တဲ့ လူအဂီတ MTV ကို ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ပရိသတ်တွေဆီ ချပြတော့မှာ ဖြစ်တယ်လို့ ရေမွန်က ပြောပါတယ်။
Idiots အဖွဲ့ဟာ Wanted၊ Reason နဲ့ Bigbag အဖွဲ့တွေနဲ့ ပူးပေါင်းပြီး S.I.R ရော့ခ် အဖွဲ့ကိုလည်း ဖွဲ့စည်းထားကြပါတယ်။ S.I.R အဖွဲ့အနေနဲ့လည်း စီးရီးတခွေ ထွက်ရှိထားပါတယ်။
Idiots အဖွဲ့ရဲ့ ဒုတိယစီးရီး ‘ခေတ်သစ်ကျောက်’ ကိုလည်း စတည်နေပြီလို့ သိရပြီး ပထမစီးရီးထက်ကို ကြမ်းတဲ့ အမျိုးအစားတွေ ပါဦးမယ်လို့ ရေမွန်ကပြောပါတယ်။
“ကျနော်တို့ ခေတ်သစ်ကျောက်ဆိုတဲ့ ဒုတိယအခွေကို စ တီးနေပါပြီ။ ဒုတိယ အခွေက တချို့သီချင်းတွေဆို ပိုကြမ်းပါတယ်။ အကြမ်းတွေ နည်းနည်းပိုများမယ် ထင်ပါတယ်။ ပရိသတ်နဲ့ အံဝင်ခွင်ကျမယ့် သီချင်းတွေလည်း ပါမှာပါ။ တေးရေးတွေက ကျနော်ရယ်၊ ဖိုးလုံးရယ်၊ ဂျပန်ရယ်ပါမယ်။ ကျနော်တို့ရဲ့ ကြိုးစားမှုကို အားပေးနားလည်တဲ့ ပရိသတ်တွေအတွက် ကျနော်တို့ ဆက်ပြီး ကြိုးစားနေပါတယ်။ လက်ခံတာနဲ့ ထိုက်တန်အောင် ကြိုးစားသွားမှာပါ” လို့ ရေမွန်က ဆိုပါတယ်။
ခေတ်ပြိုင်ဂီတတွေ ဖြစ်တဲ့ Progressive နဲ့ မော်ဒန်ရော့ခ်တွေကို ပုံဖော်ချပြလာကြတဲ့ လူငယ် ဂီတသမားတွေရဲ့ တင်ပြမှုတွေကို ဆက်လက်ခံစား ကြရဦးမှာ ဖြစ်ပါတယ်။