SFU

အရေးပေါ် ဖွဲ့စည်းလိုက်တဲ့ ဗီဒီယို ကွပ်ကဲရေးအဖွဲ့ ဘာတွေကွပ်ကဲမလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သိပ်ကြာသေးခင် ကာလက မြန်မာဗီဒီယိုဇာတ်ကားတချို့ရဲ့ ချစ်ကြိုက်ခန်းတချို့ကို ပွင့်လင်းထင်သာ မြင်သာစွာ ရိုက်ကူး သရုပ်ဆောင် လာကြတယ်လို့ မြန်မာ facebook ပရိသတ်တွေက တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး ဝေဖန်သံ ညံလာခဲ့ရာက တဆင့် ပြည်တွင်းပြည်ပ မီဒီယာတွေအထိ အဲဒီဇာတ်ကားတွေရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို အင်တာဗျူးတွေလုပ်၊ ဖြေရှင်းချက်တွေပေး၊ သတင်းတွေရေးတဲ့အထိ ဖြစ်ခဲ့ကြတယ်ဆိုတာ အားလုံးလည်း အသိပါပဲ။

အဲဒီလို အခြေအနေဖြစ်နေတဲ့ အတောအတွင်းမှာဘဲ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေပြီး ဗီဒီယိုဇာတ်ကား တွေကို စိစစ်မယ့် ဗီဒီယို ကွပ်ကဲရေးအဖွဲ့ကို အရေးပေါ် ဖွဲ့စည်းလိုက်ပါတယ်လို့ ပြည်တွင်း ဂျာနယ်တချို့က ဖော်ပြလိုက်ပြန်တော့ မြန်မာဗီဒီယို ဇာတ်ကားတွေရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထိန်းကွပ်ဖို့အတွက် ဖွဲ့စည်းလိုက် လေသလားလို့ မစပ်စု တွေးမိတာ အမှန်ပါ။

သို့ပေမယ့် ဒီလို ဗီဒီယို ဇာတ်ကားတွေကို ထိန်းကွပ်ဖို့၊ စိစစ်ဖို့အတွက် ဗီဒီယို ကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း လုံး၀ မဟုတ်ပါဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒု ဥက္ကဋ္ဌလည်းဖြစ်၊ ဗီဒီယိုကွပ်ကဲရေး အဖွဲ့က အဖွဲ့ဝင် တဦးလည်း ဖြစ်တဲ့ သရုပ်ဆောင် လူမင်းက ဧရာဝတီကို ပြောလာပါတယ်။

“ဇာတ်ကားတွေ စိစစ်ဖို့ လုံးဝမဟုတ်ပါဘူး။ ကျနော်တို့က ဆင်ဆာအဖွဲ့လည်း မဟုတ်ပါဘူး။ အဓိကကတော့ ပျက်စီးနေတဲ့ ဗီဒီယို ဈေးကွက်ကို ကျားကန်ဖို့ပါပဲ။ အနုပညာရှင်တွေ အားလုံးက ဒီ ဗီဒီယို ဈေးကွက်ပေါ်မှာ မှီတည် နေကြတာလေ။ အခု ဗီဒီယို ဈေးကွက်တွေက တစတစ ယိုယွင်း ပျက်ဆီးလာတာနဲ့ ပတ်သက်ပြီး ဒါကို ကျားကန်ဖို့ပါ” လို့ သူက ဆိုပါတယ်။

ဦးလူမင်း အနေနဲ့လည်း သရုပ်ဆောင် ဒါရိုက်တာ တယောက်ဖြစ်နေတဲ့ အတွက် တစတစ ယိုယွင်းပျက်စီးနေတဲ့ ဗီဒီယို ဈေးကွက်အပေါ် သူ့အနေနဲ့ တာဝန်ရှိတယ်လို့ ခံယူတာကြောင့် ရုပ်ရှင်အစည်းအရုံး အလုပ်တွေ မအားတဲ့ကြားထဲက ဗီဒီယို ကွပ်ကဲရေး အဖွဲ့ဝင်အဖြစ် ပါဝင်ဖြစ်ခဲ့ပုံကိုလည်း ရှင်းပြပါတယ်။

ဒါ့အပြင် လက်ရှိ ဗီဒီယိုအခြေခံအဖွဲ့ရဲ့ ဖြန့်ချိရေး၊ ကွပ်ကဲရေး၊ အုပ်ချုပ်ရေး အပိုင်းတွေကို ဝိုင်းဝန်း ကူညီပေးဖို့အတွက် ဖွဲ့စည်းလိုက်ခြင်း ဖြစ်တယ်လို့လည်း ဗီဒိယို ကွပ်ကဲရေးအဖွဲ့ဝင် တဦးဖြစ်သူ ဒါရိုက်တာ မောင်မောင်ဦး (စနှိုးဝှိုက်) က ဧရာဝတီကို ပြောပါတယ်။

အားလုံး သိကြတဲ့အတိုင်း သိပ်မကြာသေးခင် ကာလက “မျက်လုံးလေး ကလယ်ကလယ်” ဆိုတဲ့ ဗီဒီယိုဇာတ်ဝင်ခန်း တခုဖြစ်တဲ့ ချစ်ခန်း ကြိုက်ခန်း ရိုက်ကူးတဲ့ နေရာမှာ ၉ တန်း ကျောင်းသူအရွယ် သရုပ်ဆောင်ကို ဒါရိုက်တာက သရုပ်ဆောင်ခိုင်းတဲ့ နေရာမှာ အရမ်း ပွင့်လင်းလွန်းတယ်၊ မဖြစ်သင့်ဘူးလို့ ပရိသတ်တွေရဲ့ ဝေဖန်သံတွေ ညံသွားခဲ့တာကြောင့် သရုပ်ဆောင်ကော ဒါရိုက်တာပါ ဖြေရှင်းချက်တွေ ပေးခဲ့ရ ပါသေးတယ်။ ဒါ့အပြင် တခြားသော ဗီဒိယို ဇာတ်ကားတချို့ရဲ့ ချစ်ခန်းကြိုက်ခန်း ဇာတ်ဝင်ခန်းတချို့ရဲ့ ပွင့်လင်းမှု အပေါ်ကိုလည်း ပရိသတ်က သဘောမကျ ဖြစ်ခဲ့ကြပြန်ပါတယ်။

ဒီဘက် ဦးသိန်းစိန် အစိုးရ ပြောင်းလဲလာခဲ့ပြီးတဲ့ နောက်ပိုင်း ရှိသမျှ ဆင်ဆာအဖွဲ့တွေရဲ့ တဖြည်းဖြည်း ဖြေလျှော့ပေး လာမှုနဲ့အတူ ဗီဒီယိုဇာတ်ကားတွေရဲ့ တင်ဆက်လာမှု ပုံစံတွေ လွတ်လပ် ပွင့်လင်းလာတဲ့ အပေါ် အရင်က ချုပ်တည်း ထားခဲ့ရသမျှ တွေဟာ အခုလို စပ်ကူးမတ်ကူး ကာလတွေမှာ ဒီလိုဒဏ်တွေ ခံစားရမှာပဲလို့ ဒါရိုက်တာ မောင်မောင်ဦး(စနှိုးဝှိုက်) က ပြောပါ တယ်။

“လွတ်လပ်ခြင်း၊ ပွင့်လင်းခြင်းရဲ့ အရသာကို လူငယ်ပီပီ ရိုက်လာကြတော့ ဒီလို စပ်ကူးမတ်ကူး ကာလမှာ တချိန်တုန်းကလည်း အရမ်း ချုပ်တည်းထားကြရတော့ အခုလို ပွင့်လင်းပြီ၊ လွတ်လပ်ပြီဆိုတော့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေက လုပ်နေမကျတဲ့ အခါမှာ တချို့ဟာတွေက ပရိသတ်အတွက် လွန်ကဲတယ်လို့ ထင်ရတဲ့ ပုံစံတွေလည်း ရှိကောင်းရှိနိုင်မှာပေါ့နော်။ သူတို့အနေနဲ့ ဒါကို အယဉ်ကျေးဆုံးပြတယ် ထင်နေပေမယ့် ပရိသတ်ရဲ့ တုန့်ပြန်မှုနဲ့ အားလုံး တုန့်ပြန်မှုတွေကို သူတို့လည်း သိနေကြတယ်လေ။ ကျနော့် အထင် ဒီထက်လည်း ဆိုးသွားစရာမရှိပါဘူး။ ဒီထက် ဆိုးမယ့်ကားတွေ ထပ်ထွက် လာရင်လည်း ဒါတွေက ဒီတုန့်ပြန် မှုတွေ မတိုင်ခင်တုန်းက ရိုက်ထားတဲ့ ကားတွေတော့ ကျန်ဦးမှာပေါ့နော်။ ဒါကတော တံခါးဖွင့် လိုက်တယ် ဆိုတဲ့အခါမှာ  တိုင်းပြည်တိုင်းမှာတော့ ခြင်တို့၊ ယင်ကောင်တို့ မကောင်းတဲ့ အနံ့အသက်တို့ ဝင်လာတာလည်း ကြုံရမှာပဲလေ။ ဒီ တုန့်ပြန့်မှု လေးတွေနဲ့ ပတ်သက်ပြီးတော့ အချင်းချင်း ပြန်ထိန်းကွပ်နေတာ၊ ပြောကြဆိုကြတာတွေတော့ ရှိပါတယ်။ ကျနော့်အထင် သိပ်ပြီးတော့ ဆိုးဆိုးရွားရွား ဖြစ်လာမယ်လို့ မထင်ပါဘူး” လို့ ဒါရိုက်တာ မောင်မောင်ဦး (စနိုးဝှိုက်) က ဆိုပါတယ်။

ဗီဒီယို ကွပ်ကဲရေး အဖွဲ့ ကိစ္စကို ပြန်ဆက်ရမယ်ဆိုရင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး လက်အောက်မှာရှိတဲ့ ဒီ ဗီဒီယို ကွပ်ကဲရေး အဖွဲ့မှာ နာယကကြီးများ အဖြစ် ဦးစိန်တင်၊ ပန်းချီစိုးမိုး၊ ဦးအောင်လွင်တို့နဲ့အတူ ရုပ်ရှင်အစည်းအရုံး ဒု ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်း၊ ဒါရိုက်တာ မောင်မောင်ဦး (စနှိုးဝှိုက်)၊ လပ်ကီးပဲလေ့စ် ဗီဒီယို ထုတ်လုပ်ရေးက ဦးတင်အောင် စတဲ့ အဖွဲ့ဝင် ၆ ဦးနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

ဒီအဖွဲ့ဟာ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိနေပြီး ယိမ်းယိုင်နေတဲ့ ဗီဒီယိုဈေးကွက်ရဲ့ အားနည်းချက် ရှိနေတဲ့ အပိုင်းတွေကို အဓိကထား လုပ်ဆောင် သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဗီဒီယို ကွပ်ကဲရေးအဖွဲ့ကို ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က စတင် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ကွပ်ကဲတာတော့ ကွပ်ကဲတာပဲ၊ ဒါပေမယ့် ဈေးကွက်ထူမတ် စေမယ့် ကွပ်ကဲမှု ဖြစ်နေလို့ မစပ်စုရဲ့ အထင်နဲ့ အမြင် ပါစင်အောင် လွဲသွားရပါကြောင်းပြောရင်းနဲ့ မြန်မာ့ဗီဒီယို ဈေးကွက် ပြန်လည် ထူမတ်လာပါစေကြောင်း ဆုတောင်း ပေးလိုက်ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading