ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ဒီနေ့ကစပြီး တာဝန်ထမ်းဆောင်တော့မယ့် ဒု ဥက္ကဋ္ဌဟောင်း ဦးလူမင်း (အကယ်ဒမီ လူမင်း) က သူ့ပရိသတ်ကို သူ အလုပ်များမှာဖြစ်ပေမယ့် အနုပညာပိုင်းမှာ လျော့သွားမှာကို မစိုးရိမ်ကြပါနဲ့လို့ ဧရာဝတီက တဆင့် ပြောလိုက်ပါတယ်။
“ပရိသတ်ကို ဟြေချင်တာက ကျနော် အလုပ်တာဝန်တွေ များလာတဲ့အတွက် အနုပညာ ဖန်တီးမှုတွေမှာ လျော့သွားမှာ မစိုးရိမ်ပါနဲ့၊ ကျနော် အရည်အသွေးကို နှစ်ဆ ဂရုစိုက်မယ်၊ အရေအတွက်ကို လျှော့ပြီး အရည်အချင်းကို နှစ်ဆဖြစ်အောင် တဘက်က ကြိုးစားမှာပါ” လို့ ဦးလူမင်းက ဆိုပါတယ်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဦးလူမင်းက ဥက္ကဋ္ဌ တာဝန်ကို ယူလိုက်ပြီ ဖြစ်ကြောင်း ဒီနေ့ ရုပ်ရှင်အစည်းအရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကြေညာခဲ့တာပါ။
အကယ်ဒမီလူမင်းက “ကျနော် ဒီနေ့ကစပြီး တာဝန် စထမ်းဆောင်မှာပါ၊ ဥက္ကဋ္ဌ ဦးဇင်ဝိုင်း လုပ်လက်စ အလုပ်တာဝန်တွေကို ကျနော် ဆက်လုပ်ရမှာပေါ့၊ ကျနော် ဥက္ကဋ္ဌ တာဝန်ယူဖို့က အစည်းအရုံးရဲ့ Rule and Regulation အရ ဥက္ကဋ္ဌ အနားယူရင် ဒု ဥက္ကဋ္ဌက တာဝန်ထမ်းဆောင်ရမယ် ဆိုတာလည်း ရှိတယ်၊ အမှုဆောင် အဖွဲ့ဝင် နာယကကြီးတွေ ကလည်း အတည်ပြု ရွေးချယ်ပေးကြတယ်။ ဦးဇင်ဝိုင်းက နိုင်ငံခြားခရီးစဉ် ပြန်လာပြီးကတည်းက ဆေးရုံနှစ်ကြိမ် တက်ရတယ်၊ အခုအချိန်မှာ သူက ခါးလည်း မကောင်းဘူး၊ ဆီးအိမ်လည်း မကောင်းဘူး၊ အလိုလိုနေရင်းနဲ့လည်း ဆီးတွေထွက်ကျ နေတာမျိုး၊ လမ်းလျှောက်ရင်း နဲ့လည်း ခဏခဏလဲကျတယ်၊ မြို့ထဲမှာလည်း ကားပေါ်က ဆင်းလိုက်တာ ခါးမထိန်းနိုင်ဘဲ အရှေ့ကိုစိုက်ပြီး ကားတိုက် မိမလိုတောင် ဖြစ်သွားတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
အခုနောက်ပိုင်းမှာ ဦးဇင်ဝိုင်းအနေနဲ့ အာရုံစူးစိုက်လို့ မရတာတွေဖြစ်လာတော့ သူ တာဝန်မကျေမှာ စိုးရိမ်တဲ့အတွက် ကျန်းမာရေးအရ အနားယူတာပါလို့ ဦးလူမင်းက ရှင်းပြပါတယ်။
ဥက္ကဋ္ဌ တာဝန်နဲ့ အနုပညာ လှုပ်ရှားမှုတွေ ဘယ်လိုလုပ်မယ်ဆိုတဲ့ အကြောင်းကိုတော့ ဦးလူမင်းက ဥက္ကဋ္ဌနေရာက တာဝန် ကြီးတဲ့အတွက် ဒီအလုပ်နှစ်ခုကို အဆင်ပြေအောင် အဓိကက Balance ညှိပြီး လုပ်ရမယ်လို့ ဆိုပါတယ်။
“ကိုယ့်ရဲ့ အချိန်တွေကို ညီညီမျှမျှ ခွဲဝေပြီးတော့ နှစ်ဆ လုပ်ရမှာပေါ့” လို့ ဦးလူမင်းက ပြောပါတယ်။
သူ့ရဲ့ ဥက္ကဋ္ဌ သက်တမ်းမှာ ရုပ်ရှင်နဲ့ ဗီဒီယို ဈေးကွက်ကို ပိုတိုးတက်အောင် လုပ်ဖို့ ကိစ္စတွေလည်း စီစဉ်ထားတယ် ဆိုတဲ့ အကြောင်း၊ လုပ်ရပ်တခုမှာ ရလဒ်က ပိုအရေးကြီးတဲ့အတွက် လုပ်မယ် ဟြေပြီးတော့ ဖြစ်မလာခဲ့ရင် မကောင်းဘူးဆိုတဲ့ အကြောင်း ဦးလူမင်းက ဆိုပါတယ်။
ပြီးတော့ ကောလာဟလတွေနဲ့ ပတ်သက်လို့ ဦးလူမင်းကို ဧရာဝတီက မေးကြည့်ရာမှာ ကိုယ့်လုပ်ရပ်အတွက် ဒီကောလာဟလတွေကို မကြားရ၊ မမြင်ရ၊ မသိရတဲ့ ပုဂ္ဂိုလ် ဖြစ်ရပါလို၏လို့ သူက ဆုတောင်းတယ်လို့ သူက ရှင်းပြပါတယ်။
“ဒါပေမယ့်လည်း ဒီဆုတောင်းက ဘယ်တော့မှ ပြည့်မှာ မဟုတ်တဲ့ ဆုတောင်းပါ၊ ဖြစ်လာရင်လည်း ရင်ဆိုင်ရမှာပဲပေါ့။ လူသားရယ်လို့ ဖြစ်လာရင် ခံစားတတ်တဲ့ နှလုံးသား ရှိတယ်၊ စဉ်းစားဆုံးဖြတ်နိုင်တဲ့ ဦးနှောက်ရှိတယ်၊ မြင်နိုင်တဲ့ မျက်လုံး၊ ကြားနိုင်တဲ့နား၊ ဟြေနိုင်တဲ့ ပါးစပ်၊ အာရုံခံနိုင်တဲ့ အရာတွေရှိတယ်။ သူ့မှာ အင်အားလက်နက် ကိရိယာတွေ အလုံအလောက် ပါပြီးသားပါ၊ ရင်ဆိုင်ရမှာပေါ့” လို့ ဟြေခဲ့ပါတယ်။
ဒီနေ့ ဇွန်လ ၇ ရက်နေ့ကနေ စပြီး ကျန်းမာရေး အခြေအနေကြောင့် ဦးဇင်ဝိုင်းဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တာဝန်ကနေ အနားယူပြီးတော့ အင်တာဗျူးတွေလည်း မဖြေတော့ဘူးလို့ ဧရာဝတီကို ပြောလာပါတယ်။
“ကျနော် ကျန်းမာရေး အခြေအနေကြောင့် အင်တာဗျူး မဖြေတော့ပါဘူး၊ အလုပ်တွေလည်း ရှုပ်နေလို့ပါ။ အဲဒါကြောင့် စာနယ်ဇင်းတွေ အတွက် အဲဒီအကြောင်းကို အစည်းအရုံးမှာ သတင်းထုတ်ပြန် ကြေညာမှာပါ” လို့ ဦးဇင်ဝိုင်းက ဆိုပါတယ်။
ဦးဇင်ဝိုင်းဟာ နိုင်ငံခြားခရီးစဉ်က ပြန်လာပြီး ဆေးရုံနှစ်ကြိမ် တက်ခဲ့ရကြောင်း၊ ခါးနာရောဂါနဲ့ ဆီးရောဂါကို ခံစား နေရတဲ့အတွက် ကျန်းမာရေး အခြေအနေကြောင့် တာဝန်လစ်ဟင်းမှာ စိုးရိမ်တဲ့အတွက် အနားယူရခြင်း ဖြစ်ကြောင်း သိရပါတယ်။