ရန်ကုန်မြို့ မြေနီကုန်းလမ်းဆုံက ဒဂုံစင်တာ ဈေးဝယ်စင်တာမှာ လာရောက်ဈေးဝယ်ကြတဲ့ လူငယ်စုံတွဲတွေအတွက် စုံတွဲဖက်ရှင် ပြိုင်ပွဲတရပ်ကို ဇွန်လ ၆ ရက်နဲ့ ၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
မော်ဒယ်လ် လောကက ဆယ်ကျော်သက် လူငယ်စုံတွဲတွေအပြင် ဈေးဝယ်ရင်း ကြော်ငြာတွေ့လို့ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ စုံတွဲပေါင်း ၄၀ လောက် ဝင်ရောက် ယှဉ်ပြိုင်ကြတာပါ။ ၆ ရက်နေ့မှာ ပဏာမ ရွေးချယ်ပွဲကို ကျင်းပခဲ့ပြီး စုံတွဲ ၁၀ တွဲကို အကဲဖြတ်ဒိုင် သရုပ်ဆောင် ဇွဲနေဝင်းနဲ့ လင်းဇာနည်ဇော်တို့က ရွေးချယ်ပေးခဲ့ပါတယ်။
၇ ရက်နေ့မှာ ဖိုင်နယ်ပွဲကို ကျင်းပခဲ့ရာမှာတော့ ပထမဆုကို ခန့်မင်းဟန်နဲ့ မေဖူးကိုအတွဲ၊ ဒုတိယဆုကို ဘုန်းဆင့်နဲ့ စန္ဒာလင်း အတွဲ၊ တတိယဆုကို ပြည့်စုံနဲ့ နန်းထိုက်ဝင့်စံအတွဲတို့က ရရှိခဲ့ပြီး ပထမဆုအဖြစ် ငွေကျပ် ၂ သိန်းနဲ့ ကျပ် ၁ သိန်းတန် ဈေးဝယ်ခွင့်ကတ်၊ ဒုတိယဆု အဖြစ် ကျပ် ၁ သိန်းနဲ့ ကျပ် ၁ သိန်းတန် ဈေးဝယ်ခွင့်ကတ်၊ တတိယဆုအဖြစ် ကျပ် ၅ သောင်းနဲ့ ကျပ် ၅ သောင်းတန် ဈေးဝယ်ခွင့်ကတ်တို့ကို ချီးမြှင့်ခဲ့တယ်လို့ Star Mart က ဈေးကွက်မန်နေဂျာ ကိုကျော်မျိုးနိုင်ဆီက သိရပါတယ်။
ပြိုင်ပွဲမှာ စုံတွဲမော်ဒယ်လ် ပြိုင်ပွဲအပြင် ချစ်ချောနဲ့ချစ်ပုတို့ရဲ့ ဟာသ အစီအစဉ်၊ Star Let’s Sky အစီအစဉ်က ကလေး တေးသံရှင်တွေရဲ့ စင်တင် ဖျော်ဖြေမှုအစီအစဉ်၊ မော်ဒယ်လ်ရှိုး အစီအစဉ်၊ Black Diamond အကအလှ အစီအစဉ်တွေပါ တင်ဆက်ခဲ့ပါတယ်။
အသက် ၁၆ နှစ်ကနေ ၂၅ နှစ်အတွင်း စုံတွဲတွေရဲ့ ရုပ်ရည်၊ ဝတ်စားဆင်ယင်မှု၊ တဦးနဲ့တဦး အပေးအယူမျှတမှု၊ အနုပညာ ဆန်စွာ တင်ဆက်နိုင်မှု၊ စကားပြော သွက်လက်မှုတွေနဲ့ အမှတ်ပေးခဲ့တယ်လို့ ဒိုင်လူကြီး ဇွဲနိုင်ဝင်းဆီက သိရပါတယ်။
ပြိုင်ပွဲကနေ ဆုရရှိသူ စုံတွဲတွေကို ဒဂုံစင်တာ Star Mart ရဲ့ ပြပွဲ၊ ဈေးရောင်းပွဲနဲ့ ကြော်ငြာကဏ္ဍတွေမှာ ထည့်သွင်း အသုံးပြုသွားမှာ ဖြစ်တယ်လို့ မန်နေဂျာ ကိုကျော်မျိုးနိုင်က ဆိုပါတယ်။