အသက် ၁၃ နှစ် အရွယ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိနေခဲ့တဲ့ အကယ်ဒမီ စိုးပြည့်သဇင်ဟာ ၂၀၁၃ ဇွန် ၈ ရက်နေ့က ထွက်ရှိတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့ပါပြီ။
စိုးပြည့်သဇင် ၁၀ တန်းအောင်ပါတယ်တဲ့။ အနုပညာ အလုပ်တွေတဘက်နဲ့ ကျောင်းစာတွေကို ကျက်မှတ်ရတာကြောင့် ဂုဏ်ထူးတော့ မပါခဲ့ပါဘူး။
စိုးပြည့်သဇင် တက္ကသိုလ်ဝင်တန်း အောင်လား စိတ်ဝင်တစား မေးနေကြတဲ့ ပရိသတ်တွေအတွက် စိုးပြည့်သဇင်က “ စိုးပြည့် ဒီနှစ် စာမေးပွဲအောင်ပါတယ်။ ဂုဏ်ထူးတော့ မပါခဲ့ပါဘူး။ ဂရုတစိုက် လှမ်းမေးကြတဲ့ စိုးပြည့်ရဲ့ ပရိသတ်တွေအတွက် ကျေးဇူးလည်း တင်ပါတယ်။ ဆယ်တန်း ဖြေတုန်းကလည်း အနုပညာနဲ့ ပညာရေးကို မျှပြီးတော့ လုပ်သွားရတာပေါ့နော်။ အခုလည်း အနုပညာအတွက် အချိန်ပေးနိုင်မယ့် ပညာရေးကိုပဲ ရွေးရမှာပါ။ တက္ကသိုလ်ဆိုတာလည်း စိုးပြည့် သိပ်သွားချင်တဲ့ နေရာတခုပါ။ ပညာရေးကိုရော၊ အနုပညာကိုရော မျှပြီး လုပ်သွားမှာပါ။ အဝေးသင်ပဲ ယူဖြစ်ဖို့များပါတယ်။ ဘယ်ဘာသာ ယူရမလဲ ဆိုတာကတော့ စဉ်းစားတုန်းပါ။ အမှတ်စာရင်းကိုလည်း ကြည့်ရဦးမှာပါ” လို့ ဧရာဝတီကတဆင့် ပြောပါတယ်။
တက္ကသိုလ်ဝင်တန်းကို ပူပူနွေးနွေးအောင်ထားတဲ့ စိုးပြည့်သဇင်ဟာ အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင် ဟိန်းဝေယံနဲ့ ဗီဒီယို ဇာတ်ကား တကား ရိုက်ကူးပြီးသွားပြီ ဖြစ်ကြောင်း၊ ကောင်းကင်ရဲ့ ရာဇဝင်၊ အိပ်မက်ဝဿန် စတဲ့ ရိုက်ကူးဆဲ ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်နေကြောင်း သိရပါတယ်။
၂၀၁၂ မှာ ချစ်သူရွေးမယ်ဆိုတဲ့ တကိုယ်တော် တေးစီးရီးလည်း ထွက်ရှိထားတဲ့ စိုးပြည့်သဇင်က ဒုတိယခွေအတွက် သီချင်းတွေလည်း စုနေပါပြီတဲ့။
“ချစ်သူရွေးမယ် စီးရီးမှာလည်း စိုးပြည့်ကိုချစ်တဲ့ ပရိသတ်တွေက စိုးပြည့်ကို အားပေးကြတော့ အရမ်း ဝမ်းသာပါတယ်။ ဒုတိယ ခွေအတွက်လည်း သီချင်းတွေ စုနေပါပြီ။ စိုးပြည့်အသံနဲ့ လိုက်မယ့် သီချင်းလေးတွေ ရှာနေတုန်းပါ။ အခုမှ စီစဉ်နေတုန်းပါ။ ပရိသတ်ကြီးလည်း အားပေးကြပါဦး” လို့ စိုပြည့်သဇင်က ပြောပါတယ်။
စိုးပြည့်သဇင်ဟာ အားလုံးသိပြီးတဲ့အတိုင်း စိုးမြတ်သူဇာတို့ ညီအစ်မတွေရဲ့ အနုပညာ မျိုးဆက်တခုဖြစ်ပြီး အဆိုပိုင်းရော သရုပ်ဆောင်ပိုင်းမှာပါ တတ်မြောက်တဲ့သူ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်လောက်ကတည်းက ကီးဘုတ်အတီးကို သင်ယူ တတ်မြောက်ထားတဲ့ သူလည်း ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်မှု ပိုင်းမှာ ပုံစံတုံးတယ်လို့ ဝေဖန်ကြသလို၊ တချို့ပရိသတ် ကျတော့လည်း စိုးပြည့်သဇင်ရဲ့ ဝတ်စားဆင်ယင်မှုတွေမှာ လျှပ်ပေါ်လော်လည်တာမျိုး မတွေ့ရဘူးဆိုပြီး ချီးမွမ်းကြ ပြန်ပါတယ်။
သရုပ်ဆောင် ပိုင်းမှာဆိုလည်း ၂၀၀၉ အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ မိုးညအိမ်မက်မြူ ရုပ်ရှင် ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု (အကယ်ဒမီ ရွှေစင်ရုပ်တု) ကို ရရှိခဲ့သူ ဖြစ်ပါတယ်။