ဇွန် ၁၄ ရက်နေ့ အောင်ဆန်း အားကစားကွင်းမှာ ကန်ကြမယ့် သရုပ်ဆောင်မင်းသားများနဲ့ အဆိုတော် ဂီတပညာရှင်များ ဘောလုံးပြိုင်ပွဲမှာ သရုပ်ဆောင် မင်းသားတွေအသင်းအတွက် ဂိုးဖမ်းမယ့်သူက မင်းသားနေဒွေးလို့ သိရပါတယ်။
“ကျနော် အရင်ကတည်းက Actor Star အသင်းမှာ ကစားခဲ့တယ်။ ကိုဇာနည့်အဖေ ဖွဲ့တဲ့အဖွဲ့မှာလည်း ကစားတယ်။ ကိုဖိုးချစ် ဇာတ်ထဲမှာလည်း သွားကစားတယ်၊ တပတ်မှာ နှစ်ရက် ထရိန်နင် ကစားတယ်။ ဘိုင်စကုပ်မင်းသား အသင်းကတော့ ကိုကြံ့ (ကျော်ကျော်ဗို) လုပ်တာ၊ မသန်စွမ်း ရန်ပုံငွေပေါ့။ အဲဒါကြောင့် ကျနော်တို့လည်း ပါဝင်ဖြစ်တာပါ” လို့ နေဒွေးက ပြောပါတယ်။
နေဒွေးက ဒဂုံ အထက ၁ ထွက်ဖြစ်ပြီး အထက်တန်းကျောင်းမှာကတည်းက လက်ရွေးစဉ် ဂိုးသမားဖြစ်ပါတယ်။ တက္ကသိုလ် တက်တော့လည်း အီကိုလက်ရွေးစဉ်လို့ သူ ဆိုပါတယ်။
“ဂိုးဖမ်းတာကို ဝါသနာပါလို့ ဂိုးသမားလုပ်တာပါ။ ရှေ့တန်း အားကစားသမားတွေ ဘယ်လောက် တော်တော် ဂိုးသမား အသုံးမကျရင် အလကားပဲ။ တဘက်အသင်းရဲ့ ကစားပေါက်တွေကို ဂိုးသမားက သိဖို့လိုတယ်” လို့ နေဒွေးက ဆက်ပြောပါတယ်။
သရုပ်ဆောင် အလုပ်ဆိုတာ စိတ်ထည့်ပြီး လုပ်ရခြင်းဖြစ်တဲ့ အကြောင်း၊ ကစားသမားဆိုတာ ကတော့ လေ့ကျင့်မှုများများ လုပ်မှ ဘယ်လို ကစားရမယ်ဆိုတာ သိနိုင်တဲ့ အကြောင်း၊ ကစားတဲ့အခါ နိုင်ဖို့ တခုတည်း တွေးထားပြီး ဂိုးသမားဆိုတာ ဂိုးပေါက်ကို နိုင်နင်းသင့်တယ် ဆိုတဲ့အကြောင်း၊ ဂိုးပေါက်မနိုင်နင်းရင် ကိုယ့်ကြောင့် အသင်း မျက်နှာပျက်စရာ ဖြစ်တတ်ကြောင်း၊ မဝင်သင့်တဲ့ ဂိုးတွေကို မဝင်အောင် ကာကွယ်တတ်ဖို့ လိုတဲ့ အကြောင်းနေဒွေးက ရှင်းပြပါတယ်။
သရုပ်ဆောင် နေဒွေးက လက်ရှိမှာ စာရေးဆရာ မင်းမြတ်သူရရဲ့ဝတ္ထုကို ဒါရိုက်တာ သားကြီး ရိုက်ကူးပုံဖော်ထားတဲ့ မျက်နှာဖုံး ဆိုတဲ့ ဇာတ်ကားမှာ မင်းသမီး စံရတီမိုးမြင်၊့ စုလှိုင်နှင်းတို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ နှစ်ကိုယ်ခွဲပုံစံ သရုပ်ဆောင် ထားပြီး စိတ္တဇဆန်တဲ့ ဇာတ်ကားဖြစ်ကြောင်းသိရပါတယ်။ နေဒွေးက သင်္ကေတ ထုတ်လုပ်ရေးအတွက် ဇာတ်ကားများစွာ ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။