SFU

အလင်္ကာ အလွမ်းမှတ်တမ်းနှင့် ရွှေမန်း မျိုးဆက်များ၏ ရင်တွင်း စကားသံများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်၏ ရွှေမန်းသဘင်သက် နှစ် ၈၀ ပြည့် “အလင်္ကာအလွမ်းမှတ်တမ်း” ကပြတင်ဆက် မှုကြီးကို သြဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့များတွင် ရန်ကုန် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ သဘင်၊ ရုပ်ရှင်၊ ဂီတမှ အနုပညာရှင်များစွာဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကပြတင်ဆက်မည့် ပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဇွန် ၁၁ ရက်နေ့က ရန်ကုန် ကရဝိက် နန်းတော်၌ စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဖျော်ဖြေပွဲတွင် ရွှေမန်းဦးတင်မောင်၏ အထင်ကရ ဇာတ်ထုပ်ကြီးများ၊ ရွှေမန်းဦးတင်မောင် ခေတ်တွင် ခေတ်စားခဲ့သော တေးသီချင်းများ၊ ပြဇာတ်များ စသည်တို့ကို အနုပညာရှင် စုံလင်စွာဖြင့် တင်ဆက် ကပြမည်ဟု သိရသည်။

အလင်္ကာ အလွမ်းမှတ်တမ်း စင်တင်ဖျော်ဖြေပွဲအတွက် ရွှေမန်းဦးတင်မောင်၏ အနုပညာ မျိုးဆက်များဖြစ်ကြသော အကယ်ဒမီ ညွန့်ဝင်း၊ ဝင်းဗိုလ်၊ ဆန်းဝင်း၊ ချမ်းသာ၊ ကျော်ကျော်ဗိုလ်၊ တင်မောင်ဆန်းမင်းဝင်း တို့အပြင် သဘင် မျိုးဆက်များက ပူးပေါင်း စီစဉ်တင်ဆက် ကြခြင်းဖြစ်သည်။

ဂီတစာဆို စည်သူ ဗိုလ်ကလေး ဦးတင့်အောင်က “အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ သဘင်သက် ၈၀ ပြည့်ပွဲမင်္ဂလာ လုပ်ဖို့အတွက် စာပေ အနုပညာရှင်တွေ စုပေါင်း လုပ်ကြမယ့်ပွဲလေး ဖြစ်လို့ ဝမ်းသာပါတယ်။ ဆရာရွှေမန်းတင်မောင်က အကဆန်း၊ အဆိုဆန်း တွေနဲ့ ပရိသတ်ကို ဆွဲဆောင် နိုင်သူပါ။ ဒီလိုမိသားစုတွေ အပါအဝင် တခြားသော အနုပညာရှင်တွေပါ ပါဝင် ကပြအသုံးတော်ခံမှာမို့ အားလုံးသော ပရိသတ်တွေ အားပေးကြဖို့ တောင်းပန်ချင်ပါတယ်” ဟု စာနယ်ဇင်း ရှင်းလင်းပွဲတွင် ဧရာဝတီသို့ ပြောခဲ့သည်။

အဆိုပါ ပွဲကို MRTV4 ရုပ်သံလိုင်းက တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်းလည်း သိရသည်။

“ကျနော်တို့ မိသားစုက ရွှေမန်း ဦးတင်မောင်ရဲ့ ဇာတ်ပွဲတွေကို ငယ်ငယ်က အမြဲကြည့်ခဲ့ရ သူတွေပါ။ ကျနော့် အဖေက ခုံနဲ့ကြည့်တယ်၊ ကျနော့်အမေနဲ့ ကျနော်က ဖျာနဲ့ ကြည့်ခဲ့ကြတယ်။ အခု ဒီပွဲကြီးကို ကျနော် တို့ MRTV 4 ကနေ ပြသခွင့်ရတာကိုပဲ အရမ်း ကျေးဇူးတင်လှပါပြီ” ဟု MRTV4 ရုပ်သံ၏ CEO ဦးဝင်းမော်က ပြောသည်။

အလင်္ကာကျော်စွာ ရွှေမန်း တင်မောင်သည် ၁၉၆၉ နိုဝင်ဘာ ၃၀ ရက်နေ့တွင် နှစ်ပါးခွင် ကပြရင်း ဦးနှောက် သွေးကြောပြတ်၍ ကွယ်လွန်ခဲ့သည်။ ဇာတ်သဘင် လောကတွင် ဆက်တင်အပြင်အဆင်ကို စက်ပစ္စည်းမသုံးဘဲ လက်လုပ် ပစ္စည်းများဖြင့် ထူးခြား ဆန်းပြားစွာ ပြင်ဆင် ကပြတတ်သူတဦးအဖြစ် နာမည်ကြီးသူ တဦးဖြစ်သည်။ သူကပြခဲ့သည့် ဇာတ်ထုပ်တိုင်းတွင် ထူးခြားသည့် ကဟန်၊ ဆန်းပြားသည့် အပြင်အဆင်တို့ကြောင့် ပရိသတ်များ၏ ပါးစပ်ဖျားတွင် ရေပန်းစား ကျော်ကြားခဲ့ပြီး ဇာတ်သဘင်လောက၏ ရှေ့ဆောင်လမ်းပြ တဦးလည်း ဖြစ်သည်။ ရွှေမန်း ဦးတင်မောင်၏ တောင်ပြုံးမင်းညီနောင်၊ ဗိမိ္မသာရ၊ လက်ဝဲသုန္ဒရ၊ လှည်းသားငါးရာ၊ မယားအလိမ္မာ ပုစိကာ၊ ရွဲကုန်သည်နှင့် တခြားဗုဒ္ဓဝင် ဇာတ်ထုပ်များစွာ သည်လည်း ယနေ့တိုင် နာမည်ကျော်ကြား နေဆဲဖြစ်သည်။

၁၉၈၃ ခုနှစ်တွင် အလင်္ကာ ကျော်စွာ ရွှေမန်းတင်မောင်၏ သဘင်သက် နှစ် ၅၀ ရွှေရတုကို ရွှေမန်းတင်မောင်၏ သားများက ဦးဆောင်ကာ ကပြခဲ့ဖူးကြောင်း၊ ယခုနှစ် ၈၀ ပြည့်ကို အဖိုးအမွေ ဆက်ခံနေသည့် မြေးများက အမှတ်တရ ပါဝင်ကပြခြင်း ဖြစ်ကြောင်း ရွှေမန်းဦးတင်မောင်၏ မြေးဖြစ်သူ တင်မောင်ဆန်းမင်းဝင်းက ပြောသည်။

၎င်းပွဲနှင့် ပတ်သတ်၍ ရွှေမန်းဦးတင်မောင်၏ အနုပညာ မျိုးဆက်များက ၎င်းတို့၏ ရင်တွင်း ခံစားချက်များကို ဧရာဝတီမှ တဆင့် ပြောပြခဲ့သည်များအား ဖော်ပြလိုက်ပါသည်။

အကယ်ဒမီ ညွန့်ဝင်း (ရွှေမန်းတင်မောင်၏ သား)

ဒါကတော့ အင်မတန်ကောင်းတဲ့ ပွဲပဲ။ အဲဒီလိုဆိုတော့ ရွှေမန်းသဘင် မိသားစုတခုထဲတင် မဟုတ်ဘူး။ ဒိပြင် မိသားစုတွေ၊ ဒိပြင် ဇာတ်သဘင်က အဖွဲ့အစည်းတွေ၊ ဂီတကလည်းပါတယ်။ ရုပ်ရှင်ကလည်း ပါတယ်ဆိုတော့ မင်္ဂလာရှိတဲ့ ကိစ္စပါပဲ။ အားလုံး အဆင်ပြေကြလိမ့်မယ် ထင်ပါတယ်။ ဒီပွဲမှာ ကျနော်ကတော့ ပဏာမမှာ ပါပါမယ်။ ဒီပွဲကတော့ရှား ရှားပါးပါး ပွဲမျိုးပဲ ကြည့်ရခဲတဲ့ ပွဲမျိုးပဲလေ။ ကျနော်တို့ အနေနဲ့ ဖိတ်ကြားပါတယ်၊ လာရောက် အားပေးကြပါလို့ ပြောချင်ပါတယ်။ အဖေနဲ့ ပတ်သတ်ပြီး ပြောရမယ် ဆိုရင် ဒီအချိန်မှာ သူ့ကိုပိုလွမ်းပါတယ်။ ဒီလိုသာ ဆိုရင် သူတော်တော် ပျော်နေမှာပဲလေ။ အဖေက စည်းစည်းလုံးလုံး လုပ်တာ ပိုသဘောကျတယ်။ ဒါက စုပေါင်းပြီးလုပ်တဲ့ ပွဲမို့လို့ သူ ဝမ်းသာသွားမှာပါ။ အဲဒီတော့ ဖေဖေ တနေရာရာက ပြုံးကြည့်နေမယ်လို့ ခံစားရပါတယ်။ ဒီပွဲကို လာကြည့်ကြပါလို့ ပြောချင်ပါတယ်။

ဇာတ်မင်းသား၊ သရုပ်ဆောင် တင်မောင်ဆန်းမင်းဝင်း (ရွှေမန်းတင်မောင်၏ မြေး)

ဒီပွဲလေးက ကျနော့်အဖိုး ဆုံးသွားပြီးတော့ သဘင်သက်တမ်း ၈၀ ပြည့် စိန်ရတု ကပြခြင်း ဖြစ်ပါတယ်။ အဖိုး အမှတ်တရပါ။ ပါဝင်မယ့်အစီအစဉ်က ဇာတ်ထုပ်ကြီးပဲ မှတ်တမ်း ၈ ထုပ်ပါတယ်။ ကောင်းနိုးရာရာ ရွေးထားတဲ့ ဇာတ်ထုပ် ၈ ထုပ် ကပြမှာပါ။ ၈ ထုပ်မှာ ရွဲကုန်သည်၊ မင်းသား ငါးရာ၊ ဒေဝဓမ္မ၊ ထွက်ရပ်လမ်း၊ လက်ဝဲသုန္ဒရ အဲဒီလို ဇာတ်ထုပ်တွေ ကပြပါမယ်။ ကျနော်က ထွက်ရပ်လမ်း ကပါမယ်။ ဒီပွဲ လုပ်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ နောက် အဖိုးလက်ထက်က နာမည်ကြီးတဲ့ သီချင်းတွေ ဆိုမယ်။ နှစ်ပါးသွားက နောက်ဆုံးပါ။ ဒီပွဲလုပ်ရလို့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု နှစ်မျိုးစလုံး ခံစားရပါတယ်။ ပျော်ရွှင်မှုက ညီအစ်ကို မောင်နှမတွေ စုပြီး လုပ်ရလို့ပါ။ ဝမ်းနည်းမှုက အဖိုးရှိရင် ဒီထက်ပိုပြီး ကျနော်တို့ အတွက် အထောက်အကူ ဖြစ်မှာပါ။ ကျနော့် အဖိုးအတွက် လုပ်ပေးရကျိုး နပ်ပါတယ်။ အဖိုးကို ကျေးဇူးဆပ်ရာလည်း ရောက်ပါတယ်။ သူ့နာမည်ကြောင့် လက်ရှိ ကျနော်တို့ လုပ်စားလို့ ရနေတာပါ။ ဒါကြောင့်လည်း ကျနော့် နာမည်ရှေ့မှာ တင်မောင်ဆိုတာ ပါနေတာပါ။ ဇာတ်လမ်း၊ ဇာတ်ထုပ်နဲ့ လိုက်ဖက်တဲ့သူကို ထည့်သုံးမှာပါ။ ဘယ်သူရယ် ဆိုတာတော့ မရှိပါဘူး။ ကျနော့်ဆွေမျိုး၊ သဘင် အနုပညာ ရှင်တွေ၊ ရုပ်ရှင်ဂီတ အနုပညာရှင် တွေထဲက နောက်ဒီလူ ဒါနဲ့ကိုက်တယ်ဆို အဲဒီလူကို ထပ်ဖိတ်ခေါ်မှာပါ။ ကြည့်ရှုသင့် ပါတယ်။ နိုင်ငံအတွက်လည်း ဒီပွဲလုပ်တာဟာ ဂုဏ်ယူစရာ တခုလို့ အများကြီး ယုံကြည်ပါတယ်။ အဖိုးအတွက်လည်း အရမ်း ဝမ်းသာပါတယ်။ နောက် အဖိုးနဲ့ ပတ်သတ်လို့ အများကြီး ဂုဏ်ယူတယ်။ အဖိုးကိုလည်း ကျနော့် အနုပညာနဲ့ ကျေးဇူး ဆပ်မှာပါ။ ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ အရင်က နှစ် ၅၀ ရွှေရတု လုပ်ခဲ့ပါတယ်။ နောက် မြေးတွေအထိပါ အနုပညာရှင်တွေ ဖြစ်နေတော့၊ မြေးတွေအထိ ပွဲမလုပ် ဖြစ်သေးတော့ ဒီပွဲကိုဦးဆောင် လုပ်ပေးလိုက်တာပါ။

သရုပ်ဆောင်၊ အဆိုတော် ဇာတ်မင်းသား ကျော်ကျော်ဗို (ရွှေမန်းတင်မောင်၏ မြေး)

ကပြမယ့်အစီအစဉ်က အဖိုးဇာတ်ထုပ်တွေက အများကြီးပဲလေ။ တကယ်က ၂ ရက်တည်းနဲ့က ဘယ်လိုမှ အဆင်မပြေဘူး။ ဒါပေမယ့် ကောင်းနိုးရာရာတွေ ယူပြီး အစ်ကိုတို့ ဘကြီးတွေနဲ့ အဖေနဲ့ တိုင်ပင် လုပ်ကြတာပါ။ အဖိုးရဲ့ ဂီတရူး ဇာတ်ထုပ်မှာ ကျနော် ပါဝင်ကပြ ရမှာပါ။ ဒါကြီးက ဖြစ်ချင်နေတာ ကြာပါပြီ။ ဖိုးဖိုးကို ဂုဏ်ပြုတဲ့ပွဲ ဖြစ်ချင်နေတာ ကြာလှပါပြီ။ အခုလို အားတက်သရော ဝိုင်းလုပ်တော့ ဖြစ်ပေါ်လာတယ် ပေါ့နော်။ ဂုဏ်ပြုကြတဲ့ အတွက်လည်း အတိုင်းမသိ ပီတိဖြစ်ရပါတယ်။ ကျနော်တို့ရဲ့ ရှေ့ဆောင်လမ်းပြ အနုပညာရှင်ကြီးပါ။ လက်ရှိ ပရိသတ်တွေ ကျနော်တို့ကို အားပေးလက်ခံ နေတာ ဖိုးဖိုးရဲ့ အရှိန်အဝါ ကြောင့်ပါ။ ဒီလိုဂုဏ်ပြုပွဲ လုပ်ရတာ ပီတိအရမ်း ဖြစ်ရပါတယ်။ ဘယ်နေ့ ကပြမယ် ဆိုတာကတော့ ဒီမှာ ပွဲဖြစ်မြောက်ရေး လုပ်နေတဲ့ ဦးလေးတွေ ရှိပါတယ်။ သူတို့က ပရိသတ်ကို ကြေညာပါလိမ့်မယ်။ ကျနော်တို့က ပွဲမိန့် တင်ထားတော့ ဘယ်နေ့ဆိုတာကို အတိအကျ ပြောပြဖို့ ခက်နေသေးတယ်။ ရက်က နည်းနည်း အတိအကျပြောဖို့ ခက်နေ သေးတာပေါ့။ ပါဝင်မယ့် အနုပညာရှင်က ရွှေမန်းမိသားစု အကုန်ပါမယ်။ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်တွေ အကုန် ပါဖြစ်မယ်။ နီးကပ်ရင်တော့ ဘယ်ဇာတ်ထုပ်၊ ဘယ်သူဆိုတာ ထွက်လာပါလိမ့်မယ်။ ပရိသတ်အတွက် စကားလက်ဆောင် ကတော့ ကျနော်တို့ သဘင်အတွက် အလုပ်လုပ်ကြတယ်၊ ဖိုးဖိုးကိုလည်း ဂုဏ်ပြုရာ ရောက်တယ်၊ သဘင်ယဉ်ကျေးမှုကို မြှင့်တင်တဲ့ ပွဲဆိုလည်း မမှားပါဘူး။ ကျနော်တို့ ရိုးရာကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ အားလုံး ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ဖိုးဖိုးအတွက် စကားလက်ဆောင်က ဖိုးဖိုးက ကျနော်တို့အတွက် အနှိုင်းမဲ့ပါပဲ။ သူ့ကို ဒီတပွဲတည်းနဲ့ ကျေးဇူးဆပ်ရတာ မျိုးတော့ မဟုတ်ပါဘူး။ ဖိုးဖိုးကို ကျေးဇူးဆပ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီပွဲမှာ ရှိသမျှ အနုပညာရှင်တွေက ဖိုးဖိုးကို ဂုဏ်ပြုမှာပါ။ လက်ရှိက ဖိုးဖိုး အတွက် ဇာတ်တိုက်နေတယ်၊ နောက် ဗီဒီယိုရိုက်ဖို့ လုပ်နေပါတယ်။

ဇာတ်မင်းသားကြီး ချမ်းသာ (ရွှေမန်းတင်မောင်၏ သား)

ဖေဖေဟာ သူမတူတဲ့ တင်ဆက်မှုဆန်းတွေ တင်ဆက်နိုင်သူပါ။ တကယ်တော့ ဖေဖေ့သားမို့ မင်းသားဖြစ်လာတာပါ။ ဆက်တင် အခန်းအနား လုပ်ဖို့ သိပ်ဝါသနာ ပါခဲ့ပါတယ်။ ဖေဖေ့ပွဲလုပ်ရင် ဘယ်လိုတီထွင်မယ် ဆိုပြီး ရူးခဲ့ရတဲ့ နှစ်ပေါင်း မနည်းတော့ ပါဘူး။ ဖေဖေဟာ စက်ပစ္စည်း မသုံးဘဲနဲ့ ဇာတ်ခုံအပြင်အဆင်ကို လှပတင့်တယ်အောင် အံ့ဖွယ် ဖြစ်အောင် လုပ်ခဲ့သူပါ။ ဖေဖေ့ရဲ့ ဆက်တင် အခမ်းအနားကို ကြည့်ရူးခဲ့သူပါ။ ဖေဖေ့ပွဲမှာ ခမ်းနားကြီးကျယ်အောင် ဖျော်ဖြေ တင်ဆက် မယ်လို့ စိတ်ကူးပါတယ်။ ဖေဖေ့ရဲ့ ခြေမှုန်လောက် ပညာနဲ့ ပြသခွင့်ရမှာမို့ ကျေးဇူးတင်ပါတယ်။ ဒီပွဲမှာ ဆက်တင်ဒါရိုက်တာ ကိုအောင်ကျော်ထွန်းနဲ့ တွဲဖက်ပြီး ဖန်တီးထားပါတယ်။ အစကနေ ပြီးတဲ့အထိ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေ မြင်ရပါမယ်။ ဖျော်ဖြေရေး အပိုင်းမှာ အလင်္ကာ ဖခင်ကြီးရဲ့ နောက်ဆုံးနှစ်ပါးခွင် အန္တိမ နှစ်ပါးခွင်လို့ပဲ ပြောချင်ပါတယ်၊ ဖေဖေဟာ သေခါနီး အချိန်အထိ သဘင်တာဝန်ကို ယူသွားတာပါ။ ၁၉၆၉ နိုဝင်ဘာ ၃၀ ရက်နေ့ မနက် ၄ နာရီအချိန် နှစ်ပါးခွင် ကနေချိန်မှာ ဖေဖေ ကွယ်လွန်ပါတယ်။ ဖေဖေဟာ သူ့ဝေဒနာကို ပရိသတ်ကို မသိစေဘဲ ကြိုးစား ကပြခဲ့ပါတယ်။ အဲဒီ ဖေဖေနောက်ဆုံး ကပြခဲ့တာကို အထူးကဏ္ဍ အနေနဲ့ တင်ဆက်မှာပါ။ ဖေဖေလုပ်ခဲ့တဲ့ အဆင်အပြင်အတိုင်း ကပြပါမယ်။ အဲဒီ ဇာတ်ခုံအတိုင်း ကပြမှာပါ။ ဖေဖေ အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်ထုပ်၊ သီချင်းတွေကို အကောင်းဆုံး ရွေးကမှာပါ။ ၂ ညနဲ့ပဲ ကပြ ရမှာမို့ အကောင်းဆုံး တင်ဆက်မှာပါ။

ဝင်းဆွေ (အလင်္ကာအလွမ်းမှတ်တမ်းပွဲ ဖြစ်မြောက်ရေးတာဝန်ခံ၊ ရွှေမန်းတင်မောင်၏ သမီးဒေါ်ချစ်ချစ်၏ ခင်ပွန်း)

ဖေဖေဟာ မန္တလေးသား ဖြစ်တဲ့အတွက် မန္တလေး အမျိုးသား ကဇာတ်ရုံအတွင်းမှာ ဖေဖေ့ရဲ့ကြေးရုပ်ကို ထားရှိဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာနကို ဝိုင်းဝန်း လျှောက်ထားပါတယ်။ များမကြာမီ ချပေးမယ်လို့ မျှော်လင့်ထားပါတယ်။ ဖေဖေနဲ့ လက်တွဲခဲ့တဲ့ အနုပညာရှင်တွေ သက်ရှိ ထင်ရှားရှိသူတွေကို ကျနော်တို့ မိသားစုက ဒီပွဲက ရရှိတဲ့ငွေတွေကိုလှူဒါန်းပါမယ်။ ဖေဖေ့ကို ဂုဏ်ပြုသော အားဖြင့် ဖေဖေ့ရဲ့ အနုပညာကို ကျနော်တို့ မိသားစုအပြင် တခြား အနုပညာရှင်တွေကိုပါ အမွေပေးလိုတဲ့ စိတ်နဲ့ ဖေဖေ့သားကြီး ကိုညွန့်ဝင်းက လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီပွဲကို MRTV4 က တိုက်ရိုက် ထုတ်လွှင့်ပါမယ်။ အဲဒီအတွက် ပံ့ပိုးပေးတဲ့ CEO ကိုဝင်းမော်ကို မိသားစု ကိုယ်စား ကျေးဇူးတင်ပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading