မျက်လှည့်ပညာရှင် မစ္စတာ တော့ပ် (Mr. Top) ရဲ့ မြန်မာပြည်အနှံ့ မျက်လှည့် ပြပွဲကြီးကို ဇွန်၂၂ ညနေ ၃ နာရီမှာ ရန်ကုန် အမျိုးသား ကဇာတ်ရုံကနေ စတင် ဖျော်ဖြေတင်ဆက်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ခမ်းနားစွာ တင်ဆက်ပြသမယ့် မျက်လှည့်ရှိုးတွေကို Pep နို့မှုန့်နဲ့ မစ္စတာတော့ပ်တို့ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ မှာသာမက ကျန်တိုင်းနဲ့ ပြည်နယ်တွေအနှံ့ လှည့်လည် ဖျော်ဖြေမှာ ဖြစ်ကြောင်း၊ Dancer Group တွေလည်း ပါဝင်မှာ ဖြစ်ကြောင်း Pep ကုမ္ပဏီ ရဲ့ ဈေးကွက်မန်နေဂျာ ဦးအောင်ကျော်နိုင်က ပြောပါတယ်။
နှစ်ပေါင်း ၂၀ ကျော် မျက်လှည့်ပညာကို ဆည်းပူးခဲ့တဲ့ မစ္စတာတော့ပ်ရဲ့ နောက်ဆုံး လေ့လာဆည်းပူးထားတဲ့ မျက်လှည့် ပြကွက်တွေနဲ့ တင်ဆက်မှာ ဖြစ်ပြီး ဒီလိုမျက်လှည့်ရှိုး ပြသနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရကြောင်း၊ အခုလိုပွဲမျိုး ဖြစ်မြောက် လာတာ ဝမ်းသာမဆုံးတဲ့ အကြောင်း မစ္စတာတော့ပ်က ဆိုပါတယ်။
“ကျနော် ဒီလိုပွဲမျိုးလုပ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ မြန်မာ့ မျက်လှည့်ကို ကမ္ဘာက သိစေရမယ်လို့လည်း အကြိမ်ကြိမ်ကြုံးဝါး ခဲ့ပါတယ်၊ အကြိမ်ကြိမ်လည်း ကျရှုံးခဲ့ရပါတယ်။ မမျှော်လင့်ဘဲ ပက်ပ်နို့မှုန့်က အလှူဒါန လုပ်တဲ့ပွဲမှာ ကျနော့်ကို ငှားတော့ ကျနော် ဖျော်ဖြေခဲ့တယ်။ အဲဒီပွဲမှာ သူဌေးက နိုင်ငံခြားမှာ ပြကွက်တွေက ဘယ်လိုရှိတယ် ဆိုပြီး ပြောလာတယ်။ ကျနော်လည်း အဲဒါတွေ ကျနော်တို့ ဆီမှာလည်း ပြလို့ရတယ်လို့ ပြောပြလိုက်တယ်” လို့ မစ္စတာ တော့ပ်က ရှင်းပြပါတယ်။
မစ္စတာ တော့ပ်က သူ့အစီအစဉ်တွေကို Pep ကုမ္ပဏီနဲ့ ဆွေးနွေးဖြစ်ပြီး ဇွန်၂၂ ရက်နေ့မှာ အခုလို မျက်လှည့်ပွဲကြီး စတင်ပြသဖို့ အခွင့်အရေး ရလာတယ်လို့ သိရပါတယ်။
“ကျနော် တယောက်အတွက် သာမက မြန်မာ့မျက်လှည့် ကမ္ဘာနဲ့ ရင်ပေါင် တန်းနိုင်အောင် ကြိုးစားမှာပါ။ အခု ပက်ပ် နို့မှုန့်က ကုန်ချင်သလောက် ကုန်ပါစေဆိုပြီး မမြင်ဘူးတဲ့ မီးတွေ စက်တွေနဲ့ ဖျော်ဖြေရအောင် စီစဉ် ပေးထားပါတယ်” လို့ မစ္စတာတေ့ာပ်က ဧရာဝတီကို ပြောတယ်။
၂၀၁၃ ဇွန် ၂၂ ညနေ ၃ နာရီကနေ ၅ နာရီအထိ ရန်ကုန် မြို့မကျောင်းလမ်းက အမျိုးသားကဇာတ်ရုံမှာ မစ္စတာ တော့ပ်ရဲ့ ဟာသနဲ့ မျက်လှည့် အစီအစဉ်တွေ၊ Dancer Show တွေကို တင်ဆက်မှာဖြစ်ပြီး အဲဒီကပြီးရင် မြန်မာနိုင်ငံ အနှံ့ ဆက်လက် လှည့်လည် ဖျော်ဖြေကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ရန်ကုန်မှာ ဖျော်ဖြေပြီးရင် နိုင်ငံအနှံ့ တမြို့ဝင်တမြို့ထွက် တင်ဆက်ကြမယ်။ သာမန် ဘုရားပွဲတွေမှာ ပြတဲ့ပုံစံမျိုး မဟုတ်ဘဲ ဇာတ်ရုံတွေ ခန်းမတွေ ငှားပြီးတော့ကို တင်ဆက်ကြမှာပါ။ Project Plan လည်း ဆွဲထားပြီးပါပြီ” လို့ မစ္စတာတော့ပ်က ပြောပါတယ်။
အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ မျက်လှည့်ပညာရှင် မစ္စတာတော့ပ်ဟာ နှစ်ပေါင်း ၂၀ ကျော် မျက်လှည့် လောကမှာ ကျင်လည်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ပထမဦးဆုံး လက်ဦးဆရာကတော့ ကွယ်လွန်သူ ရန်ကုန်မိုးအောင် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက မျက်လှည့် ပညာရှင် မစ္စတာ ပိုင်းရစ်ချ်၊ ဂျပန်က မျက်လှည့် ပညာရှင် ကန့်ကူဘာရှီ၊ ပြင်သစ်မျက်လှည့် ပညာရှင် မစ္စတာ ဂျရန်မ် တို့ဆီကလည်း မျက်လှည့်ပညာတွေ ဆည်းပူးခဲ့တယ်လို့ သိရပါတယ်။