မလေးရှားရောက် မြန်မာအလုပ်သမားတွေ အကြောင်း ပါဝင်တဲ့ “မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ဆိုတဲ့ ဇာတ်ကား အတွက် ခေါင်းဆောင်မင်းသားလုပ်ဖို့ ပြေတီဦးက စရန်ကျပ် သိန်း ၅၀ ယူထားပြီးမှ ရိုက်ဖို့ ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
“ကျနော် အဲဒီကားကို မရိုက်ဖြစ်တော့ပါဘူး။ အဲဒီကားကို ရိုက်ရင် ပရိသတ်တွေက လတ်တလောဖြစ်နေတဲ့ မလေးရှား ကိစ္စနဲ့ ပတ်သက်ပြီး အထင်လွဲမှာ စိုးလို့ပါ။ ဒါကြောင့် မရိုက်ဖြစ်တော့တာပါ” လို့ ဧရာဝတီကိုပြောပါတယ်။
မလေးရှား – မြန်မာ ပူးပေါင်းရိုက်ကူးမယ့် ဒီဇာတ်ကားကို ရိုက်ကူးဖို့ ပြေတီဦးက ငြင်းပယ်လိုက်တဲ့ အတွက် စီစဉ်သူ ကိုစတီးလ်နဲ့ မလေးရှားက ဒါရိုက်တာ တို့အတွက် အခက်အခဲတွေ ဖြစ်နေရကြောင်း သိရပါတယ်။
မဟာဆန်တဲ့ မာယာမျက်နှာဖုံး ရုပ်ရှင်ဇာတ်ကားကို ရှုတင်မန်နေဂျာ၊ ဇာတ်ညွှန်းရေးဆရာ စတီးလ်က စီစဉ်ခဲ့ပြီး မလေးရှားက ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ R.Perakas Rajaram က ရိုက်ကူးပုံဖော်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
မြန်မာရုပ်ရှင် ဗီဒီယိုလောကမှာ ၂၇ နှစ်ခန့် ကျင်လည်လာသူ ကိုစတီးလ်က မလေးရှား နိုင်ငံကို ရောက်တိုင်း မြန်မာလူမျိုးတွေ အကြောင်း လေ့လာခဲ့ပြီး ဇာတ်လမ်းတပုဒ် ရေးသားထားခဲ့ကြောင်း၊ အဲဒီဇာတ်လမ်းကို ပရိုဂျူဆာ များစွာပြခဲ့ပေမယ့် မလေးရှား နိုင်ငံမှာ သွားရောက်ရိုက်ကူးရမယ့် ဇာတ်ကားဖြစ်နေတဲ့အတွက် ပရိုဂျူဆာတွေက ငြင်းဆိုခဲ့ကြောင်း၊ နောက်ဆုံး မလေးရှား အခြေစိုက် Shine Entertainment က ဟိန္ဒူ ဗုဒ္ဒဘာသာ R.perakas Rajaram နဲ့ တိုင်ပင်ပြီး မြန်မာနိုင်ငံက သရုပ်ဆောင် မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရန်တွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယို အခွေတွေကို မလေးရှား Shine Entertainment ကို ပေးပို့ခဲ့ကြောင်း၊ အဲဒီ သရုပ်ဆောင်တွေ ထဲကမှ ပြေတီဦး၊ နဝရတ်၊ ဝါဝါအောင်၊ ဇော်ဇော်အောင် အစရှိတဲ့ သရုပ်ဆောင် တွေကို ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း ကိုစတီးလ်က ပြောပါတယ်။
ဇာတ်ကားကို မြန်မာသရုပ်ဆောင်တွေနဲ့ မလေးရှားက အိန္ဒိယသရုပ်ဆောင်တွေ ပူးပေါင်း သရုပ်ဆောင်ကြမှာ ဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့မှာ မလေးရှားကိုသွားပြီး ၁၅ ရက်လောက် အချိန်ယူ ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။
တချို့ဇာတ်ဝင်ခန်း တွေကိုတော့ မြန်မာနိုင်ငံ မှာလည်း ရိုက်ကူးမှာဖြစ်တယ်လို့ ပါဝင်သရုပ်ဆောင်မယ့် ဇော်ဇော်အောင်က ဆိုပါတယ်။
ဒီဇာတ်လမ်းကို ရိုက်ကူးဖို့ လွန်ခဲ့တဲ့ ၂ လလောက်က စတင်စီစဉ်ခဲ့ပြီး Shine Entertainment ဘက်က မြန်မာပြည်ကို လာခဲ့ကြောင်း၊ သရုပ်ဆောင် ပြေတီဦးကို ရိုက်ကွင်းအထိ လိုက်ပြီး စရန်ငွေ ကျပ်သိန်း ၅၀ ပေးခဲ့တဲ့ အကြောင်း၊ အားလုံး အဆင်ပြေချောမွေ့စွာနဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကို ဇွန် ၁၆ မှာ ကျင်းပဖို့ စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း၊ ဇွန် ၁၅ ရက်နေ့ ညဘက်ကျမှ ပြေတီဦးက အကြောင်းကြောင်းကြောင့် မရိုက်နိုင်တော့ပါဘူး ဆိုပြီး ငြင်းဆိုခဲ့တာကြောင့် ဇာတ်ကား ရှေ့ဆက်ဖို့ အနည်းငယ်ကြန့်ကြာ သွားနိုင်ကြောင်းနဲ့ အခက်အခဲတွေလည်း ကြုံတွေ့နေရကြောင်း ကိုစတီးလ်က ပြောပါတယ်။
“ကျနော်ပြောတာ အမှားပါရင်လည်း ခွင့်လွှတ်ပါ။ ကျနော် ဒီဇာတ်ကားဖြစ်မြောက်ဖို့ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ကျနော်တို့ ရိုက်ကူးမယ့် ဇာတ်ကားက နှစ်နိုင်ငံ ပဋိပက္ခကို ရိုက်မှာ လုံးဝမဟုတ်ပါဘူး။ လူမျိုးရေး ဘာသာရေး အကြောင်း ရိုက်မှာ လုံးဝ မဟုတ်ပါဘူး။ မြန်မာ လူမျိုးတွေ ကိုယ့်နိုင်ငံမှာပဲ ကိုယ် အလုပ်လုပ်သင့်တယ် ဆိုတဲ့ မက်ဆေ့ချ်လေး ပေးချင်ရုံပါ။ ကျနော်တို့ ပြေတီဦးကိုလည်း အားလုံးပြောပြထားပြီး သူလည်း လက်ခံခဲ့ပြီးပါပြီ။ ၁၅ ရက်နေ့ ညကမှ ကပ်ပြီးတော့ မရိုက်နိုင်တော့ပါဘူး ဆိုပြီး ဖျက်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အကြောင်းကြောင်းကြောင့် လို့ပဲ ပြောတယ်။ ကျနော်က ဘယ်လို အခက်အခဲရှိလို့လဲဆိုတော့ သူက သူများနိုင်ငံမှာ သွားရိုက်ရင် အင်တာနက်ပေါ်မှာ လျှောက်ရေးကြမှာ စိုးတယ်လို့ ပြောပါတယ်” ဆိုပြီး သူက ရှင်းပြပါတယ်။
မင်းသမီး နဝရတ်ကတော့ အဲဒီဇာတ်ကားကို ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် ရိုက်ကူးမယ့် အကြောင်း၊ မြန်မာပရိသတ် အတွက် အကျိုးပြုနိုင်မယ် ထင်လို့ ဆုံးခန်းတိုင်အောင် ရိုက်မယ့် အကြောင်း ပြောပါတယ်။
နဝရတ်ကို Shine Entertainment က ခေါင်းဆောင်မင်းသမီး အဖြစ် ရွေးချယ် ကမ်းလှမ်းလာတဲ့နောက် နဝရတ်က ဇာတ်လမ်းကို သေချာဖတ်ပြီး လက်ခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာလူမျိုးတွေအတွက် အသိနဲ့ သတိပေးနိုင်မယ့် ဇာတ်ကားမျိုး ဖြစ်တဲ့အတွက် ရိုက်ကူးဖို့ လက်ခံခဲ့ပြီး နဝရတ်ပိုင်ဆိုင်တဲ့ ငွေလမင်း ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးကလည်း ကုန်ကျစရိတ်ကို တဝက်ကျခံကာ ပူးပေါင်းရိုက်ကူးမှာ ဖြစ်ကြောင်း နဝရတ်က ပြောပါတယ်။
“ဒီဇာတ်ကားကို နိုင်ငံခြားဒါရိုက်တာက ရိုက်မယ်ဆိုပြီးတော့ ကိုစတီးလ် (ခေါ်) ကိုဆာမိက ကျမဆီ ရောက်လာပါတယ်။ဇာတ်လမ်းကို သေချာဖတ်ပြီး သွားတာနဲ့ ရိုက်ဖို့ လက်ခံခဲ့ပါတယ်။ ဒီဇာတ်ကားဟာ မလေးရှား ဒါရိုက်တာက ရိုက်မယ် ဆိုပေမယ့် မြန်မာလူထု အားလုံးအတွက် အတွေ့အကြုံနဲ့ သင်ခန်းစာတွေ ပေးနိုင်မယ်။ နိုင်ငံခြားမှာ သွားပြီးတော့ အလုပ်လုပ်ကြမယ့် သူတွေအတွက ်အသိပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးရင်လည်း နယ်မှာ တောမှာ ရှိနေတဲ့ လူထုက သင်ခန်းစာ ယူနိုင်ကြမယ် ထင်ပါတယ်။ နဝရတ်တို့ မြန်မာလူမျိုးတွေ အတွက် အခုလိုမျိုး အခွင့်အရေး ရဖို့ မလွယ်ပါဘူး” လို့ နဝရတ်က ဆက်ပြောပါတယ်။
ဒီဇာတ်လမ်းဟာ စက်ရုံကြီး တခုမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလည်း ဖြစ်သလို၊ ဖြစ်ရပ်မှန် ဇာတ်ကားတွေကို ရိုက်ဖို့ စိတ်ဝင်စားတဲ့ နဝရတ်ကတော့ လုံးဝ လက်မလွှတ် နိုင်ပါဘူးလို့ သူက ဆိုပါတယ်။
“ပြီးတော့ မြန်မာပြည်မှာ ရှိနေတဲ့ ၇ ရက်သားသမီးတွေ အတွက် အခုလိုမျိုး မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ နဝရတ် စွန့်စွန့်စားစား သွားရိုက်မှာပါ။ မြန်မာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရနေတဲ့၊ ဗုဒ္ဓဘာသာ အမျိုးသမီးတယောက် အနေနဲ့ ဘာအန္တရာယ်မှလည်း ဖြစ်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒီဇာတ်ကားကို ဆုံးတဲ့အထိရိုက်ပြီး ပရိသတ်ကို တာဝန်ကျေအောင် ကြိုးစားပါမယ်လို့လည်း ကတိပေးပါတယ်” လို့ နဝရတ်က ဧရာဝတီကို ပြောပါတယ်။
“မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် အကယ်ဒမီ ဝါဝါအောင်ကလည်း ဒီဇာတ်ကားမှာ မြန်မာ အလုပ်သမားတွေကို နိုင်ငံခြားပို့ပေးရတဲ့ ဗီလိန် ဇာတ်ရုပ်က သရုပ်ဆောင်ရမှာ ဖြစ်ပေမယ့် ကျရာ နေရာကနေ သရုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။
“ဒီဇာတ်ကားမှာ လူမုန်းစရာ ပွဲစား မိန်းမကြီးနေရာက သရုပ်ဆောင်ရပေမယ့် မြန်မာ ပရိသတ်အတွက် သင်ခန်းစာတွေ အများကြီး ပေးနိုင်မယ့် ဇာတ်ကားပါ။ ပရိသတ်တွေ အတွက် ဒီဇာတ်ကားကို ရိုက်ဖြစ်အောင် ရိုက်မှာပါ။ ပရိသတ် တွေကလည်း လက်ခံပြီး ကြည့်ပေးစေချင်ပါတယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။
ဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်မယ့် ဇော်ဇော်အောင်ကလည်း မနှစ်က မလေးရှားနိုင်ငံက အနုပညာရှင်တွေ မြန်မာ Location နဲ့ ဇာတ်ကား တကားလာရိုက်စဉ်က သူတို့ ဇာတ်ရန်အနေနဲ့ ဝင်ကူဖူးတယ်၊ အခု မလေးမှာ မြန်မာတွေက သွားရိုက်မယ် ဆိုတော့လည်း ထပ်ပြီး ပါဝင်ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီဇာတ်ကားက မလေးမှာ အလုပ်သွားလုပ်ရင်း အခက်အခဲတွေ၊ ဒုက္ခတွေ ရောက်ကြရတဲ့ အဖြစ်မှန်လေးတွေကို ရိုက်မှာဆိုတော့ မြန်မာ ပရိသတ်တွေ အတွက်လည်း သင်ခန်းစာ ပေးနိုင်မယ်ထင်ပါတယ်” လို့ ဇော်ဇော်အောင်က ဧရာဝတီကို ပြောပါတယ်။
ဒီဇာတ်ကား ဖြစ်မြောက်ဖို့အတွက် ငွေလမင်း ထုတ်လုပ်ရေးရဲ့ ပိုင်ရှင်ဖြစ်တဲ့ နဝရတ်ရဲ့ မိခင် တချိန်က မင်းသမီးကြီး ဒေါ်အေးမြစိမ်းကလည်း အားတိုက်အင်တိုက် ပါဝင်နေတယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ သူကိုယ်တိုင် ၂ နှစ်လောက် သွားရောက်နေထိုင်ခဲ့ဖူးတဲ့ အတွက် ဒီဇာတ်ကားကို ရိုက်ကူး ထုတ်လုပ်ဖို့ စိတ်ဝင်စားခဲ့တယ်လို့လည်း ဒေါ်အေးမြစိမ်း က ပြောပါတယ်။
ဧရာဝတီသတင်းထောက် မြတ်သူအောင် ပူးပေါင်းရေးသားသည်။