တရားဝင်တဲ့ တေးသီချင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်ပဲ ဖြစ်ဖြစ် တရားမဝင်တဲ့ တေးသီချင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်ပဲ ဖြစ်ဖြစ် လူထုကြားထဲ အမြန်စိမ့်ဝင် ပျံံ့နှံ့ စေချင်ရင်၊ ဒါမှမဟုတ် လူတကာ ဝိုင်းပြီး အဆူခံ၊ အဆဲခံ၊ ဝေဖန်ခံ ချင်တယ် ဆိုရင်တော့ facebook လူမှုကွန်ရက် စာမျက်နှာမှာသာ တင်လိုက်ကြပါလို့ ပြောရင် မစပ်စုတို့ facebook က ကြော်ငြာခများ ရမလား မပြောတတ်ဘူး။
ဘာကြောင့်လဲ ဆိုတော့ “ဘာဖြစ်တယ်၊ ညာဖြစ်တယ်” ခပ်သဲ့သဲ့ အသံ ကြားရရုံရှိသေး၊ အင်တာနက်ပေါ်၊ အွန်လိုင်းပေါ် ရောက်နေပြီ၊ အားလုံး ဝိုင်းပြီး ချီးကျုးကြ၊ ကဲ့ရဲ့ကြ၊ ဘေးထိုင်ဘုပြောကြနဲ့ ကမ္ဘာ့တောင်စွန်းက သတင်းကို မြောက်စွန်းက လူက ချက်ချင်း သိရလောက်အောင် မြန်ဆန်နေတဲ့ ခေတ်ကြီးကိုး။
တချို့က ဒီ မြန်ဆန်မှုကို အကျိုးရှိရှိ တရားဝင် အသုံးချကြသလို တချို့ ကျတော့လည်း ကာယကံရှင်က မသိလိုက်ဘဲ အသုံးချ ခံလိုက် ရတာတွေကလည်း တပုံတပင် ရှိနေတာ တွေ့ရပါတယ်။
အခု လတ်တလောမှာ မြန်မာပြည် အနုပညာ လောကက ကိုကို၊ မမ တို့အကြား စိမ့်ဝင်ပျံ့နှံ့နေခဲ့တာ ကြာပြီဖြစ်တဲ့ စပွန်ဆာ ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောထားဆိုထားတဲ့ ဟစ်ပ်ဟော့ပ် မိန်းကလေး အဖွဲ့တဖွဲ့ရဲ့ တေးသီချင်း MTV ဗီဒီယို ကလစ် ကလေးတခုလည်း ထုံးစံအတိုင်း facebook လူမှုကွန်ရက်မှာ ရိုးရာမပျက် ပျံ့နှံ့လာတယ်လို့ ဆိုရမှာပါ။
အဲဒါကတော့ မြန်မာပြည်က ဟစ်ပ်ဟော့ပ် အဆိုရှင်မလေး နှစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ YAK ဆိုတဲ့ ဟစ်ဟော့ပ် သီချင်းတပုဒ်ပါပဲ။ သီချင်းနာမည် ကိုတော့ အားလုံးပဲ “နားနဲ့ မနာ ဖဝါးနဲ့နာ” ဖို့ အရင် ကြိုပြီး မစပ်စုက တောင်းပန် ထားချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ တချို့ စာဖတ်ပရိသတ်တွေက စာက ဘယ်လို အကြောင်းအရာ၊ ဘာကို ရည်ရွယ်သလဲ ဆိုတာကို သေချာ သဘောပေါက်အောင် မဖတ်ဘဲ၊ စကားလုံးတချို့၊ တလုံးနှစ်လုံး လောက်ကို ဖတ်ပြီး ကွန့်မန့်မှာ ဝင်ဝင် ဆဲတတ် ကြလွန်းလို့ပါ။
ကဲ ထားပါတော့လေ။ သီချင်း နာမည်ကတော့ “ဖာရုပ်” ပါတဲ့။ ဒီ သီချင်းနာမည်ကို တွေ့လိုက်ရတော့ မစပ်စုလည်း မျက်စိ အတော်ပြူးသွားတာ အမှန်ပါ။ ဘယ်လိုသဘော၊ ဘယ်လို သက်ရောက်သလဲ ဆိုတာကို ဒီခေါင်းစဉ်နဲ့တင် မြန်မာလူမျိုးတွေ သဘောပေါက် လောက်ရောပေါ့နော်။ နာမည် တွေ့လိုက်ကတည်းက ဒီသီချင်းကို မစပ်စု အတော်လေး စိတ်ဝင်စား သွားမိတာနဲ့ ဒီသီချင်းကို သီဆိုခဲ့ကြတဲ့ YAK ဝိုင်းတော်သားတွေကို ဆက်သွယ်မေးမြန်း စပ်စု မိပါတော့တယ်။
“ဖာရုပ်” ဆိုတဲ့ ဒီ သီချင်းကို YAK အဖွဲ့က Audio အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ် လောက်ကတည်းက အွန်လိုင်းကနေ Underground အဖြစ် စဖြန့်ခဲ့တာပါ။ အခု ထွက်ရှိလာတဲ့ MTV ကိုတော့ လွန်ခဲ့တဲ့ ငါးလလောက်က စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး အခုမှ အွန်လိုင်းပေါ် ဖြန့်ခဲ့တာပါလို့ YAK အဖွဲ့က သဇင်က ဧရာဝတီကို ပြောပါတယ်။
ဒီသီချင်း ဘယ်လိုကြောင့် ဖြစ်လာသလဲဆိုတဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်လို့ သူက “ဒီသီချင်းကို ပထမ ဆိုဖို့ အစီအစဉ် အိုင်ဒီယာလည်း မရှိဘူး။ ကျမ ကိုယ်တိုင် စတီဒီယိုမှာ Song Engineer လုပ်ပါတယ်။ အဲဒီမှာလာတဲ့ အနုပညာ သမားတချို့က မိန်းကလေး အချင်းချင်းကို နှိမ်တာတွေ၊ ကျမတို့က အမှန်အတိုင်းပြောရရင် နှစ်ယောက်စလုံးက ပိုက်ဆံမရှိဘူး၊ သာမန်ပါပဲ။ ကိုယ့်မုန့်ဖိုးနဲ့ ကိုယ် စုပြီးတော့ လုပ်ရတယ်။ ကျမတို့ရဲ့ ဝတ်တာ စားတာတွေက ဂွမ်းရင် ဂွမ်းမယ်၊ ဒါပေမယ့် သူတို့က ကျမတို့ကို ကြည့်တဲ့ ပုံစံတွေက နင်တို့တွေက ဘာကြီးတွေလဲ၊ အောက်တယ်ပေါ့။ သူတို့ကို ပြန်ကြည့်လိုက်တော့ သူတို့ကရော ဘာတွေလဲ၊ သူတို့ကရော ဘယ်လိုကြိုးစား နေတာလဲ၊ ဘယ်လို မိန်းကလေးတွေလဲ ကျမတို့ကို ဝေဖန်ထားတဲ့ သူတွေက စပွန်ဆာ ယူထားတဲ့ သူတွေချည်းပဲ ဖြစ်နေတယ်။ ဒါ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာပဲလေ။ ကြိုက်တဲ့သူနဲ့ ကြိုက်သလို နေလို့ရတယ်။ ဒါပေမယ့် ကျန်တဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားနေတဲ့ သူတွေကို မနှိမ်သင့်ဘူး၊ မဝေဖန်သင့်ဘူးလို့ ထင်တယ်လေ။ ဒါက စတူဒီယိုမှာဆိုလည်း ကျမ ကြုံတွေ့ ရတာပေါ့နော်။ ရှိုးပွဲတွေမှာ ဆိုရင်လည်း သွားရင် ကိုယ့်ကို ခေါင်း၊ ခါး၊ ခြေ အဆုံး အကြည့်ခံရတယ်။ အဲဒီမှာ ကျမ အိုင်ဒီယာတခု ရသွားတာ။ ကျမတို့သီချင်းကိုကျတော့ ဝေဖန်တယ်၊ မိန်းကလေး အချင်းချင်း ပြန်ဖဲ့တယ်ပေါ့။ တကယ်တော့ ကျမတို့က ပြန်ဖဲ့တာ မဟုတ်ဘူး။ သူတို့ရဲ့ မှားနေတာတွေကို ပြန်ပြီးတော့ မြင်စေချင်တာ။ အဲဒီလိုမျိုးနဲ့ ပတ်သက်ပြီးတော့ ဒီသီ
ချင်းကို ကျမတို့ ဆိုဖြစ်တာပါ” လို့ ပြောပြပါတယ်။
အဲဒီသီချင်းကို YAK အဖွဲ့ဝင်တဦးဖြစ်သူ သဇင်ကိုယ်တိုင် ရေးထားတာ ဖြစ်ပါတယ်။ ဒီလို ဆိုတော့လည်း ဒီသီချင်းက ပေါက်ကွဲ ရင်ဖွင့်သံစဉ် တခုလို့ ဆိုရလေမလားပဲ။ ဒါအပြင် ဒီ MTV မှာ Audio ထဲက အတိုင်းမဟုတ်ဘဲ တချို့ နည်းနည်း ရိုင်းပြတဲ့ အသုံးအနှုန်း တွေကို လူကြီးတွေ နားထောင်လို့ရအောင် အသံတွေ ပြန်ပြင်ထားတယ် လို့လည်း သိရပါတယ်။
“မြန်မာပြည်အနေနဲ့ ဆိုရင်တော့ ရိုင်းတာပေါ့နော်။ ကျမတို့ အနေနဲ့ တကယ်ကို ရုန်းကန်ရပါတယ်။ အဲဒီ အချိန်မှာ မဖြစ်ဖြစ်အောင် ကြိုးစားရတယ်။ အဲဒီလို အချိန်မှာ ဒီလိုမျိုးနဲ့ ကြုံလာရတော့ တည့်ပဲ ဆော်မယ်ကွာ၊ တည့်မှ ထိတာ ဆိုပြီးတော့ ရေးလိုက်တာပါ။ဒီသီချင်းနဲ့ ပတ်သက်ပြီး YAK က ရိုင်းရင် ရိုင်းသွားမယ်ပေါ့နော်။ ဒါပေမယ့် ဒါတွေဟာ တကယ့် အဖြစ်အမှန်တွေပါလို့ ပရိသတ်ကြီးကို သိစေချင်ပါတယ်” လို့ သဇင်က သူ့ခံစားချက်ကို ပြောပါတယ်။
ဒီလို တည့်ကစ်လိုက်တော့ ပရိသတ်ရဲ့ တုန့်ပြန်မှုက မစပ်စု ပြောစရာ လိုတော့မယ် မထင်တော့ပါဘူး။ ပြင်းပြင်းထန်ထန် ဝေဖန်သူတွေရှိသလို အားပေးသူတွေလည်း ရှိပြီး ဒီအတွက်ကို ကျေနပ်ပါတယ်လို့ သူတို့အဖွဲ့က ဆိုပါတယ်။
“ဖာရုပ်” ဆိုတဲ့ ဒီသီချင်းဟာ လက်ရှိ အနုပညာလောကမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအမှန်ကို ထင်ဟပ်စေတဲ့ သီချင်း တပုဒ်ဖြစ်ပြီး ဒီသီချင်းကို အားလုံး နားထောင်နိုင်အောင် တရားဝင်အဖြစ် ဖြန့်ချိချင်ပေမယ့်လည်း မလွယ်ကူတဲ့အတွက် Underground အဖြစ်သာ ဖြန့်ရတာပါလို့ သူတို့က ပြောပါတယ်။
ဟုတ်တော့လည်း ဟုတ်သားပါပဲ။ မစပ်စုတို့ ဒီမိုကရေစီ မြန်မာပြည်ကြီးက စပွန်ဆာ ယဉ်ကျေးမှု အကြောင်းတွေကို မစပ်စု ပြောပြစရာမလိုအောင် ပရိသတ်က ပိုသိပြီးသားပါ။
သဇင် နဲ့ Triple A ဆိုတဲ့ မိန်းကလေး နှစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ဒီ YAK အဖွဲ့ဟာ ၂၀၀၅ ခုနှစ်ကတည်း အနုပညာ လောကထဲ ရောက်ရှိနေတာ ဖြစ်ပြီး Hip Hop Crazy၊ Hip Hop United၊ ဗိုလ်လုပွဲ – ၂ နဲ့ ဂျေမီရဲ့ “ဘဝရဲ့ နိဗ္ဗာန်” ဆိုတဲ့ အခွေတွေမှာ သီဆို ခဲ့ဖူးပြီး သူတို့နှစ်ဦးရဲ့ တေးစီးရီးကတော့ ထုတ်လုပ်ပေးမယ့် ပရိုဂျူဆာက အခုမှ ရတာမို့ လာမယ့် ဒီဇင်ဘာ လောက်မှာ ထွက်ရှိ ပါမယ်လို့ သိရပါတယ်။
ဒီသီချင်းဟာ ဟစ်ပ်ဟော့ပ် သီချင်းတပုဒ် ဖြစ်တဲ့အတွက် ဟစ်ဟော့ပ်တို့ ထုံးစံအတိုင်း ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ရင်ထဲက ခံစားချက်ကို ဖွင့်ထုတ်တဲ့ သီချင်းတပုဒ် ဖြစ်တဲ့အကြောင်း၊ ဒါကို လက်ခံလို့လည်း ဒီသီချင်းကို ဒါရိုက်တာအဖြစ် ရိုက်ကူးဖြစ်တဲ့အကြောင်း YAK အဖွဲ့ရဲ့ မန်နေဂျာဖြစ်သူ မီရှယ်လ်က ပြောပါတယ်။
“ဟစ်ပ်ဟော့ပ် သီချင်းဆိုတော့ ဟစ်ဟော့ပ် အရသာရှိမှ အဆင်ပြေမှာပေါ့။ ဟစ်ပ်ဟော့ပ် သီချင်းဆိုတာကတော့ အဲဒီလို ရိုင်းစိုင်းတဲ့ စကားလုံးတွေ၊ ကာမနဲ့ ပတ်သက်တဲ့ စကားလုံးတွေ၊ သူများကို ထိုးနှက် တိုက်ခိုက်တာမျိုးတွေ၊ ပြီးတော့ တယောက်နဲ့ တယောက် အငြင်းအခုန် တွေနဲ့ ပြောဆိုကြတဲ့ ဟာတွေက ဟစ်ပ်ဟော့ပ်ပဲ ပေါ့နော်။ အဲဒီ ယဉ်ကျေးမှုကိုတော့ မြန်မာပြည်က လူတွေက တည့်ကြီး မခံစားဖူးသေးဘူးပေါ့။ အပေါ်ယံ ဟစ်ပ်ဟော့ပ် စကားလုံးနဲ့ သီချင်းတွေကိုတော့ လက်ခံကြတယ်ပေါ့။ တကယ့် အမေရိကန် ဟစ်ပ်ဟော့ပ် ဇစ်မြစ်က လာတဲ့ သူတို့ရဲ့သီချင်းတွေ၊ စကားလုံးတွေကတော့ ရိုင်းစိုင်းတာတွေ ချည်းပဲလေ။ အခု မြန်မာပြည်က အားပေးတဲ့ ကြိုက်နေတဲ့ Eminem တို့ဆိုလည်း အဲ့လိုပဲ ရိုင်းစိုင်းတဲ့ စကားလုံးတွေကတော့ ပါတာပဲ။
ဒါပေမယ့် သူတို့ လက်ခံကြတယ်။ မြန်မာပြည်ထဲက အဆိုတော်တွေက ဒီလို စကားလုံးတွေ ထွက်လာတော့ လန့်သွားကြတယ်။ နည်းနည်း Shock ဖြစ်သွားတဲ့ သဘောလေးရှိတယ်။ ဟစ်ပ်ဟော့ပ်က ဒါအစစ်ပဲလို့ ပြောရမှာပဲလေ။ ကျမကတော့ လက်ခံတယ်။ လို့ မီရှယ်လ်က ဆိုပါတယ်။
ကဲ … “ဖာရုပ်” ဆိုတဲ့ သီချင်းရဲ့ စာသား အသွားအလာတွေ ရိုင်းစိုင်း ကြမ်းတမ်း နေသလား ဆိုတာကတော့ အောက်က လင့်ခ်လေး မှာကြည့်ပြီး ပရိသတ်တွေ ကိုယ့်ဘာသာကိုယ် မှတ်ချက်ပြုပါတော့လို့ပဲ ဆိုပါရစေ။