အခုတလော ရုပ်ရှင်ဗီဒီယိုလောကမှာ ချစ်ခန်းကြိုက်ခန်းတွေကို ပွင့်လင်းမြင်သာစွာ ရိုက်ကူး၊ သရုပ်ဆောင် တင်ပြ လာကြတာနဲ့ ပတ်သက်ပြီး မြန်မာပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ အဲဒီဇာတ်ကားတွေ အကြောင်းက ထပ်တလဲလဲ ပြောဆိုလာတား မကြားချင်အဆုံး ဖြစ်နေပါတယ်။ မော်ဒယ်လ်၊ မင်းသမီးတွေရဲ့ ခေတ်ဆန်ဆန် ဝတ်စားဆင်ယင် မှုတွေကတော့ အင်တာနက်တွေရဲ့ ကောင်းမှုကြောင့် မြင်တွေ့ပါများလို့ ရိုးနေကြပါပြီ။
မြန်မာနိုင်ငံ ဒီမိုကရေစီ ခေတ်ဦး၊ လွတ်လပ်တဲ့၊ ပွင့်လင်းတဲ့ အချိန်ကာလအဖြစ် ကိုယ့်ဘာသာ သတ်မှတ်လိုက်ကြပြီး လူတွေရဲ့ ပါးစပ်ဖျားမှာ ဒီမိုကရေစီဆိုတဲ့ ဆိုတဲ့ စကားလုံးကလည်း ခေတ်စားနေချိန်၊ ရပ်ကွက် ဈေးလေး သွားတာကအစ “ဒါ ငါ့နေရာ၊ ဒီမိုကရေစီ ခေတ်ကြီးမှာ နင်လူပါးမဝနဲ့” ဆိုတာမျိုး ဈေးသည်ချင်း ပြောနေကြတာတောင် ကြားလာရပါပြီ။
အဲဒီလို ဒီမိုကရေစီစနစ်ကို စတင် ဖော်ဆောင်နေပြီဆိုတဲ့ အသံကြားကတည်းက မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေနဲ့ စာစောင် တွေမှာပါ အရေးအသားနဲ့ အသုံးပြုတဲ့ ဓာတ်ပုံတွေလည်း ပြောင်းလာလိုက်ကြတာ၊ ညှို့တို့၊ မာယာတို့လို ပုရိသတွေ ဓာတ်ကျတဲ့ စာစောင်တွေလည်း ထွက်လာတာ အားလုံးအသိပါ။ အရင်က မော်ဒယ်လ်တွေ ကိုယ့်ဘာသာ ရိုက်ထားပြီး သိမ်းထားရတဲ့ ဓာတ်ပုံတွေ၊ ဓာတ်ပုံဆရာတွေ စိတ်ကြိုက် လက်စွမ်းပြထားတဲ့ Sexy ပုံတွေကလည်း ဒီမိုကရေစီခေတ်ကြီးမှာ တရားဝင် ချပြခွင့် ရလာပါပြီ။ အနုပညာ စာစောင်တွေမှာလည်း စာအရေးအသား၊ သတင်းတင်ပြပုံ တိုးတက်လာသလား၊ ပြောင်းလဲလာသလား ဆိုတာတော့ မပြောတတ်ဘူး၊ ဓာတ်ပုံတွေကတော့ အပြိုင်အဆိုင် များပြားတိုးတက် ပြောင်းလဲလာကြ တာကို တွေ့ကြရမှာပါ။
အဲဒီကနေ တစတစနဲ့ ဒီမိုကရေစီကို ဖော်ဆောင်လာလိုက်ကြတာ မြန်မာဗီဒီယို ဇာတ်ကားတွေမှာလည်း ချစ်ခန်း၊ ကြိုက်ခန်းတွေက အရင် အစိုးရအဆက်ဆက် ခေတ်တွေမှာ တခါမှ မမြင်ဘူးတဲ့ ပုံစံတွေ မြင်လာရတော့ ပရိသတ် ဟင်ကနဲ ဟာကနဲ ဖြစ်ကုန်ကြပါတယ်။ နိုင်ငံတကာမှာလည်း ဇာတ်လမ်း သဘောအရ ဒီလို ဇာတ်ဝင်ခန်း မျိုးတွေကို ထည့်သွင်းကြတာ ပါပဲ။ ချစ်ခန်း၊ နမ်းခန်း၊ လင်မယားခန်း တွေမှာ သဏ္ဍာန်လုပ် သရုပ်တူ သရုပ်ဆောင်ကြတာကို အပြစ်ဆိုစရာလို့တော့ မမြင်မိပါဘူး။ မြန်မာ့ ဒီမိုကရေစီ ခေတ်ကြီးမှာ မြန်မာ ဇာတ်ကားတွေထဲ ဒီလို ဇာတ်ဝင်ခန်းတွေကို ထည့်သွင်း ရိုက်ကူး လာတာလည်း ထူးဆန်းလှတယ်လို့ မထင်ပါဘူး။
နိုင်ငံတကာမှာ ဒီလိုဇာတ်ကားမျိုးတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ရိုက်ကူးလာကြတယ်၊ မြန်မာတွေလည်း ကြည့်ဖူးကြတယ်၊ လက်လည်း လက်ခံနိုင်တယ်၊ အခု မြန်မာသရုပ်ဆောင်တွေက အဝတ်အစား လုံလုံခြုံခြုံနဲ့ ချစ်ခန်းနမ်းခန်း၊ လင်မယားခန်းတွေ ရိုက်ကူးချပြလာတဲ့ အခါကျတော့ မြန်မာပရိသတ်တွေက လက်မခံနိုင်ကြဘူးလား ဆိုတဲ့ အနုပညာရှင် တချို့ရဲ့ အသံတွေလည်း တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး ကြားလာရပါတယ်။
တချို့ကလည်း မြန်မာတွေ အခုလို ရိုက်ပြတာကို လက်ခံလိုက်ရင် နောက်ပိုင်း ဒီထက်ဆိုးတာတွေ ထပ်ရိုက်ပြလာလိမ့်မယ်လို့ စိုးရိမ်ကြပါတယ်။
နိုင်ငံတကာ အတွေ့အကြုံရှိသူ တချို့ကတော့ ဒီလို မောင်နဲ့နှမ၊ သားနဲ့အမိ အတူကြည့်လို့ မသင့်လျော်တဲ့ ဇာတ်ကားမျိုး တွေကို နိုင်ငံတကာမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ သရုပ်ဆောင်တွေ ရိုက်ခွင့်မရှိဘူး၊ အသက် ၁၈ နှစ်မပြည့်သေးတဲ့ မင်းသားမင်းသမီးတွေဟာ နှုတ်ခမ်းချင်း နမ်းတဲ့ ဇာတ်ဝင်ခန်းမျိုး မရိုက်ရဘူးလို့ သတ်မှတ်ထားကြောင်း ပြောဆိုကြပါတယ်။ နောက်တခုက အသက် ၁၈ နှစ်အောက် မကြည့်သင့်တဲ့ ဇာတ်ကား၊ နှလုံးရောဂါသည်တွေ မကြည့်သင့်တဲ့ သတ်ဖြတ် ထိုးခုတ် သွေးထွက်သံယို ကြောက်မက်ဖွယ် ဇာတ်ကား စသဖြင့် သတ်မှတ်ချက်တွေ ရှိကြပါတယ်။ နောက်ပြီး ရုပ်သံချယ်နယ် တွေကနေ အဲဒီလို ကားမျိုး ထုတ်လွှင့်ပြသမယ် ဆိုရင် ကလေးတွေ အိပ်ချိန်၊ လူမမာတွေ အိပ်ချိန်၊ အနားယူချိန် စတဲ့ ညဉ့်နက်ချိန်တွေ ကျမှ ပြခွင့်ပေးတယ်လို့လည်း သိရပါတယ်။
အခု မြန်မာကားတွေမှာ လုပ်ခွင့်ရပြီဆိုရင် အကုန်ကို စွတ်လုပ်တော့မယ်၊ အသက်တွေလည်း မသိတော့ဘူး ကလေးတွေ ကိုလည်း ရိုက်ခိုင်းတော့မယ်၊ သတ်မှတ်ချက်တွေ မရှိတဲ့အတွက် ကလေးတွေကလည်း ဒီလိုဇာတ်ကားမျိုးတွေ ကြည့်ကြ တော့မယ်လို့ တချို့ မြန်မာ ပရိသတ်တွေရဲ့ စိုးရိမ်တကြီး ဝေဖန်သံတွေလည်း ကြားနေရပါတယ်။
သရုပ်ဆောင် အများစုကို ကြည့်လိုက်ရင်လည်း အခု လက်ရှိမှာ ဆယ်ကျော်သက် သရုပ်ဆောင် လေးတွေချည်းပဲ အနုပညာ လောကထဲမှာ နာမည်ကြီးလာ၊ ဝင်ရောက်လာကြတာ တွေ့ရပြန်ပါတယ်။ အဲဒီတော့ မြန်မာ့ဗီဒီယို ရုပ်ရှင်လောကမှာ ဒီလို မောင်နဲ့နှမ၊ သားနဲ့အမိ အတူကြည့်ဖို့ မလျော်တဲ့ ဇာတ်ကားတွေ၊ သွေးစိမ်းရှင်ရှင် ပန်းထွက်လောက်အောင် ထိုးခုတ် သတ်ဖြတ်တဲ့၊ နှလုံးရောဂါရှိရင် ကြည့်ရင်း ငေါက်ကနဲ သေသွားနိုင်တဲ့ ဇာတ်ကားတွေ အတွက် နိုင်ငံတကာလို Rating System (အဆင့်သတ်မှတ်မှု) တွေထားဖို့ လိုအပ်လာပြီလား၊ တကယ် ဖြစ်သင့်တဲ့ ကိစ္စတခုလား၊ အနုပညာလောကက ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ ကလည်း ဒီလို Rating System သတ်မှတ်မှုကို လက်ခံကြမလား၊ သဘောတူ ကြမလား ဆိုတဲ့ မေးခွန်းတွေ မေးစရာ ရှိလာပါတယ်။
မြန်မာ ပရိသတ်တွေ အတွက် မြန်မာ့ဗီဒီယိုလောက အဆင့်မြင့်မားဖို့ Rating System က အရေးပါ အသုံးဝင်မလား ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာ့ အနုပညာရှင်တချို့၊ မြန်မာ့ရုပ်ရှင်နဲ့ ပတ်သက်လို့ တာဝန်ရှိသူ တချို့ကို ဧရာဝတီက မေးမြန်းကြည့်ရာမှာ Rating စနစ် ရှိသင့်တယ်လို့ ဖြေသူတွေ ရှိသလို၊ အဲဒီလို အဆင့်သတ်မှတ်မှု တွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာမို့ စဉ်းစားသင့်တယ် ဆိုတာမျိုး ဖြေသူတွေလည်း တွေ့ရပါတယ်။
နှင်းဆီဝိုင် ဗီဒီယို ဇာတ်ကားနဲ့ ဒါရိုက်တာဘဝကို စတင်ခဲ့ပြီး လက်ရှိလည်း ရုပ်ရှင် ဗီဒီယိုတွေ များစွာရိုက်ကူးနေတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က “Rate တွေ သတ်မှတ်တာမျိုးက ဖြစ်သင့်ပါတယ်။ ကမ္ဘာမှာလည်း ရှိတာပဲ။ ဒါဟာ တကယ် ဖြစ်သင့်တဲ့ ကိစ္စတခုပါ။ လုပ်သင့်တာ တော်တော်တောင် နောက်ကျနေပြီ။ ဒီထက် အစောကြီး ကတည်းက လုပ်သင့်တာ။ ဒီလိုသတ်မှတ်ဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုရင် Rating သတ်မှတ်တဲ့လူမှာ တာဝန်ရှိပါတယ်။ ပြောရရင်ဒါဟာ ရုပ်ရှင် ဆင်ဆာဘုတ် အဖွဲ့မှာ တာဝန်ရှိပါတယ်” လို့ ပြောပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်းက ကျန်းမာရေး အခြေအနေကြောင့် လက်ရှိရိုက်နေတဲ့ ဇာတ်ကားတွေကို ခေတ္တရပ်ထားရပြီး ဇူလိုင်လမှာ သရုပ်ဆောင် ပြေတီဦး၊ မင်းဦး၊ ဖွေးဖွေး တို့နဲ့ ဗီဒီယိုတကား၊ နှင်းဆီ အဖွဲ့သားတွေနဲ့ ဗီဒီယို တကား ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။
တချိန်က ရုပ်ရှင်လောကမှာ အောင်မြင်ခဲ့ပြီး အကယ်ဒမီလည်း ရခဲ့ဖူးတဲ့ သရုပ်ဆောင် မင်းသမီးကြီး ဆွေဇင်ထိုက် ကတော့ ရုပ်ရှင်လောက ပြန်တိုးတက်ဖု့ိ အတွက် ပြန်ပြီး Retreat လုပ်ရမယ်လို့ ဆိုလာပါတယ်။
“ဒီလိုလုပ်တာမှာ Rating System ကိုလည်း ထည့်ထားပါတယ်။ ဒီဟာက တကမ္ဘာလုံး လုပ်နေတာဆိုတော့ ကိုယ်တွေလည်း လုပ်ကြရမှာပါ။ ဒီ Retreat ပြီးသွားရင် အဆင့်သတ်မှတ်မှုတွေ ရောက်လာမယ် ထင်ပါတယ်။ Retreat အတွက်က ဘယ်သူတွေ လုပ်နေလဲဆို ကျမကတော့ အဲဒီထဲမှာ မနေနိုင်လို့ ဝင်ပြောနေတဲ့လူပေါ့” လို့ သူက ရှင်းပြပါတယ်။
ဒေါ်ဆွေဇင်ထိုက်က လက်ရှိ NGO တခုမှာ တာဝန်ယူနေပြီး သရုပ်ဆောင် အဖြစ်တော့ မတွေ့ရတော့ပါဘူး။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ၊ ရုပ်ရှင်ပြပွဲ၊ ပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင် အဖြစ်လည်း တာဝန်ယူနေတဲ့သူ တဦး ဖြစ်ပါတယ်။
အခု နာမည်ကြီးနေတဲ့ မျက်လုံးလေး ကလယ်ကလယ် ဇာတ်ကား ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဝင်းထွန်းထွန်းကတော့ “အင်တာနေရှင်နယ် ပေတံနဲ့ တိုင်းမယ်ဆိုရင် Standard သတ်မှတ်တာ ရှိသင့်ပါတယ်။ တခြား ကားတွေကိုတော့ မကြည့်ရလို့ မသိပါဘူး။ ကိုယ့်ကားဆိုရင်တော့ အဲဒီလို သတ်မှတ်စရာ မလိုဘူး ထင်တယ်။ ကိုယ့်ကား ထဲက မင်းသမီးနှစ်လက်လုံး ရင်သားလည်း မပေါ်ဘူး၊ ဒူးလည်း မပေါ်ဘူး၊ ခြေမျက်စိလည်း မမြင်ရဘူး။ ဒီလောက် ပြချက်ကတော့ ကိုယ်တို့ တိုင်းပြည်လည်း ဒီလောက် ခေတ်နောက်ကျတဲ့ တိုင်းပြည် မဟုတ်ဘူး။ အိုင်တီနည်းပညာ တိုးတက်တဲ့ အတွက်ကြောင့် နာမည်ကျော် Twill Light ဇာတ်ကားထဲက ဒိုင်ယာလောခ့်တွေကို ငါးတန်း ကျောင်းသား၊ ကျောင်းသူတွေ လောက်ကတောင် အလွတ်ရတယ်။ ဒီလိုကားက ဆယ်ကျော်သက် တွေရဲ့ ချစ်မှုခန်းတွေလည်း ပါတယ်။ ဒီလောက်ကို တောင် နားလည် ကြည့်နေကြချိန်မှာ ကိုယ်တို့ ရင်သားလည်း မပေါ်ဘူး၊ ဒူးလည်းမပေါ်ဘူး၊ ခြေမျက်စိလည်း မမြင်ရဘူး၊ ဒီလောက် ပြချက်ကို Rate သတ်မှတ်မယ် ဆိုရင်တော့ တမျိုးပဲ။ ဘယ်လိုပုံစံနဲ့ သတ်မှတ်မှာလဲ။ တကယ် ဖော်ချွတ်တွေနဲ့ ပြသရမယ့် ဇာတ်တွေလည်း ရှိလာမယ်။ ဒီလိုတွေကျရင် ဂရိတ်သတ်မှတ်ရမယ်။ ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်ကားမှာ ကိုယ်သိတာကတော့ နှစ်ခန်းလောက် ပါတယ်၊ ဒါပေမယ့် ဒီအခန်းတွေက ဘယ်လိုမှ ဖြုတ်မရတဲ့ အခန်းတွေ ဖြစ်နေတယ်။ ဇာတ် လိုအပ်ချက် အရ ဖြုတ်မရလို့ ရိုက်တယ်။ ရိုက်တာမှာလည်း ရင်သားလည်းမပေါ်ဘူး၊ ဒူးလည်းမပေါ်ဘူး၊ ခြေမျက်စိလည်း မမြင်အောင် ရိုက်တယ်။ အခု လက်ရှိမှာက အိမ်ထဲကနေ အပြင်ထွက်တာနဲ့ မိန်းကလေးတွေ ဝတ်စားတာမှာ ရင်မြင်ရ၊ ဒူးမြင်ရတယ်။ ဒီလိုခေတ်မှာတောင် လုံခြုံစွာ ရိုက်ထားတာပါ။ Rateသတ်မှတ် တာမှာက သတ်မှတ်သင့်တဲ့ ကားတွေကို သတ်မှတ်သင့်ပါတယ်၊ ဘာမဟုတ်တာကိုတော့ လိုက်မသတ်မှတ်သင့်ဘူး ထင်ပါတယ်။ ဒီလို ဇာတ်ဝင်ခန်းမျိုးတွေ ပါမှ အနုပညာ ပြောင်မြောက်မယ် ဆိုရင် အနုပညာရှင်ကတော့ ရိုက်မှာပဲ။ သူ့ရင်ထဲမှာ ရှိတဲ့ အနုပညာကို ကန့်သတ် တားဆီးမယ် ဆိုရင်တော့ အနုပညာ သေသွားနိုင်တယ်။ ဒီမှာ အနုပညာရှင်တွေရဲ့ အနုပညာမသေဖို့၊ ဒီနိုင်ငံ ယဉ်ကျေးမှုအရ သင့်တော်တဲ့ စည်းကမ်း ဂရိတ်သတ်မှတ်ချက် လိုပါမယ်။ ဒီမှာလည်း ဖြစ်သင့်တဲ့ ပုံစံ၊ ဖြစ်သင့်တဲ့ သတ်မှတ်ချက် အတိုင်း သတ်မှတ်ပေး သင့်တယ်။ အတင်းအကျပ် ဘောင်တခုထဲ အတင်းသွတ်သွင်း တာမျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်” လို့ သူ့ရဲ့ ရင်တွင်း ခံစားချက်ကို ပြောပြလာပါတယ်။ ဒါရိုက်တာ ဝင်းထွန်းထွန်းက လွန်ခဲ့တဲ့ တလကျော်က ထွက်ရှိခဲ့တဲ့ မျက်လုံးလေး ကလယ်ကလယ် ဇာတ်ကားနဲ့ ပတ်သက်ပြီး အဝေဖန်ခံခဲ့ရတဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ ပါတဲ့ ၉ တန်းကျောင်းသူ မင်းသမီးနဲ့ မင်းသားရဲ့ ချစ်ခန်းကြိုက်ခန်းကို ပရိသတ်က ဝေဖန်ကြတာ ဖြစ်ပါတယ်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး၊ အခု သက်တမ်းမှာလည်း ရုပ်ရှင်အစည်းအရုံး နာယက အဖြစ် တာဝန်ယူနေတဲ့ အကယ်ဒမီ ဒါရိုက်တာ ကြည်စိုးထွန်းကတော့ “ဒီလို ဇာတ်ကားမျိုးတွေကို လက်မခံနိုင်ပါဘူး။ မြန်မာ့ ယဉ်ကျေးမှုနဲ့လည်း မကိုက်ညီ ဘူးလေ၊ တခြားတော့ အများကြီးလည်း မပြောချင်ပါဘူး။ ဒါပေမယ့် အစကတည်းက မရိုက်ရင်တော့ အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။
အခုလက်ရှိမှာ သရုပ်ဆာင် ဒါရိုက်တာ တေးဆို တဦးဖြစ်ပြီး ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ပူပူနွေးနွေး တာဝန်ယူထားတဲ့ အကယ်ဒမီ လူမင်းရိုက်ကူးတဲ့ ဘောင်၊ ကား စတဲ့ ဇာတ်ကားတွေအပြင်၊ ဒါရိုက်တာ သီဟတင်သန်း ရိုက်ကူးပြီး သရုပ်ဆောင် နေမင်းနဲ့ သဉ္ဇာနွယ်ဝင်း ပါဝင်ထားတဲ့ “မာယာများတဲ့ အလင်္ကာ” စတဲ့ ဇာတ်ကားတွေနဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ “မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားတွေဟာ မြန်မာ ပရိသတ်တွေအတွက် လတ်တလောမှာ လူပြော အများဆုံး ဇာတ်ကားတွေ အဖြစ် နေရာယူ ရပ်တည်နေပါတယ်။ အဲဒီဇာတ်ကားတွေနဲ့ ပတ်သက်ပြီး အဓိက လူပြောအခံရဆုံး မင်းသမီး သဉ္ဇာနွယ်ဝင်းကတော့ ဒီလို ဇာတ်ဝင်ခန်းမျိုး နောက်မရိုက်တော့ဘူး ဆိုတဲ့အကြောင်း၊ မာယာများတဲ့ ချစ်ခြင်းအလင်္ကာ ဇာတ်ကားမှာလည်း ရိုက်ကွင်းရောက်မှ ဒီလိုမျိုး ရိုက်ဖို့ သိခဲ့ရတယ် ဆိုတဲ့အကြောင်းကို စာစောင်တွေကနေ တဆင့်ရော၊ အင်တာနက် လူမှုကွန်ရက် facebook စာမျက်နှာတွေကနေ တဆင့်ပါ ပြောဆို တောင်းပန်ခဲ့တာ တွေ့ရပါတယ်။
မြန်မာ့ ရုပ်ရှင် ဗီဒီယိုလောက တိုးတက်ဖို့ အားလုံး အတူတကွ ကြိုးပမ်းနေကြပါတယ် ဆိုတဲ့ အနုပညာရှင်တွေက ဆင်ဆာကြောင့် ပွင့်လင်းတဲ့ ဇာတ်ကားတွေ၊ အဖြစ်မှန်တွေကို မရိုက်ရဘူးလို့ တချိန်တခါက အော်ဟစ်ခဲ့ကြ ဖူးပါတယ်။ အခု လက်ရှိ ဆင်ဆာတွေ ဖြေလျှော့ပေးလိုက် ပြီးနောက်ပိုင်းမှာရော အခြေအနေတွေက ဘယ်လို ဆက်ဖြစ်လာသလဲ၊ လက်ရှိ နာမည်ကြီးနေတဲ့ ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့ရုပ်ရှင် လုပ်ငန်း ဆင်ဆာအဖွဲ့ အဖွဲ့ဝင် ဦးသိန်းထွန်းအောင်ကလည်း “Rating System ကို ဌာနဆိုင်ရာအနေနဲ့ လုပ်ဖို့မှာကျတော့ တခုပဲ ပြောချင်တယ်။ အနုပညာရှင်တွေကလည်း တခုခုဆိုရင် အနုပညာကို ကန့်သတ်တာမျိုးလို့ ပြောကြမှာတွေ ရှိတယ်။ အခု မျက်လုံးလေး ကလယ်လယ် မှာဆိုရင် နှစ်ခန်းပါတယ်။ တခန်းသည် ရွှေမှုန်ရတီနဲ့ သူ့ရည်းစား တွေ့တာပါတယ်။ ဒါက ချစ်သူတွေ တွေ့တာမှာ အကျႌကြယ်သီး စဖြုတ်သင့်လား၊ ဒါက အနုပညာနဲ့ ဆိုင်လား။ ဒီလို မဆိုင်တာတွေ တွေ့ရတယ်။ နောက် မိန်းကလေးတယောက်နဲ့ ယောက်ျားလေး ရည်းစား စထားရင် နှုတ်ခမ်း စနမ်းလား၊ နဖူး စနမ်းတတ်လား။ ဒီလို ဟာမျိုးတွေ ကျတော့ အနုပညာ ဖန်တီးတယ်လို့ မယူဆတော့ဘူး။ လုပ်လို့ရလို့ လုပ်တယ်လို့ပဲ မြင်တယ်။ နောက်တခု နေတိုးက ရွှေမှုံရတီကို စိုးမြတ်သူဇာ အနေနဲ့ ဖြစ်ကြတဲ့ အခန်းမှာလည်း မလိုအပ်ဘဲ နေတိုး Body Movement တခု ထည့်ထားတယ်။ နေမင်းနဲ့ သဉ္ဇာနွယ်ဝင်း ကားမှာကျတော့ လုံးဝမလိုတဲ့ အခန်းတွေ ထည့်ထားတယ်။ အခု ပြောပြလို့တောင် မရတဲ့ အနေအထားတွေ ဖြစ်တဲ့အထိကို ရိုက်ထားတယ်။ ဆင်ဆာ အနေနဲ့ကတော့ ကိုယ့်အနုပညာကို ကိုယ့်ဘာသာ စိတ်ကြိုက်ဖန်တီး၊ ဒါပေမယ့် ဘာသာတရား အဆုံးအမ၊ မြန်မာ့ ယဉ်ကျေးမှု ဓလေ့တွေနဲ့ ယှဉ်ပြီး ဆင်ခြင်တုံ တရားနဲ့ပဲ ဖန်တီး။ ဖန်တီးပြီးရင် တာဝန်ယူ၊ တာဝန်ခံ။ ကိုယ်တို့ကတော့ တွေ့ရှိချက်တွေ ဖော်ပေးလိုက်မယ်။ ဒီပုံစံပဲ သွားထားတယ်။ အခုနောက်ပိုင်း ဖြတ်ပါ တောက်ပါ မပြောဘူး။ ပြည်သူအသံတွေ နားထောင်မယ်။ သူတို့ကို ပြန်မေးမယ်။ ဒီအချက်တွေက ဘာသာတရား အဆုံးအမ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့တွေနဲ့ ညိစွန်းနိုင်တယ်လို့ ချပြတယ်။ ဖြတ်ပါတောက်ပါ မပြောဘူး။ ကျနော်တို့ ဒီအတိုင်းပဲ လုပ်ချင်တယ်။ ရတယ်။ ဒီဟာနဲ့ ပတ်သတ်လို့ ဆင်ဆာအဖွဲ့က သတိပေးပါတယ်။ ကျနော်တို့ အနုပညာ သက်သက်မို့ ကျနော်တို့ ထုတ်ပါမယ် ဆိုလည်း ထုတ်ခွင့်ပြုပေးတယ်။ အဲဒီလို ပုံစံနဲ့ပဲ ကျနော်တို့ သွားပါမယ်” လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး ဦးသိန်းထွန်းအောင်က “Rating System က အခုမှ စဖို့အတွက် ကြံတုန်းရှိတယ်၊ အရင်တုန်းကတော့ ဒီလို ဆင်ဆာဖြတ်တာတွေက ၂၀၁၁ မတိုင်ခင်မှာ ပြီးခဲ့ပြီ။ ၂၀၁၁ ဒီဇင်ဘာ ၂၀ ရက် မတိုင်ခင်က ပြီးခဲ့ပြီ။ ဖြတ်တုန်းက အနုပညာ လွတ်လပ်ခွင့် မရှိဘူးပြောတယ်၊ ၁ နှစ်ခွဲပဲ ရှိသေးတယ်၊ ဒီမှာ အခုက စည်းလွတ်သလို ဖြစ်နေတယ်။ ထိန်းသိမ်းမှု တွေတော့ လုပ်မယ်၊ ဒါပေမယ့် ကျပ်တည်းတဲ့ ထိန်းသိမ်းမှုတွေနဲ့ မလုပ်ဘူး။ အခု သူတို့ကို ပြည်သူတွေက အဆင်မပြေဘူး ပြောပြီ။ ကိုဇင်ဝိုင်းလည်း ပြောတယ်၊ အနုပညာရှင်တွေ ရိုက်တာကို အနုပညာရှင်တွေပဲ ဆင်ဆာ လုပ်သင့်တယ်။ ဒါ လက်ခံတယ်။ အခု ပြည်သူပြောလာတာ သူတို့ဘက်က ဘာလုပ်မလဲ၊ သူတို့ချပြရတော့မယ်။ Rating System ကိုတော့ မလုပ်တာ မဟုတ်ဘူး၊ စဉ်းစားနေတယ်။ တခုက ဗုဒ္ဓဘာသာ တိုင်းပြည်တွေဖြစ်တဲ့ နီပေါ၊ ယိုးဒယား၊ သီဟိုဠ် နိုင်ငံတွေမှာ ဒီစနစ် မရှိဘူး။ ဒီတိုင်းအပဲ ကြည့်တယ်။ ဘာသာရေးအရ ကြည့်တတ်တဲ့ အစ္စလမ် နိုင်ငံတွေ မလေးရှား၊ အင်ဒိုနီးရှား ဒီ စနစ်မရှိဘူး။ အာဆီယံမှာ ဒီစနစ်သုံးတာ စင်ကာပူနဲ့ ဖိလစ်ပိုင်ပဲ ရှိတယ်။ မြန်မာနိုင်ငံထက် အနုပညာ ထွန်းကားတယ်ဆိုတဲ့ ထိုင်း၊ မလေး၊ ဗီယမ်နမ် တို့မှာ မရှိဘူး။ အဲဒီတော့ မြန်မာနိုင်ငံက သုံးသင့်လား။ ဒီစနစ် သုံးပြီဆို လူတိုင်းဟာ ဒီမိုကရေစီ ကျင့်ဝတ်နဲ့အညီ ကြည့်ကြမှာလား။ ဒီလိုဆို ၁၅ နှစ်သားက ၁၈ နှစ်အထက်ကြည့်ရမယ့် ကားကို မကြည့်ဘဲ နေမလား။ တခုက ဒီစနစ်က ကြည့်မယ့် ပြည်သူကို ကန့်သတ်တာ။ လူနည်းစု လုပ်ချင်တဲ့ ဟာကို လူများကို ကန့်သတ်သင့်လား။ သမ္မတကြီး ကိုယ်တိုင်က ပြည်သူကို ဗဟိုပြုတဲ့ စနစ်ကို ဆောင်ရွက်ခိုင်းတာလေ။ အနုပညာရှင်သည် ပြည်သူကို တတ်စွမ်းသလောက် အလုပ်အကျွေး ပြုတာ။ ဒါကို ကန့်သတ်လိုက်ရမှာလား။ ဒီမှာက ရုပ်ရှင်သွားရင် မိသားစုသွားတယ်၊ သူငယ်ချင်း မောင်နှမတွေ ပါတာရှိတယ်။ ဒါ ရန်ကုန် ဆိုရသေးတယ်။ နယ်တွေကနေ ရန်ကုန် လာကြည့်တာတွေ ရှိရင် ဘယ်လို ခွဲကြမလဲ။ အဲဒီလိုကို လက်ခံနိုင်မလား။ ဒါတွေရှိတယ်။ ဗီဒီယိုဆိုရင်ကော၊ မိသားစု ကြည့်တာက ခွဲကြည့် နိုင်မလား။ ဘယ်လို လုပ်မလဲ။ ပြင်ဆင်ရမှာတွေ ရှိသေးတယ်။ အကုန်လုံး ကျင့်နိုင်ပြီဆို ခွဲပေးလိုက်လို့ ရတယ်။ ဒါတွေအတွက် ပြင်ဆင်ဖို့ လိုသေးတယ်” လို့ ရှင်းပြပါတယ်။
ဒါပေမယ့် အမေရိကန် နိုင်ငံမှာ နှစ် ၂၀ နီးပါး နေထိုင်ခဲ့တဲ့ စွယ်စုံရ အနုပညာရှင် ဒါရိုက်တာ ဦးဝင်းဖေကတော့ Rating စနစ်ဆိုတာ ကမ္ဘာမှာ တော်တော်လေး သိမ်သိမ်မွေ့မွေ့နဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်တဲ့ စနစ်တခုမို့လို့ လုပ်သင့်တယ်လို့ ယူဆကြောင်း ဧရာဝတီကို ပြောပါတယ်။
“လွတ်လပ်ခွင့်ဆိုတာ ရိုးရိုးသားသား ပြောရရင် ဥပမာ – အသက် ၂ နှစ်လောက်ပဲ ရှိသေးတဲ့ ကလေးကို လမ်းမပေါ် သွားချထားရင် သူ အန္တရာယ် ဖြစ်မှာပေါ့၊ သူ့ကို ကားတိုက်ချင် တိုက်သွားမယ်။ အသိဉာဏ် မလုံလောက်သေးတဲ့ သူကို လွတ်လပ်ခွင့်ပေးလိုက်လို့ တစုံတခု ဖြစ်လာရင် ပေးတဲ့သူမှာ အပြစ်ရှိတယ်၊ သူ့ကို အရေးယူရမယ်။ Rating ဆိုတာ သိမ်မွေ့တဲ့ ထိန်းကျောင်းနည်း တခုပဲ။ ထိန်းသိမ်းကာကွယ်တယ် ဆိုတာ မျှမျှတတ စဉ်းစားပေးပြီး ထိန်းသိမ်းကာကွယ် တာမျိုး ဖြစ်သင့်တယ်။ နိုင့်ထက်စီးနင်းလုပ်တဲ့ ထိန်းသိမ်းကာကွယ်နည်း မဖြစ်သင့်ဘူး၊ ဒါ အနိုင်ကျင့်တာ ဖြစ်သွားမယ်” လို့ ဦးဝင်းဖေက သူ့အမြင်ကို ရှင်းပြပါတယ်။
အမေရိကန်မှာရှိတဲ့ Motion Picture Association of America Film (MPAA) ကုမ္ပဏီရဲ့ ၁၉၉၀ ပြည့်နှစ်လောက်တုန်းက ဖော်ပြခဲ့တဲ့ Rating System ကိုလေ့လာကြည့်တဲ့အခါ G (General Audience) အသက်အရွယ် အားလုံး ကြည့်နိုင်တဲ့ ဇာတ်ကား၊ PG (Parental Guidance Suggested) မိဘများရဲ့ လမ်းညွှန် အကြံပေးချက်နဲ့သာ ကြည့်သင့်တဲ့ ဇာတ်ကားလို့ တွေ့ရပါတယ်။ PG လို ဇာတ်ကားမျိုးကို ကလေးတွေကြည့်ရင် စိတ်ဒဏ်ရာ ရတတ်တာမျိုး၊ အယူအဆ မှားယွင်းတာမျိုးတွေ ဖြစ်နိုင်လို့ပါ။ PG- 13 (Parents Strongly Cautioned) အသက် ၁၃ နှစ်ကနေ ၁၇ နှစ်အထိ ဆယ်ကျော်သက်တွေ မကြည့်သင့်တဲ့ ဇာတ်ကား၊ မိဘတွေက ပြင်းပြင်းထန်ထန် တားမြစ်ရမယ့် ဇာတ်ကားဖြစ်ပြီး NC- 17 (No one 17 & Under Admitted) ကတော့ အသက် ၁၇ နှစ်အောက် ဘယ်သူမှ မကြည့်သင့်တဲ့ ဇာတ်ကား စသဖြင့် မှတ်သား လေ့လာဖူးပါတယ်။
နိုင်ငံအများစုမှာ ထားရှိတဲ့ Rating System က မြန်မာနိုင်ငံနဲ့ သဟဇာတ ဖြစ် မဖြစ် ဆိုတာကိုတော့ မြန်မာ့ရုပ်ရှင်က တာဝန်ရှိသူတွေ၊ မြန်မာ အနုပညာရှင်တွေကသာ စဉ်းစား ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။
ဧရာဝတီ မြန်မာပိုင်းအယ်ဒီတာ အေးချမ်းမြေ့နှင့် သတင်းထောက် မြတ်သူအောင်တို့ ပူးပေါင်းရေးသားသည်။