မစပ်စုတို့ တိုင်းပြည်ကြီးမှာ ယခင် စစ်အစိုးရ လက်ထက်တွေကလို ခိုင်းတာပဲ လုပ်နေရတဲ့ အနုပညာသည်တွေ မဟုတ်တော့ဘူး ဆိုတာ တိုင်းပြည်နဲ့ ကမ္ဘာကို ပြဖို့ကောင်းပြီ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြန်မာပြည် ငြိမ်းချမ်းဖို့အရေး ရှေးရှုလို့ “မြန်မာပြည် ငြိမ်းချမ်းရေးပွဲတော်” ကြီးကို ဇူလိုင်လ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းကြီးမှာ ပြုလုပ် ကျင်းပ တော့မှာပါ။
“အနုပညာရှင်တွေရဲ့ အလုပ်က သူတို့ နိုင်သလောက် တာဝန်ထဲကမှ ဒါကို တောင်းဆိုပေးတာ၊ အသံထွက် ပေးတာပါ။ အနုပညာသည် ဆိုတာကတော့ တာဝန်တခုအရ ဟိုဘက်ခေတ်တွေတုန်းက အစိုးရ ခိုင်းတဲ့ဟာတွေချည်းပဲ သူတို့လုပ်တဲ့ သဘော ရှိတာကိုး။ အခုဟာက ခိုင်းလို့ လုပ်တာ မဟုတ်ဘဲနဲ့ ကိုယ့်စိတ်သဘောထဲကကို ဒါဟာ အသံထွက်ပေးဖို့လိုပြီ၊ တိုင်းပြည်မှာ ငြိမ်းချမ်းရေး အတွက်ကို အနုပညာရှင်တွေကိုယ်တိုင်က မဟုတ်တာတွေ လျှောက်ပြီး လုပ်နေကြမယ့်အစား၊ တတိုင်းပြည်လုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိမယ့်ဟာကို အနုပညာရှင်မှန်ရင် ထိပ်ဆုံးကနေ၊ ရှေ့ဆုံးကနေ တောင်းဆိုသင့်ပြီလို့ အနုပညာရှင်တွေ အားလုံး ကလည်း ယုံကြည်သွားပြီ၊ လုပ်မယ်ဆိုတဲ့ ဆန္ဒလည်း သူတို့ဆီမှာရှိသွားပြီ။ အဲဒီအတွက်ကြောင့် ဒီဟာကတော့ အတိုင်းအတာ တခုအနေနဲ့ နှိုးဆော်တဲ့ အသံဖြစ်သွားမှာပါ” လို့ မြန်မာပြည် ငြိမ်းချမ်းရေးပွဲတော်ကို စီစဉ်သူ လူရွှင်တော် ဒါရိုက်တာ သရုပ်ဆောင် ဇာဂနာက ဧရာဝတီကို ပြောပါတယ်။
ဒီလိုမျိုး လုပ်ခြင်းအားဖြင့် ရရှိလို့လာတဲ့ ငွေကြေးတွေကိုလည်း ကိုယ်သုံးဖို့ မဟုတ်ဘဲ ငြိမ်းချမ်းရေး မရှိလို့ အတိ ဒုက္ခရောက်ရတဲ့ လူတွေကို ကူညီပေးဖို့ ဆိုတဲ့ ကောင်းမြတ်တဲ့စိတ်နဲ့ လုပ်ကြတာ ဖြစ်တဲ့အတွက် အင်မတန်မှ မွန်မြတ်ပြီး ကုသိုလ်လည်းရ တိုင်းပြည် အတွက်လည်း ကိုယ်တတ်စွမ်းတဲ့ အနုပညာနဲ့ အကျိုးရှိရှိ အသုံးချရတာ ဖြစ်တဲ့အတွက် ဒီအစီအစဉ်က ပါဝင်ပြီး ကူညီကြတဲ့ အနုပညာရှင်တွေ အားလုံးကို အင်မတန်မှ ချီးကျုးပါတယ်လို့ ဇာဂနာက ဆိုပါတယ်။
“မြန်မာပြည် ငြိမ်းချမ်းရေးပွဲတော်” မှာ အနုပညာရှင်တွေက မေတ္တာစေတနာနဲ့ ပါဝင်တင်ဆက် ပေးကြမှာဖြစ်သလို ဒီပွဲကနေ ရရှိလာမယ့် ငွေကြေး အလှူငွေတွေကို ရန်ပုံငွေအဖြစ် ထားရှိပြီး စစ်ဘေးဒဏ်သင့် ပြည်သူတွေကို လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီပွဲတော်ကြီးမှာ ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ အနုပညာရှင်တွေအပြင် ဒီပွဲမှာ ပါဝင်ဖျော်ဖြေပေးဖို့ လက်ရှိ စာရင်းသွင်းထားတဲ့ မြန်မာတနိုင်ငံလုံးက လူရွှင်တော်ပေါင်း ၆၁ ယောက်တို့နဲ့အတူ ပထမဦးစွာ အပိုင်းငါးပိုင်း ခွဲပြီး တင်ဆက်သွားမှာ ဖြစ်ပါတယ်။
“မြေမြုပ်မိုင်း” လို့ အမည်ပေးထားတဲ့ ပထမဆုံးအပိုင်းမှာ ဒီမြေမြုပ်မိုင်းတွေကို ဘယ်သူ၊ ဘယ်ဘက်ကပဲ ထောင်ထောင် အပြစ်မဲ့တဲ့ ပြည်သူတွေ ခြေပြတ်လက်ပြတ် ဖြစ်ရတယ်။ အဲဒါကို ရုပ်ရှင်သရုပ်ဆောင်တွေက ဇာတ်ကွက်တခု၊ ပြဇာတ်ကြီး တခုလို စင်ပေါ်မှာ လုပ်ပြမှာပါ။ ပြီးတော့ အဲဒီ မြေမြှုပ်မိုင်းတွေ ဖယ်ရှားပေးပါဆိုတဲ့ အကြောင်းကိုပဲ အဆိုတော်တွေက တေးသီချင်းတွေနဲ့ တင်ဆက် ကြပါမယ်။ အဲဒီ အဆိုတော်တွေရဲ့ သီချင်းအပြီးမှာ မြေမြှုပ်မိုင်းတွေ မရှိတော့ဘူး ဆိုတော့မှ သာယာငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်ပါလိမ့်မယ်ဆိုတာကို သဘင်ပညာရှင်တွေက အကများနဲ့ ဖျော်ဖြေပြီး လူရွင်တော်တွေက စင်ပေါ် တက်လာကာ ဟာသတွေနဲ့ တင်ဆက်သွားမယ်လို့ သိရပါတယ်။
ဒုတိယအပိုင်း အနေနဲ့ ကိုယ့်အိမ်မှာ မနေရဘဲ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို ကိုယ်ချင်းစာနာသော အားဖြင့် ကူညီချင်တဲ့ အကြောင်းကို ဇာတ်ကွက် ပြဇာတ် တခုအနေနဲ့ ရုပ်ရှင် အနုပညာရှင်တွေက ကပြအပြီး ဂီတ သမားတွေက သီချင်းနဲ့ တင်ဆက်မယ်၊ ပြီးတော့မှ ဒါတွေ မရှိရင် ငြိမ်းချမ်းပါလိမ့်မယ်ဆိုပြီး သဘင်ပညာရှင်တွေက ကခုန်ကြမယ်၊ ပြီးတော့မှ လူရွှင်တော် တွေက တက်လာပြီး ဟာသတွေနဲ့ တင်ဆက်မှာပါ။
“တတိယပိုင်းမှာကျတော့ ဒုက္ခသည်တွေဟာစစ်ပွဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်း ဆိုင်ရာအရပါ ဒုက္ခရောက် နေကြရတယ်။ အဲဒါတွေကို ပြန်လည်ပြုစု ပျိုးထောင်ပေးရမယ်၊ ဥပမာ – ဘယ်ဘာသာပဲ ဖြစ်ဖြစ်၊ ခရစ်ယာန် ဘာသာဆိုလည်း ကိုယ့်ဘာသာကို မကိုးကွယ်ရဘူး၊ ဗုဒ္ဓဘာသာဆိုလည်း ကိုယ့်ဘာသာကိုယ် မကိုးကွယ်ရဘူး။ ဘာသာရေး ကိုးကွယ်ခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့် စတာတွေ မရတဲ့အတွက် အဲဒါကို ဇာတ်ကွက်တခုကနေ တောင်းဆိုကြမယ်။ အဲဒါ ပြီးသွားတော့ ဒီကိစ္စတွေ မရှိတော့မှ၊ စစ်ပွဲတွေ မရှိတော့မှ၊ ငြိမ်းချမ်းရေးရှိမှ ဒီလို ဒုက္ခတွေ မကြုံတွေ့ရဘူးဆိုတဲ့ သီချင်းလာမယ်။ ပြီးရင်
ငြိမ်းချမ်းရေး တောင်းဆိုတဲ့ဇာတ်အဖွဲ့က နှစ်ပါးသွား သို့မဟုတ် ယိမ်းအက တခုလာမယ်။ ပြီးရင် လူရွှင်တော်တွေနဲ့ ပိတ်မယ်” လို့ ဇာဂနာက ပြောပါတယ်။
စတုတ္တပိုင်းက ရေရှည်တည်တံ့ခိုင်မြဲတဲ့ အပစ်အခတ်ရပ်စဲရေး အတွက် တောင်းဆိုပြီး ရေရှည် အပစ်အခတ် ရပ်စဲမှသာ တိုင်းပြည်မှာ ငြိမ်းချမ်းမှု ရှိလာမယ်ဆိုတာကို ၁၅ မိနစ်လောက်ရှိမယ့် ပြဇာတ် ဇာတ်ကွက်တိုလေး တခုနဲ့ တင်ဆက်ပြီးရင် သီချင်းနဲ့ တင်ဆက်မယ်၊ သဘင်အဖွဲ့ရဲ့ ယိမ်းအကတွေနဲ့ တင်ဆက်အပြီး ပထမအပိုင်းတွေလိုပဲ လူရွှင်တော်တွေရဲ့ ဟာသနဲ့ ဒီပြကွက်ကို အဆုံးသတ်မယ်လို့ သိရပါတယ်။
ပဉ္စမ ပိုင်းမှာတော့ ငြိမ်းချမ်းရေး စကားဝိုင်းတွေဟာ တိုင်းပြည်မှာ စဉ်ဆက်မပြတ်ရှိရမယ်၊ အဲဒီအတွက်ကို ပထမ တင်ဆက်ခဲ့တဲ့ အပိုင်းတွေလိုပဲ ဇာတ်ကွက်တကွက် လာမယ်၊ ပြီးရင် သီချင်းလာမယ်၊ ယိမ်းအကတွေ လာမယ်၊ လူရွှင်တော်တွေ လာမယ်ဆိုတဲ့ အကြောင်း ဇာဂနာက ရှင်းပြပါတယ်။
ဒီလို ရုပ်ရှင်၊ ဂီတ၊ သဘင် သမားတွေရဲ့ ပြကွက် ဇာတ်ကွက် တေးသီချင်းတွေနဲ့ အပိုင်း ငါးပိုင်း တင်ဆက် အပြီးမှာတော့ ဟစ်ပ်ဟော့ပ်၊ Reggae သမားတွေရဲ့ အော်ပရာဆန်ဆန် တေးသီချင်းကို ကကွက်တွေနဲ့ ပုံဖော် တင်ဆက်မှာပါ။
“ဟစ်ပ်ဟော့ပ်က များသောအားဖြင့် ဒီလို ဒုက္ခရောက်တာတို့ ဆင်းရဲတာတို့နဲ့ ပတ်သက်လာရင် ရှေ့တန်းကနေ တိုက်ပွဲဝင်တဲ့ သီချင်းတွေ များတယ်လေ။ ရဂေး ဆိုတာက တကယ့် လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေမှာ ထိပ်ဆုံးမှာပဲ ရှိနေတာ။ ‘No Women No Cry’ ဆိုပြီး ဒီတိုင်းပြည်မှာ ဘယ်အမေ၊ ဘယ်ဇနီးမယား၊ ဘယ်သားသမီးရဲ့ မျက်လုံးမှာမှ မျက်ရည်တွေ မရှိစေ
ချင်လို့၊ အဲဒါကို ဗမာအကတွေ၊ အင်္ဂလိပ်အကတွေနဲ့ ရောပြီးတော့ အော်ပရာဆန်ဆန် စကားပြောတွေမပါဘဲ သီချင်းနဲ့ သရုပ်ဖော်ကွက်တွေနဲ့ လုပ်မယ်” လို ဇာဂနာက ရှင်းပြပါတယ်။
နောက်ဆုံး အစီအစဉ် အနေနဲ့ ပရိသတ်တွေ တခါမှ မကြည့်ဖူးတဲ့ လူရွှင်တော်အသစ်၊ မင်းသမီးအသစ်တွေ ပါဝင်မယ့် အငြိမ့်ခန်းကို တင်ဆက် ကပြသွားမယ်လို့ သိရပါတယ်။
“မြန်မာပြည် ငြိမ်းချမ်းရေးပွဲတော်” အစီအစဉ်ကြီး တခုလုံးကို လေးနာရီစာ တင်ဆက် ကပြသွားမှာဖြစ်ပြီး ပြည်တွင်း ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ပြသသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဖျော်ဖြေပွဲကြီးရဲ့ ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ်လမ်းတိုအပိုင်းကို ဦးချစ်ဦးညို၊ ကိုလူမင်းနဲ့ ဇာဂနာတို့က တာဝန်ယူ တင်ဆက်မှာဖြစ်ပြီး ဂီတပိုင်းကို ကိုမြင့်မိုးအောင်၊ ရန်ရန်ချန်း၊ Project 1 အဖွဲ့က ဂျေမီ၊ ကြက်ဖတို့နဲ့ စောဖိုးခွားတို့က တာဝန်ယူ တင်ဆက်ကာ ဇာတ် သဘင်ပိုင်းနဲ့ ပတ်သက်လို့ မန္တလေး သိန်းဇော်၊ ဦးမိုးဝင်း စတဲ့ သဘင်ပညာရှင်တွေက တာဝန်ယူကြမှာပါ။ ဒါ့အပြင် တေးဂီတ Arrangement ပိုင်းကိုတော့ အကယ်ဒမီ ဓီရာမိုရ်၊ မြန်မာ့ဆိုင်းဆရာ ဟိန်းရာဇာ တို့က အသီးသီး တာဝန်ယူ တင်ဆက် သွားကြမှာ ဖြစ်ပါတယ်။