မြန်မာနိုင်ငံ အောက်ပိုင်းမှ လူရွှင်တော် ၆၀ ကျော်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ လူရွှင်တော်များအဖွဲ့ (ရန်ကုန်) ကို ယာယီ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
“မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အနုပညာပွဲတော် တခုပြုလုပ်ဖို့ လူရွှင်တော်တွေအားလုံး ဆွေးနွေးတိုင်ပင် ရာကနေ ဇွန် ၁၈ ရက်နေ့က ကျင်းပကြတဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ လူရွှင်တော်အဖွဲ့ ဖွဲ့လိုက်ကြတယ်။ အခု လောလောဆယ် မှာတော့ လူရွှင်တော် အဖွဲ့ရဲ့ လူကြီးတွေ အနေနဲ့ ဦးအရိုင်း၊ ဦးဇာဂနာ၊ ဦးဧရာ၊ ဦးချစ်စရာ၊ ဦးမေတ္တာတို့က တာဝန်ယူ ထားကြတယ်။ ဇွန် ၂၄ ရက်နေ့ အစည်းအဝေး မှာတော့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသဖြင့် ပြန်ခွဲမှာပါ။ အခုတော့ ရန်ကုန် အပါအဝင် မြန်မာပြည် အောက်ပိုင်းက လူရွှင်တော် ၆၀ ကျော်နဲ့ စလိုက်တာပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့လည်း ဖြစ်လာအောင် ဆက်လုပ်ကြမှာပါ” ဟု လူရွှင်တော် ဦးမေတ္တာက ပြောသည်။
ရန်ကုန် ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်) ရှိ HOME (House Of Media and Entertainment) အဆောက်အဦး ရုံးခန်းတွင် ဇွန် ၁၈ နေ့ နေ့လယ်ပိုင်းက လူရွှင်တော် ဦးရေ ၆၀ ကျော်တို့ တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် အနုပညာပွဲတော် ကျင်းပရန် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း၊ ထိုပွဲအတွက် ဆွေးနွေးတိုင်ပင် ဆောင်ရွက်ရာမှ အစပြုပြီး နောက်နောင် အနုပညာပွဲမျိုးစုံနှင်လူရွှင်တော်များ အရေး ဆောင်ရွက်ရန် လူရွှင်တော်များအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ဦးချစ်စရာက လူရွှင်တော်ပွဲအတွက် အဖွဲ့ဖွဲ့ရင် ကောင်းမလားဆိုပြီး ယာယီကော်မတီ ဖွဲ့စည်းတယ်။ အစည်းအဝေး တက်လာတဲ့ အဖွဲ့က ၁၆၊ ၁၇ ဖွဲ့ရှိတယ်။ လူဦးရေဆို ၆၀ လောက်လာတယ်။ အဲဒီမှာ လူရွှင်တော်တွေပါ အဖွဲ့ဖွဲ့ကြရင် ကောင်းမယ် ဆိုပြီး အဖွဲ့တွေ ဖွဲ့ခဲ့တာ။ အဖွဲ့တွေက ရွှေညီအစ်ကို အဖွဲ့မှာ ငြိမ်းချမ်းကခေါင်းဆောင်၊ စီဂျေအဖွဲ့မှာ စတိန်းက ခေါင်းဆောင်၊ ရှက်တယ်အဖွဲ့မှာ ရှက်တယ်က ခေါင်းဆောင်၊ ဟားငါးကောင် အဖွဲ့မှာ တိုင်းကျော်က ခေါင်းဆောင်၊မြန်မာပြည်စတား အဖွဲ့မှာ ကိုသာလောင်က ခေါင်းဆောင်၊ ရွှေဖလားရာဇာ ပွမ်ပွမ်မှာ ရွှေဖလားရာဇာက ခေါင်းဆောင်၊ ဦးမေတ္တာတို့ အဖွ့ဲမှာ ဦးချစ်စရာက ခေါင်းဆောင်၊ သီးလေးသီးမှာ စိန်သီးက ခေါင်းဆောင်၊ ဒီစတားအဖွဲ့မှာ အေးချမ်းက ခေါင်းဆောင်၊ ဒိန်းဒေါင်တို့ အဖွဲ့မှာ ဒိန်းဒေါင် ခေါင်းဆောင်၊ ဝက်မငွေတိုး အဖွဲ့မှာ ဝက်မက ခေါင်းဆောင်၊ ဧရာအဖွဲ့မှာ ဧရာကခေါင်းဆောင်၊ 5 Star အဖွဲ့မှာ အောင်သော် ခေါင်းဆောင်၊ ရွှေမဉ္ဇူအဖွဲ့ မိုးတိမ်ခေါင်းဆောင်၊ ဟားတသိုက်မှာ ဂျက်လီ ခေါင်းဆောင်၊ တချို့တွေက အတည်၊ တချို့တွေကယာယီပေါ့။ ဦးမိုးဒီတို့ အဖွဲ့က ကောင်းစံခေါင်းဆောင်၊ ရွှေသွေးနဲ့ သားများအဖွဲ့က ရွှေသွေး၊ သရဖူညီနောင်အဖွဲ့က တာဇံ ခေါင်းဆောင်၊ စုဗူးအဖွဲ့ စသည်ဖြင့်ပေါ့။ အဲဒီ အဖွဲ့တွေ လမ်းကြောင်းပေါ် ရောက်အောင် အဖွဲ့ ၁၃ ဖွဲ့ကနေ ပေးထားတဲ့ လူကြီးတယောက် ရှိမယ် အဲဒီလူကြီးက လောလောဆယ် ဦးမေတ္တာပေါ့။ ဦးအရိုင်းက လူရွှင်တော်အဖွဲ့မှာ ပြဿနာများကို ဖြေရှင်းမယ့် လူကြီးပေါ့။ ရုပ်ရှင်၊ သဘင်တို့နဲ့ ပူးပေါင်း ဆောင်ရွက် ရမယ့်သူပေါ့။ ဦးမေတ္တာတို့က သက်ကြီးရွယ်အို လူရွှင်တော်များကို ကူညီစောင့်ရှောက်ရန်၊ ယာယီကော်မတီဖွဲ့ထားပါတယ်” ဟု ဦးမေတ္တာက ရှင်းပြသည်။
လာမည့် ဇူလိုင် ၂၇ တွင် ကျင်းပမည့် ပွဲတွင် ယာယီ လူရွှင်တော်အဖွဲ့ ပါဝင်တင်ဆက်မည် ဖြစ်ပြီး နောက်ပိုင်းတွင် လူရွှင်တော် ဘောလုံးအသင်း ဟူ၍ တည်ထောင်ခြင်း၊ လူရွှင်တော်များ သာရေး နာရေးအသင်း ဖွဲ့စည်းခြင်းများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
လူရွှင်တော် ဒိန်းဒေါင်ကလည်း မြန်မာနိုင်ငံ လူရွှင်တော် သာရေးနာရေး အဖွဲ့အတွက် လိုအပ်သောငွေကြေးများ မတည်ပေးမည်ဟု ဆိုသည်။
“မြန်မာနိုင်ငံမှာ ကျနော်တို့ လူရွှင်တော်တွေ အများကြီးရှိပေမယ့် အဖွဲ့အစည်းရယ်လို့ မရှိဘူးလေ။ ကျနော်က အစည်းအဝေးမှာ ထပြောခဲ့တာ ကျနော်တို့ လူရွှင်တော်တွေမှာ သာရေးနာရေး မရှိကြပါဘူးလို့၊အသက်ကြီးသွားရင် လူရွှင်တော်တွေဟာ ဒုက္ခရောက်ကြသူတွေ မနည်းပါဘူးလို့၊ သူတို့ရဲ့ သားသမီးတွေ လူရွှင်တော်တွေလည်း တချို့ အငတ်ငတ် အပြတ်ပြတ်၊ လူမသိသူမသိနဲ့ သေသွားရတာ မနည်းဘူး။ အခုလို မိုးတွင်းပိုင်းမှာ ဒုက္ခရောက်နေကြတဲ့ လူရွှင်တော်တွေလည်း ရှိတယ်။ လူကြမ်း သရုပ်ဆောင်တွေရဲ့ ကိုလူချောတို့ အဖွဲ့ဆိုတာ ရှိပေမယ့် ကျနော်တို့မှာ မရှိဘူး။ ကျနော်တို့ သာရေးနာရေး အဖွဲ့လေး ဖွဲ့ဖို့ ကျနော်က တင်ပြလိုက်တော့ အားလုံးကလည်း ထောက်ခံတယ်။ ပြီးတော့ သာရေးနာရေး အဖွဲ့လေးဖွဲ့ရင် စတင်မယ့် ငွေကို ကျနော် မတည်ပေးမှာပါ။ သိန်းရာနဲ့ချီတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ လူကြီးတွေ စီစဉ်ပြီးမှ ဘယ်လောက် ပေးရမလဲဆိုတာ သိရမှာပေါ့။ ကျနော်က အရင်ကတည်းက စိတ်ကူးထဲမှာ ရှိခဲ့တာက လူရွှင်တော်တွေ အတွက် မြေကွက် အကျယ်ကြီးထဲမှာ အိမ်လေးတွေ ဆောက်ပေးချင်တယ်။ ကျနော်တဦးတည်း မတတ်နိုင်လို့ပေါ့ဗျာ။ ကျနော်တို့ လူရွှင်တော် အဖွဲ့ ဖြစ်လာပြီဆိုတော့ ကျေနပ်ပါတယ်။ ဆက်ပြီး လုပ်ဆောင်ကြမယ့် ကိစ္စတွေကိုတော့ လူကြီးတွေနဲ့ အားလုံး ဆက်တိုင်ပင်ကြမှာပါ” ဟု လူရွှင်တော် ဒိန်းဒေါင်က ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ လူရွှင်တော်အဖွဲ့ အတွက် အမှုဆောင်များ ရွေးချယ်ရန် ဇွန် ၂၄ ရက်နေ့ ညနေပိုင်းတွင် HOME အဆောက်အဦးတွင် အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း ဦးမေတ္တာထံမှ သိရသည်။
မြန်မာ အနုပညာလောကတွင် အကယ်ဒမီ ဆိုဗီယက်ပြန် ဒေါ်နွဲ့နွဲ့စန်း ဦးဆောင်သော အမေများအဖွဲ့၊ လူကြမ်း သရုပ်ဆောင်များ၏ ကိုလူချောတို့ အဖွဲ့၊ ဇာတ်ပို့ အမျိုးသမီး သရုပ်ဆာင်များ၏ မမတို့အဖွဲ့ စသဖြင့် ကိုယ်ပိုင် အဖွဲ့ငယ်လေးများ ဖွဲ့စည်းပြီး အချင်းချင်း ကူညီရိုင်းပင်းကာ အနုပညာ အလုပ်များကို လုပ်ဆောင်လျှက် ရှိသည်။