လာမယ့် ၂၃ ရက်နေ့မှာ လက်ထပ်တော့မယ့် ကြော်ငြာမော်ဒယ်လ် ခင်သဇင်ဟာ အိမ်ထောင်ပြုပြီးချိန်မှာ အနုပညာ အလုပ်တွေ မလုပ်တော့ဘူးလို့ ဆိုလာပါတယ်။
“ဇင် အိမ်ထောင်ပြုပြီးရင် အနုပညာအလုပ်တွေ ဆက်မလုပ်တော့ပါဘူး၊ အရင်ကတည်းက ဝါသနာပါလို့ လုပ်ခဲ့တာ မဟုတ်ဘူးလေ၊ ဘဝမှာ အမှတ်တရ တခုအနေနဲ့ပဲ လုပ်ခဲ့တာပါ။ အိမ်ထောင်ကျပြီးရင်တော့ အိမ်ထောင်ရှင်မ ကောင်းတယောက် ဖြစ်အောင်ပဲ ကြိုးစားတော့မှာပါ” လို့ ခင်သဇင်က ဧရာဝတီကို ပြောပါတယ်။
အနုပညာ အလုပ်တွေကို ဝါသနာပါလို့ မဟုတ်ဘဲ အမှတ်တရ အနေနဲ့ လုပ်ခဲ့တာဆိုတဲ့ ခင်သဇင်ဟာ ဒေါက်တာ ထူးခြားအောင်နဲ့ ချစ်သူသက်တမ်း ၆ နှစ်အကြာမှာ လက်ထပ်တော့မှာ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ရဲ့ “အိုး … အိုး … ဟော့တယ်” သီချင်းကို ပရိသတ်တွေ ကြိုက်ကြသလို၊ သီချင်းထဲမှာ သရုပ်ဆောင်ထားတဲ့ ခင်သဇင်ဆိုတဲ့ မော်ဒယ်လ်လေးကိုလည်း သတိထားမိမယ် ထင်ပါတယ်။ သူက ကြော်ငြာတွေ အများအဟြး ရိုက်ကူးထားသလို၊ ဇာတ်ကားတွေလည်း ရိုက်ကူးထားပါတယ်။
နိုင်းနိုင်းနဲ့ htc butterfly ဖုန်းကြော်ငြာ၊ နေတိုး၊ ဉာဏ်လင်းအောင်၊ မယ်လိုဒီ တို့နဲ့ အကျႌကြော်ငြာတွေ ရိုက်ကူးထားပြီး ရုပ်သံလိုင်းတွေမှာ လွှင့်နေပါပြီ။
“ဇင်နဲ့ သူနဲ့ ချစ်သူသက်တမ်း ခြောက်နှစ်ရှိပါပြီ။ ဒီကြားထဲမှာတော့ စိတ်ကောက်လိုက်၊ ရန်ဖြစ်လိုက်၊ ပြန် အဆင်ပြေလိုက် ပေါ့နော်။ အခုတော့ ဇင်တို့ တယောက်ကိုတယောက် နားလည်ပြီး ဘဝကို တည်ဆောက်တော့မှာပါ” လို့ ခင်သဇင်က ဆိုပါတယ်။
ခင်သဇင်အနေနဲ့ ဘာကြောင့် “အနုပညာနဲ့ အိမ်ထောင်ရေး လဲလှယ်” လိုက်သလဲ ဆိုတာကိုတော့ ပရိသတ်တွေ စဉ်းစားဖို့ တကွက်ချန်ထား ပေးလိုက်ပါတယ်။