မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ဦးစီးပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ စီစဉ်တင်ဆက်တဲ့
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မြန်မာဝတ်စုံ ဖက်ရှင်ရှိုး ပြပွဲကို ဇွန် ၂၉၊ ၃၀ ညနေ ၆ နာရီမှာ ရန်ကုန်တိုင်း၊ မြို့မ ကျောင်းလမ်းမှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်မယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရဲ့ အထွေထွေအုပ်ချုပ်ရေး လက်ထောက် ညွှန်မှူး ဒေါ်ခင်လှမြင့် ဆီက သိရပါတယ်။
အဲဒီ စင်တင်ပွဲမှာ တင်ဆက်ပြသချိန် ၄ နာရီ ကြာမြင့်မှာဖြစ်ပြီး ရုပ်ရှင်၊ သဘင်၊ ဂီတ၊ မော်ဒယ်လ် စတဲ့ အလွှာ ၄ လွှာက နာမည်ကျော် သရုပ်ဆောင်တွေ၊ အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ အနုပညာ စွမ်းရည်တွေ ပါဝင်မယ်လို့ ဒေါ်ခင်လှမြင့်က ဆိုပါတယ်။
နောက်ခံ တေးသီချင်း တွေကို ဂီတ အနုပညာ ရှင်တွေက သီဆိုမှာ ဖြစ်ပြီး မော်ဒယ်လ်တွေက မြန်မာမှု ဝတ်စုံတွေနဲ့ ပြသမှာ ဖြစ်တဲ့အပြင် အင်ဒိုနီးရှား ပါတိတ်တွေကို မြန်မာဝတ်စုံ အလှအပတွေအဖြစ် ချုပ်လုပ် ဝတ်ဆင်ပြသတဲ့ အစီအစဉ်၊ ခေတ်ဟောင်း ဓာတ်ပြား သီချင်းတွေနဲ့ ဟာသ တေးသရုပ်ဖော် အစီအစဉ်၊ မြန်မာနိုင်ငံ သဘင် အစည်းအရုံး ဗဟိုက သဘင်ပညာ ရှင်တွေရဲ့ တော်ဝင်စံထား မြန်မာ့နှစ်ပါးသွား အစီအစဉ်၊ မော်ဒယ်လ် ဂျွန်လွင်ရဲ့ Star အေဂျင်စီက မော်ဒယ်လ်တွေရဲ့ မော်ဒယ်လ်ရှိုးနဲ့ ဒါရိုက်တာ မြင့်မြတ်ဦးရဲ့ အနုပညာရှင် များစွာတို့ရဲ့ ဖျော်ဖြေမှု အစီအစဉ်တွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
နှစ်ပါးသွား အစီအစဉ် တင်ဆက်ရခြင်းကတော့ မြန်မာ့ တော်လေးဝဝင် အမရာ၊ ဒေဝီ၊ မဒီ္ဒ၊ သမ္ဘူလ ဆိုတဲ့ မြန်မာအမျိုးသမီး တွေရဲ့ စံတခုကို ဖော်ပြရင်း မြန်မာ အမျိုးသမီးနေ့မှာ ဒီ ၄ ဦးရဲ့ အိန္ဒြေရှိမှု၊ မေတ္တာကြီးမားမှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ သားသမီးတွေနဲ့ လင်သားအပေါ် မေတ္တာစေတနာ ဂရုဏာ ကြီးမားမှုတို့ကို မြန်မာအမျိုးသမီးများ ပြန်လည် အမှတ်ရ စေဖို့ ဖြစ်ကြောင်း သိရပါတယ်။
ဒီပွဲကို ဇူလိုင် ၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတာဖြစ်ပြီး မြန်မာ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကို ဆင်ခြင်နိုင်မယ့် သတင်းစကား တခုပေးနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ ဒေါ်ခင်လှမြင့်က ပြောပါတယ်။
“ဒီပွဲလုပ်တဲ့ အကြောင်းကတော့ မြန်မာအမျိုးသမီးတွေကို မြန်မာ့ရိုးရာ လုံချည်နဲ့အင်္ကျီ ဝတ်စေချင်တယ်။ အဲဒီလို ဝတ်စေချင်တဲ့အတွက် အသိလေးပေးတဲ့ သဘောပါဘဲ။ လုံချည်နဲ့ အကျႌကို ဘယ်လိုလှအောင် ဝတ်မလဲ၊ အခုခေတ် ဝတ်နေတာတွေကို တန်ပြန်ပြီးတော့ ဒီ မက်ဆေ့ချ်လေးကို ပေးချင်တာပေါ့။ အကျႌနဲ့ လုံချည်တွေက အဲဒါတွေထက် ဘယ်လိုသာအောင် ဝတ်နိုင်သလဲ၊ အဲဒါလေးကို ပြစေချင်တာပါ။ နောက် အာဆီယံဒေသတွင်း မိသားစု ဖြစ်နေတဲ့ အခါကျတော့ အင်ဒိုနီးရှားက ထွက်တဲ့ ပါတိတ်ကို မြန်မာမှု ဘယ်လို ပြုထားသလဲပေါ့။ သူ့ချည်ကလည်း ဒီက ရေမြေသဘာဝနဲ့ ကိုက်ညီတယ်လေ။ အင်ဒိုနီးရှား နဲ့ကလည်း ရာသီဥတုချင်းက ဆင်တာကိုး။ မြန်မာဝတ်စုံ၊ နိုင်ငံခြားဖြစ်တော့မှန်တယ်၊ ဒီနိုင်ငံမှာ ပြန်ပြီး တန်ဆာဆင်ထားတဲ့ ပိတ်စတွေပေါ့။ အဲဒါဆိုတော့ ပါတိတ်တခုပါမယ်” လို့ ဒေါ်ခင်လှမြင့်က ပြောပြပါတယ်။
ပါဝင် တင်ဆက်မယ့် အနုပညာရှင်တွေ ကလည်း မေတ္တာနဲ့ ကူညီကြတာဖြစ်ပြီး အမျိုးသမီးရေးရာ ကော်မတီအနေနဲ့ ထိုက်သင့်တဲ့ မေတ္တာလက်ဆောင် များလည်း ပြန်ပေးမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“အနုပညာရှင်တွေကို အမျိုးသမီးရေးရာက ချီးမြင့်နိုင်တဲ့ အနုပညာကြေးတခု ချီးမြင့်သွားမှာပါ။ သူတို့ အနုပညာက ငွေနဲ့တော့
တန်ဖိုးဖြတ်လို့ မရဘူးပေါ့။ ဝတ်စုံတွေဆိုလည်း ကျမတို့က ချိတ်တွေဘာတွေ အပိုင်ပေးတာတွေ ရှိတယ်။ ပါတိတ်တွေဆို လည်း ပုလဲလေးတွေနဲ့ စီးကွမ့်ထိုးတာတွေ၊ တန်ဖိုးရှိတာတွေ ရှိပါတယ်။ ဒီဇိုင်းလည်း သေချာ လုပ်ပေးထားတယ်။ စေတနာ၊မေတ္တာတွေတော့ တန်ဖိုးဖြတ် မရပါဘူး။ ဒါလေးတွေကို ပေးလိုက်မှာပါ” လို့ ဒေါ်ခင်လှမြင့်က ရှင်းပြပါတယ်။
မြန်မာအမျိုးသမီးရေးရာ အဖွဲ့က သဘင်အစည်းအရုံး (ဗဟို) ကို ကမ်းလှမ်းခဲ့ပါတာကြောင့် သဘင်အစည်းအရုံးကနေ ရိုးရာ နှစ်ပါးသွားတွေနဲ့ ဖျော်ဖြေကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
နှစ်ပါးသွားမှာ အဆိုရယ်၊ အကရယ်ပါမှာဖြစ်ပြီး မင်းသား ၆ ယောက် မင်းသမီး ၆ ယောက် တွဲပြီး ကကြမယ် နောက်ခံ သီချင်းက Play back ရော၊ တကယ် ဆိုတာပါ ပါမယ်လို့ နှစ်ပါးသွား အစီအစဉ်ကို တင်ဆက်မယ့် မြန်မာနိုင်ငံ သဘင် အစည်းအရုံး အတွင်းရေးမှူး ဦးမိုးမင်းက ပြောပါတယ်။
“ဒီလိုပွဲမျိုး ကမ်းလှမ်းခံရတာ ဝမ်းမြောက်ပါတယ်။ အရင်လို ရန်ကုန်လောက်ပဲ ကပြတာမဟုတ်ဘဲနဲ့ မြန်မာတပြည်လုံးက သဘင် အနုပညာရှင်တွေ စုစည်း ကပြရတဲ့ သဘောမို့လည်း ဝမ်းသာတယ်။ အမျိုးသမီးများနေ့ အထိမ်းအမှတ် ပွဲမို့လို့ မြန်မာ အမျိုးသမီးလေးတွေ အတွက် ပြောချင်တာက ခေတ်မီတာကိုတော့ ဘာမှမပြောလိုပါဘူး၊ သူ့ခေတ်နဲ့ သူပဲလေ၊ လွတ်လပ်ခွင့် ရှိသင့်ပါတယ်။ ဒါပေမယ့် သင့်လျော်တဲ့ ခေတ်မီခေတ်ဆန်မှုမျိုး ဖြစ်သင့်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဝတ်တာဟာ အင်မတန်မှ သဘောကျစရာ ကောင်းပါတယ်။ သူဟာ မြန်မာအမျိုးသမီး ပဲလေ။ သူနဲ သူ့ဝတ်စုံနဲ့ အရမ်းကို လိုက်ဖက်ပါတယ်။
ကျနော်တို့ မျက်လုံးထဲမှာဆိုရင် ဒါဟာ စံ ပါပဲ။ မြန်မာ အမျိုးသမီးတွေဟာလည်း အဲဒီလို ဝတ်သင့်ပါတယ်။ မြန်မာ အမျိုးသမီးတွေအတွက် ပွဲနေ ပွဲထိုင်၊ ပွဲလာ ပွဲသွား၊ အခမ်းအနား တက်ကြရတဲ့အခါ သူ့နေရာနဲ့ သူတော့ ရှိတာပေါ့ကွယ်။
ဒါက မြန်မာညစာစားပွဲလား၊ ဘို ဒင်နာလား၊ ဒီအခြေအနေကို ကြည့်ပြီး လိုက်ဖက်အောင်လည်း ဝတ်ရတာမျိုးကို နားလည် ပါတယ်။ ဒါပေမယ့် မြန်မာအမျိုးသမီးနေ့ ဆိုတဲ့ တနေ့လုံးမှာတော့ မြန်မာအမျိုးသမီးတွေဟာ အကုန်လုံးကို မြန်မာဆန်ဆန်နဲ့ နေသင့်တယ်လို့ အကြံပြုချင်ပါတယ်။ တကယ့်ကို မြန်မာဆန်ဆန်နဲ့ ဝတ်စား သွားလာပြီးတော့ အားလုံးကြည့်ရင် ဒါ မြန်မာပဲလို့ သိနေရတာမျိုး ဖြစ်ချင်ပါတယ်။ ဖြစ်စေချင်သလို အကြံလည်းပေးပါတယ်” လို့ ဦးမိုးဝင်းက ဧရာဝတီကနေ တဆင့် အကြံပြု ပြောဆိုလိုက်ပါတယ်။
ဒီဖျော်ဖြေပွဲမှာ ဇာတ်မင်းသား မိုးမင်း၊ ဟန်ဇာမိုးဝင်း၊ ဈာန်ဟိန်း၊ လှိုင်ဘွားအောင် (စစ်ကိုင်း)၊ ရဲရင့်အောင် (မန်း)၊ တင်ဇာမိုးဝင်း၊ နေခြည်ငြိမ်းချမ်း၊ ဂျင်းနီ၊ မေတင်မောင်ဆန်းမင်းဝင်း၊ နန်းခင်မွှေးစတဲ့ အနုပညာရှင်တွေက နှစ်ပါးသွား ကပြ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
နှစ်ပါးသွားဖျော်ဖြေချိန်ကို တနာရီခွဲခန့် သတ်မှတ်ထားပြီး ကြိုတင်လေ့ကျင့် ပြင်ဆင်မှုတွေလည်း ပြုလုပ်နေကြပြီလို့ ဦးမိုးဝင်း ဆီက သိရပါတယ်။
Star မော်ဒယ်လ် အေဂျင်စီက မော်ဒယ်လ်များစွာတို့လည်း ပါဝင်တင်ဆက်ကြမှာ ဖြစ်ပြီး ပါတိတ်ဖက်ရှင်၊ ပိုးထည်ဖက်ရှင်၊ ချည်ထည်ဖက်ရှင်၊ ချိတ်ဖက်ရှင် စတဲ့ အစီအစဉ် လေးမျိုးကို တင်ဆက်ကြမှာဖြစ်တယ်လို့ Star မော်ဒယ်လ်နည်းပြ ဂျွန်လွင်က ပြောပါတယ်။
နောက်ခံ တေးဂီတကို ဒီဂျေသော်သော်က ဖန်တီးပေးမှာဖြစ်ပြီး တေးသံရှင်များရဲ့ တေးဂီတ အစီအစဉ်များလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
တေးဂီတပိုင်းမှာ တေးသံရှင် R ဇာနည်၊ နောနော်၊ ဇွဲပြည့်၊ ထွန်းအိန္ဒြာဗို၊ ဖြူဖြူကျော်သိန်းနဲ့ တေးသံရှင် များစွာက ဖျော်ဖြေကြမှာဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း သက်မွန်မြင့်နဲ့ ဝတ်မှုန်ရွှေရည်ကလွဲလို့ ရုပ်ရှင်လောကက သရုပ်ဆောင် အားလုံးနီးပါး ပါဝင် တင်ဆက်ကြမှာ ဖြစ်ပါတယ်။
ဒီပွဲနဲ့ ပတ်သက်ပြီး ဂျွန်လွင်က “ကျနော် ဒီလို နိုင်ငံတော်ပွဲမျိုးကို ၅ နှစ် ဆက်တိုက် လုပ်ပေးခဲ့ပါတယ်။ ကြားမှာ ၂ နှစ် နားခဲ့တယ်။ အခုပြန်လုပ်ပေးတာပါ။ ကျနော်တို့က ဒီနိုင်ငံမှာနေ၊ ဒီနိုင်ငံ ထမင်းစား၊ ဒီနိုင်ငံ မြေနင်း၊ ဒီနိုင်ငံမှာ စီးပွားရှာ ကြတဲ့ သူတွေလေ။ ကိုယ့်တာဝန်ကိုယ်သိပြီး ဒီလိုပွဲမျိုးကို လုပ်တဲ့သဘောပါပဲ” လို့ ပြောပါတယ်။
မြန်မာ အမျိုးသမီးများနေ့ ဂုဏ်ပြုတင်ဆက်တဲ့ အခုလိုပွဲမျိုးကို ၂၀၀၆ ကနေ ၂၀၁၁ ခုနှစ်အထိ ကျင်းပခဲ့ဖူးပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ဦးစီး ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ အခုပွဲကိုလည်း MRTV 4 ချန်နယ်လိုင်းတွေ ကနေ တိုက်ရိုက် ပြသ ထုတ်လွှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။