ဂီတမိတ် ဂီတသင်တန်းကျောင်း၏ ဦးစီးမှုဖြင့် ရုပ်သေးဦးထွန်းကြည်၊ မြန်မာပြည်ကျောက်စိမ်းနှင့် ဟာသ သရုပ်ဆောင် ကြယ်သီးတို့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်၊ နယူးယောက်၊ ဝါရှင်တန်ဒီစီ စသည့် မြို့ ၃ မြို့သို့ ဖျော်ဖြေရေးခရီး သွားကြမည်ဖြစ်ကြောင်း သိရသည်။
ဖျော်ဖြေရေး ခရီးစဉ်အတွက် ဇွန် ၂၆ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင် ထွက်ခွာ ကြမည် ဖြစ်ပြီး မြို့ ၃ မြို့တွင် ဖျော်ဖြေရမည့် ရက်အတိအကျကိုမူ စီစဉ်နေဆဲဖြစ်ကြောင်း ကိုကြယ်သီးက ပြောသည်။
ဂီတမိတ်မှ သင်တန်းနည်းပြဆရာ ကိုထွန်းထွန်းနှင့် အဖွဲ့၊ မြန်မာပြည် ကျောက်စိမ်းတို့က ဇွန် ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဖျော်ဖြေရေး ခရီးတခု ထွက်ခွာသွားနှင့်ပြီဖြစ်ရာ၊ ဇွန် ၂၆ တွင် ဘန်ကောက် လေဆိပ်တွင် အဖွဲ့ ၂ ဖွဲ့ တွေ့ဆုံ၍ အမေရိကန်နိုင်ငံသို့ ခရီးဆက်ကြမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် ဖျော်ဖြေရေးခရီးတွင် ကိုကြယ်သီးက ဒဿဂီရိ ဘီလူး အကဖြင့် ဖျော်ဖြေမည်ဖြစ်ပြီး ရုပ်သေးဦးထွန်းကြည်၏ ရုပ်သေး ပြကွက်များ၊ မြန်မာပြည် ကျောက်စိမ်း၏ မြန်မာ့ဆိုင်းဝိုင်း လက်ရာများကို တင်ဆက်ကြမည် ဖြစ်သည်။
အမေရိကန်တွင် ရောက်ရှိနေသော မြန်မာ အနုပညာရှင်များလည်း ပါဝင်မည်ဖြစ်ပြီး မည်သည့် အနုပညာရှင်များ ပါဝင်မည်ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း ကိုကြယ်သီးက ဆိုသည်။
၎င်းဖျော်ဖြေပွဲများနှင့် ပတ်သက်ပြီး ကိုကြယ်သီးက “အခုပွဲတွေကို ဂီတမိတ်ကို တည်ထောင်တဲ့ ဆရာမက စပွန်ဆာပေးတာပါ။ ပွဲစီစဉ်တာကတော့ ဟိုဘက်က စီစဉ်တာပါ။ ကျနော်က အဲဒီမှာ ဒဿဂီရီဘီလူး အကနဲ့ ဖျော်ဖြေမယ်။ ဇာတ်ဝင်ခန်းလည်း မဟုတ်ဘူး။ ၃ ယောက်ပဲ သွားမယ်ဆိုတော့လေ။ ဘီလူးအက ဆိုပေမယ့်လည်း မင်းသမီး တယောက်လောက် ရှိမယ်ဆိုရင် ဒဿဂီရီ ပန်းမကိုဋ်လိုမျိုးကို ကလို့ရသေးတယ်။ ဘဘ ဘိုကလေးတင့်အောင်ရဲ့ ဇာတ်လမ်းကို ဂီတလုလင် ဦးကိုကိုက သံစဉ်တီးပေးထားတဲ့ သီချင်းကို တေးသရုပ်ဖော်လိုမျိုး ကပြရမယ်။ ဟိုရောက်မှပဲ တီးလုံးတွေ သေသေချာချာ ပြန်နားထောင်ပြီး ပြန်လုပ်ရမယ်။ ကျနော်က ဘီလူးအကနဲ့ ပတ်သက်ရင် အာဆီယံပြိုင်ပွဲတွေမှာလည်း ကပြခဲ့ဖူးတယ်။ ယဉ်ကျေးမှုက လုပ်တဲ့ အပြင်ပြိုင်ပွဲတွေရော၊ အိန္ဒိယတို့၊ ဗီယက်နမ်တို့ ပွဲတွေမှာလည်း ပါခဲ့တယ်။ ပြီးတော့ ကမ္ဘာ့ မြားပစ်အဖွဲ့ချုပ်က ကျင်းပတဲ့ပွဲမှာလည်း ပါခဲ့တယ်။ ဒဿဂီရိအနေနဲ့ ကပြခဲ့တာက ပွဲပေါင်း တော်တော်များနေပြီ ဆိုတော့ ဘီလူးအက အတွက်တော့ အရမ်းလေ့ကျင့်စရာ မလိုတော့ပါဘူး” ဟု ဧရာဝတီကနေ တဆင့် ပြောပြပါတယ်။
အမေရိက ခရီးစဉ်အတွက် ဗီဇာ ၄၅ ရက်စီ ယူထားကြပြီး အနုပညာရှင်များ အနေဖြင့် ရက်ရှည် နေထိုင်မည် မဟုတ်ကြောင်းလည်း သိရသည်။
“ဗီဇာကတော့ ၄၅ ရက် ပေးပါတယ်။ လိုရင်တော့ ထပ်တိုးလို့ ရပါတယ်။ ဒါပေမယ့် အကြာကြီးလည်း မနေပါဘူး။ ဒီမှာလည်း လုပ်စရာလေးတွေ ရှိနေသေးတဲ့အတွက်ပါ” ဟု ကိုကြယ်သီးက ပြောသည်။
ကိုကြယ်သီး၏ လတ်တလော လှုပ်ရှားမှုအနေဖြင့် ဗီဒီယို ဇာတ်ကားများ ရိုက်ကူးနေပြီး မြန်မာအက သင်တန်းလည်း ဖွင့်ထားသည်ဟု သိရသည်။
“ဗီဒီယိုတွေကတော့ ထမင်း စားဖို့အတွက်လည်း ပါတာပေါ့။ ကျနော်က ဖန်သားပြင်နဲ့ ဝေးခဲ့တဲ့ အခါကျတော့ ပရိသတ် အတွက် ပြန်ပြီးပေးချင်တယ်။ ကျနော်လည်း ပရိသတ်နဲ့ ပြန်ထိတွေ့ချင်တယ်။ အဲဒါလည်း တခုပေါ့။ ကိုယ်ကိုယ်တိုင်လည်း ဝါသနာပါပြီး ကလေးတွေ အတွက်လည်း အကျိုးရှိမယ့် အကသင်တန်းလေးလည်း ဖွင့်ထားပါတယ်။ မြန်မာအကပေါ့။ သင်တန်းကတော့ ကျနော့်အိမ်မှာရော၊ သူငယ်ချင်းတွေ ဆီမှာပါ ၃ အိမ်မှာ သင်ပါတယ်။ အခန်းတေ့ာ ငှားပြီး မသင်နိုင်သေးဘူး။ တိုက် ၁၄ အခန်း ၃ ဘော်စင်လမ်း ၂၄ ရပ်ကွက် သုဝဏ္ဏလမ်းဆုံမှာ သင်နေပါတယ်။ လူရွှင်တော် အသစ်တွေလည်း ထပ်ဖွဲ့ထားပါတယ်။ ကျနော်တို့ အဖွဲ့ဟောင်းတွေကတော့ အတူတူပါပဲ။ အားလုံး အတူတူ သွားဖြစ်တာလည်း ရှိတယ်၊ မသွားဖြစ်တာလည်း ရှိတယ်ပေါ့။ ကျနော်တို့ အားလုံးက ကိုယ့်စားဝတ်နေရေးလည်း ရှိကြတော့ ခွဲပြီး လုပ်သင့်ရင်လည်း လုပ်ကြရတာပါပဲ။ အမြဲတမ်း အတူတူတော့ မသွားနိုင်ဘူးပေါ့” ဟု ကိုကြယ်သီးက သူ၏ လတ်တလော အနုပညာ လှုပ်ရှားမှုကို ပြောပြသည်။

လူရွှင်တော် ကြယ်သီးသည် သီးလေးသီး လူရွှင်တော် အဖွဲ့ဝင်တဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၄ နှစ်ကျော် နေထိုင်၍ အနုပညာ အလုပ်များလုပ်ခဲ့ပြီး နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ကျန် သီးလေးသီး အဖွဲ့ဝင်များနှင့် အတူ ၂၀၁၂ ခုနှစ်အတွင်း မြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့သူ ဖြစ်သည်။
ကိုကြယ်သီးနှင့် အတူ မင်္ဂလာဒုံလေဆိပ်မှ အမေရိကန်နိုင်ငံသို့ ထွက်ခွာမည့် ရုပ်သေးဦးထွန်းကြည်က “ကျနော်နဲ့ ဦးခင်မောင်ထွေးတို့က ထွေးဦးမြန်မာ ကိုယ်စားပြုသွားကြမှာပါ။ ဟိုမှာလည်း မြန်မာ ရုပ်သေး ပညာရှင်တဦး ရောက်နေမယ် ကြားပါတယ်။ ကျနော်တို့ အဖွဲ့ကတော့ မဟုတ်ပါဘူး။ ကျနော်တို့ ၃ ယောက်ကတော့ ဇွန် ၂၆ ရက်နေ့ သွားပြီး ဇူလိုင် ၂၃ ရက်နေ့ ပြန်ရောက်ကြပါမယ်။ ဒီလို နိုင်ငံတကာပွဲမျိုး သွားရမှာ ကျေနပ်ပါတယ်။ မြန်မာ့ ရုပ်သေးကိုလည်း ကမ္ဘာကို ပြခွင့်ရတာပေါ့” ဟု ဆိုသည်။
စီစဉ်သူ ဂီတမိတ် ဂီတသင်တန်းမှ ဦးစီးဆောင်ရွက်သူများမှာ ဘန်ကောက်ခရီးစဉ်သို့ သွားရောက် ဖျော်ဖြေနေကြသည့် အတွက် ဂီတမိတ်ဘက်မှ သတင်းအချက်အလက်များကို ဖော်ပြနိုင်ခြင်း မရှိပါ။