SFU

မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ ပရိသတ်တွေနဲ့ ပြန်နီးဖို့ ကြိုးစားမယ်ဟုဆို

This article has been converted from Zawgyi One to Unicode

အသက် ၁၄ နှစ်အရွယ်မှာ မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ ဇာတ်ကားနဲ့ အကယ်ဒမီ ရရှိခဲ့တဲ့ အင်္ဂလန်စိန် (ခေါ်) ငြိမ်းငြိမ်းအိဟာ ပရိသတ်တွေနဲ့ ဝေးကွာနေရာကနေ အခု သူ့ရဲ့ ပရိသတ်တွေနဲ့ ပြန်လည်ထိတွေ့နိုင်ဖို့ ကိုယ်ပိုင်သံစဉ် တေးစီးရီးတခွေ ထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Aces တေးဂီတအဖွဲ့ကို တည်ထောင်ထားပြီး ဧည့်ခံပွဲတွေမှာသာတွေ့နေရတဲ့ ငြိမ်းငြိမ်းအိက “ပရိသတ်ရှေ့ကို အခွေ ရောက်နိုင်အောင် လုပ်ပါမယ်၊ ကြိုးစားပါမယ် လို့ပြောချင်ပါတယ်။ စီးရီးအတွက်က အခုတော့ သီချင်းတွေ စဉ်းစားနေတယ်။ စီးရီးလေး တခွေလောက်တော့ ပြန်လုပ်ချင်တာပေါ့။ အခုက Copy right ပေါ်လာတော့ ကိုယ်ပိုင်သံစဉ် ထဲကပဲ စဉ်းစားပြီး လုပ်မယ် စိတ်ကူးတယ်။ အစ်မ ဆိုခဲ့တဲ့သီချင်းထက်၊ ဖြစ်နိုင်ရင် အသစ်ဆိုချင်တယ်။ တီးဝိုင်းကတော့ ပင်တိုင်တီးဝိုင်း Aces နဲ့ပဲ တီးဖြစ်မှာပါ။ တေးရေးကတော့ အခု စဉ်းစားနေတုန်းပဲ ဆိုတော့ မပြောတတ် သေးပါဘူး။ Music style ကတော့ အစ်မက ပေါ့ပ်ပဲ ကိုယ်နဲ့ပိုလိုက်မယ် ထင်တယ်။ ပေါ့ပ် သီချင်းလေးတွေပဲ ဆိုမှာပါ” လို့ ဧရာဝတီကနေ တဆင့် သူ့ပရိသတ်ကို ပြောလိုက်ပါတယ်။

ငြိမ်းငြိမ်းအိဟာ စနှိုးဝှိုက်၊ လာကကြစို့၊ မချစ်ရင် မနေနိုင်တာကလွဲလို့၊ စိတ်၊ မိုးစက်ကလေးများ ခေါင်းပေါ်မှာ၊ Kiss me quick၊ တစ်ကပြန်စ စတဲ့တေးသီချင်းတွေနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ တေးသံရှင် အကယ်ဒမီ ငြိမ်းငြိမ်းအိဟာ အမှတ်တရ သီချင်းဟောင်းတွေ ပြန်ထုတ်ဖို့တော့ လောလောဆယ် အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။

“တချို့က ပြောတယ်၊ အစ်မကို သီချင်းအဟောင်းတွေ ပြန်ဆိုလုပ်ပါလား ပြောကြတယ်။ အစ်မမှာ ပရိုဂျူဆာ မရှိသေးတော့ မလုပ်ဖြစ်သေးဘူး။ ကိုယ်ကတော့ သူများတွေ လာပြောရင် အနိုင်ပိုင်း ပြန်ပြောလိုက်တယ်။ Tribute လုပ်ခိုင်းရင် အဲဒီလို လုပ်တာက ဂီတမှာ အသက်ကြီးတဲ့ အနုပညာရှင်တွေကို အမှတ်တရ အနေနဲ့ လုပ်ပေးတာလို့၊ သတိရနေအောင်လို့ပေါ့။ ကိုယ်က အသက် အဲဒီလောက် မကြီးသေးလို့ မလုပ်ဖြစ်သေးတာလို့ ပြောလိုက်တယ်။ သူငယ်ချင်းတွေက ပြောကြတော့ အဲဒီလို အနိုင်ပိုင်းထားတယ်၊ အမှန်က ပရိုဂျူဆာမရှိသေးတာပေါ့” လို့ သူက အရွှန်းဖောက် စကား ပြောပါတယ်။

အကယ်ဒမီ ငြိမ်းငြိမ်းအိဟာ အသက် ၁၂ နှစ် အရွယ်ကတည်းက ရုပ်ရှင်လောကထဲ စရောက်ခဲ့ပြီး ၁၉၇၉ ခုနှစ်၊ အသက် ၁၄ နှစ်အရွယ်မှာ အကယ်ဒမီ ဆုရခဲ့ပါတယ်။ ရုပ်ရှင်ဗီဒီယို ဇာတ်ကားပေါင်း ၃၀ ကျော် ရိုက်ကူးခဲ့ပြီး နောက်ပိုင်း အိမ်ထောင်ကျ သွားတဲ့အခါ ခင်ပွန်းသည်က သဘောမကျလို့ ရုပ်ရှင်လောကကို စွန့်ခွာပြီး ဂီတလောကထဲမှာပဲ တွေ့ရတော့တာ ဖြစ်ပါတယ်။

“အိမ်ထောင်ကျတော့ အမျိုးသားကလည်း မရိုက်စေချင်တော့ အစ်မ မရိုက်ဖြစ်တော့ဘူးပေါ့။ သူက Aces တီးဝိုင်းမှာလည်း တီးတယ်၊ တီးဝိုင်း ခေါင်းဆောင်လည်း ဖြစ်တော့ ကိုယ်လည်း သီချင်းဆို၊ သူလည်း ဆိုတီးပေါ့။ အမြဲတမ်း အတူရှိတော့ အဲဒီ အလုပ်က ဆက်လုပ်ဖြစ်တာပေါ့” လို့ ပြောပါတယ်။

အနုပညာလောကမှာ သရုပ်ဆောင်ရော အဆိုပိုင်းမှာပါ အောင်မြင်ခဲ့တဲ့ အကယ်ဒမီ ငြိမ်းငြိမ်းအိဟာ အခုခေတ် အနုပညာ အလုပ်လုပ်နေတဲ့ ကလေးတွေကို ဘယ်လိုအကြံဉာဏ် ပေးချင်သလဲဆိုတဲ့ မေးခွန်းကိုတော့ သူက “အားလုံးကို ဝမ်းစာပြည့်အောင် အရင် ဖြည့်စေ ချင်တယ်။ နာမည်ရ အောင်မြင်ဖို့ကတော့ အတိတ်ကံ၊ အခုကံ ဒါတွေနဲ့ ဆိုင်တာပေါ့။ ကံပါလာသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ်တော့ အရင် ကြိုးစားကြပါလို့ ပြောချင်တယ်။ အရည်အချင်း ပြည့်ရင် နှစ်ပေါင်း များစွာ လူတွေ လက်ခံကြ တာပေါ့။ ဘာပဲဖြစ်ဖြစ် များများကြိုးစား၊ များများ လေ့လာစေချင်တယ်၊ ဒါမှလည်း တော်လာမယ်။ အရည်အချင်း တက်လာမှာပေါ့။ အဲဒီလို ဖြစ်စေချင်ပါတယ်” လို့ အကြံပြုစကားဆိုရင်း အဖြေပေးပါတယ်။

ငြိမ်းငြိမ်းအိဟာ သူနဲ့ ဝေးကွာနေတဲ့ ပရိသတ်ကိုလည်း သတိရကြောင်းနဲ့ ဆက်ပြီး အားပေးနေဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

“ပရိသတ်တွေက အခုထိ ချစ်ပြီး အားပေးနေကြတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဆက်လက် အားပေးပါဦး။ ပရိသတ်ရှေ့ကို အခွေရောက်နိုင်အောင် လုပ်ပါမယ်၊ ကြိုးစားပါမယ် လို့ပြောချင်ပါတယ်။ အခုအချိန်ထိ ပရိသတ်က ထမင်း အမြဲတမ်း ကျွေးနေတယ်လို့ ခံယူပါတယ်။ ထမင်းရှင်တွေလို့ပဲ သတ်မှတ်ပါတယ်” လို့ သူက ဆိုပါတယ်။

Loading