
အကယ်ဒမီ စိုးမြတ်သူဇာနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲတခုမှာ တွေ့ဆုံခိုက် သူ့ကို အခုနာမည်ကြီးနေတဲ့ လက်ပံ ဇာတ်ကားနဲ့ အကယ်ဒမီဆု ထပ်ရမယ်လို့ ထင်ကြေးပေးနေတဲ့ အပေါ်ဘယ်လိုထင်သလဲလို့ မေးကြည့်မိတော့ သူက အကယ်ဒမီ ထပ်ရမယ် ဆိုရင် လိုချင်တယ်လို့ ဟြေပါတယ်။
“ဒီ လက်ပံဇာတ်ကားနဲ့ အကယ်ဒမီပေးရင် တော့လည်း ကောင်းတာပေါ့၊ မပေးရင်တော့လည်း မတတ်နိုင်ဘူး။ ပေးရင်တော့ လိုချင်တာပေါ့၊ အကယ်ဒမီကို မလိုချင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ကျမကတော့ လိုချင်တာပဲ၊ ဘယ်သူမဆို ကိုယ့်ကို လူကြားထဲမှာ ချီးကျူးတာ၊ ချီးမြှောက်တာ လူတိုင်းကြိုက်ကြတာပဲ။ ရရင်တော့ယူမယ်၊ မရရင်တော့လည်း ထိုင်ငိုနေလို့မှ မရတာ၊ ရတော့လည်းပြုံးပြုံးပဲ၊ မရတော့လည်းပြုံးပြုံးပဲ” လို့ သူက ဆိုပါတယ်။
လက်ပံ ဇာတ်ကားထဲကလို ကိုယ့်အပေါ် တကယ်မချစ်ဘဲ သစ္စာမဲ့တဲ့ ယောက်ျားမျိုးကို အပြင်မှာဆို ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ စိုးမြတ်သူဇာက အပြင်မှာ ဒါမျိုး တွေ့စရာလားလို့ ပြန်ဖြေပါတယ်။
“အပြင်မှာတော့ ကိုယ့်ကို ဘယ်ထားခဲ့ပါ့မလဲ၊ ဒါကတော့ ယောက်ျားတွေ ဖြစ်လေ့ဖြစ်ထ ရှိတယ်လို့ ထင်တယ်။ အဲဒီ အချိန်မှာ အသက်ကလည်း ငယ်ရွယ်နေတာက တကြောင်း၊ ရင့်ကျက်မှု မရှိသေးတာက တကြောင်း၊ အတွေ့အကြုံ မရှိသေးတာက တကြောင်း၊ မိန်းမတယောက်ကို တာဝန်ယူဖို့ဆိုတာ ယောက်ျားတွေ အတွက် အရမ်းခက်ခဲတယ်။ ဇာတ်ကားထဲမှာက ဆရာဝန်လည်း ဖြစ်တော့ သူ ဘယ်လက်ထပ်ပါ့မလဲ။ သူ့ဘက်ကကြည့်တော့လည်း အမှန်ပေါ့၊ မိန်းမ တယောက်ဘက်က ကြည့်ရင်တော့ ဆရာမဂျူး ဟြေသလိုပါပဲ ယောက်ျားတယောက် အတွက် အချစ်ဆိုတာ ဘဝရဲ့ တစိတ်တပိုင်းပဲ၊ မိန်းမ တယောက်အတွက် ကျတော့ ဘဝတခုလုံးပဲတဲ့။ သူ့ဘက်က ကြည့်လည်း သူမှန်တယ်၊ ကိုယ့်ဘက်က ကြည့်လည်း ကိုယ် မှန်တယ်” လို့ ဟြေပြခဲ့ပါတယ်။
သူပြောသလို သူ့အတွက် အချစ်က တဘဝလုံးစာ ဆိုတာ ငယ်ငယ်တုန်းကတော့ ဟုတ်လိမ့်မယ်၊ အခုအချိန်တော့ မဟုတ်တော့ဘူးပေါ့လို့ စိုးမြတ်သူဇာက ဆိုပါတယ်။
သူက “အလုပ်ထဲမှာပဲ စိတ်ကိုနှစ်ထားရင် ပျင်းစရာကြီး၊ လူကအမြဲ Active ဖြစ်နေရမယ်၊ လန်းဆန်း တက်ကြွပြီး ဉာဏ်ပြေးနေဖို့ ဆိုတာလည်း မှန်ကန်တဲ့ ထွက်ပေါက်ကို ရှာနိုင်ရမယ်။ ဘယ်လိုအနားယူ အပန်းဖြေမလဲ စဉ်းစားရမယ်။ အလုပ်ထဲမှာပဲ တချိန်လုံး စိတ်ကို နှစ်ထားရင် ဂေါက်သွားမှာပေါ့” လို့ သူက ဆက်ပြောပါတယ်။
သူအောင်မြင်နေတာက လျှို့ဝှက်ချက်တော့ မရှိပါဘူး ဆိုတဲ့ အကြောင်း၊ လူတွေရဲ့စိတ်ကို နားလည်အောင် ကြိုးစားပြီး သူများအပေါ် မျှမျှတတ တွေးပေးတယ်၊ မတရားမလုပ်ဘူး၊ တတ်နိုင်သလောက် သူများ လိုအပ်ချက်ကို ကူညီပေးမယ်ဆိုတဲ့ စိတ်ကိုထားတယ်၊ အားလုံးကို စာနာစိတ်နဲ့ ဆက်ဆံတယ်၊ မကူညီနိုင်တာကိုလည်း အသက်စွန့်ပြီး မကူညီဘူး၊ တချို့ ပြဿနာတွေက အေးအေးဆေးဆေး ဖြေရှင်းတာ ကောင်းတယ်၊ အဲဒါကြောင့်ပဲ သူ အောင်မြင်နေတာလို့ ထင်တယ် ဆိုတဲ့အကြောင်း အကယ်ဒမီ စိုးမြတ်သူဇာက ဧရာဝတီကို ဟြေပြခဲ့ပါတယ်။
အမှတ်တရ ကိုကိုမောင်

မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့ Melody World အဆိုတော် ကိုကိုမောင် အပါအဝင် သူ့သူငယ်ချင်း ဖြိုးကျော်ထိုက်နဲ့ သာဒီလုတို့ ပါဝင် သီဆိုထားတဲ့ အနောက် ဘက်က မဇိ္ဈမ အမည်ရတဲ့ တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို ဇွန် ၂၅ ရက်နေ့က Queen Star စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ အဲဒီ တေးစီးရီးကို ဇွန်လ ၂၇ ရက်နေ့မှာ Bo Bo Music Production က ဖြန့်ချိသွားပါတယ်။
ဒီ တေးစီးရီးအတွက် အဆိုတော် ဂျေညီညီက အမှတ်တရ စကားဟြေခဲ့ရာမှာ “ကျနော် ကိုကိုမောင်နဲ့ အနုပညာခရီး အတူတူ သွားဖူးပါတယ်။ ကိုကိုမောင်က တော်တော် အရည်အချင်းရှိတဲ့ ကလေး တယောက်ပါ။ သူမရှိတော့တဲ့ အတွက် ဝမ်းနည်း မိပါတယ်။ သူမရှိပေမယ့် သူ့သီချင်းတွေကို သူ့ပရိသတ်တွေ အတွက် ချန်ထားပေးခဲ့တဲ့ အတွက် သူ့ပရိသတ်တွေ အားပေးကြပါ” လို့ ဟြေခဲ့ပါတယ်။
တေးရေး မျိုးဦးကလည်း အခုလိုပွဲမှာ သူထိုင်မယ့် နေရာလေး လွတ်နေတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ သူအကောင်းဆုံး လုပ်ခဲ့ပြီး အမှတ်တရဖြစ်တဲ့ အခွေ ဖြစ်ကြောင်း ဟြေပြခဲ့ပါတယ်။
တေးရေး၊ တေးဆို သာဒီလု ကလည်း ဒီအခွေက သူ့ဘဝမှာ အမှတ်တရဖြစ်နေမယ့် အခွေဖြစ်ပြီး ဒီထဲကသီချင်းတွေကို နားထောင်လိုက်တိုင်း သူ့သူငယ်ချင်း ကိုကိုမောင်ကို သတိရနေမှာ ဖြစ်ကြောင်း ဟြေပြခဲ့သလို တေးဆို ဖြိုးကျော်ထိုက် ကလည်း The Key ဆိုတဲ့ နာမည်ကို ကိုကိုမောင်က ပေးခဲ့တာဖြစ်ပြီး ဒီအခွေကို ဖြစ်အောင် ထုတ်မယ်ဆိုပြီး သူတို့ သူငယ်ချင်း သုံးယောက် ကြိုးစား ထားခဲ့ကြကြောင်း၊ ကိုကိုမောင် ဆိုထားတဲ့ သီချင်းလေးတွေကို ပရိသတ် ကြိုက်မှာ ဖြစ်ကြောင်း ဟြေပြခဲ့ပါတယ်။
အဆိုတော် ဖြိုးကျော်ထိုက်နဲ့ သာဒီလုတို့က အခွေထဲမှာ သူတို့ သူငယ်ချင်း သုံးယောက် ဆိုထားတဲ့ သီချင်းကို သီဆိုပြရင်း သူတို့ သူငယ်ချင်းကို သတိရ စိတ်မကောင်း ဖြစ်တဲ့အတွက် မျက်ရည်တွေကျပြီး ဖျော်ဖြေခဲ့ပါသေးတယ်။