နန်းခင်ဇေယျာလို့ ပြောလိုက်ရင် ပရိသတ်နဲ့ သိပ်မိတ်ဆက် ပေးစရာ မလိုတော့ပါဘူး။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ ကျင်းပခဲ့တဲ့ နိုင်ငံပေါင်း ၆၈ နိုင်ငံက လှပျိုဖြူတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ Miss International 2012 ပြိုင်ပွဲမှာ Miss Internet နဲ့ People Choice Award ဆုနှစ်ခု ရရှိခဲ့သူ Miss Myanmar နန်းခင်ဇေယျာဟာ အခုဆိုရင် အနုပညာ လှုပ်ရှားမှုတွေအပြင် ပရဟိတ လုပ်ငန်းတွေမှာပါ တွေ့မြင်နေရပါတယ်။ နန်းခင်ဇေယျာကို မြန်မာပြည်သူ အားလုံးက ဝိုင်းဝန်းထောက်ခံ အားပေးခဲ့လို့ ဒီလိုနိုင်ငံ့ဂုဏ်ဆောင်ပြီး ပြန်လာရတယ် ဆိုရင်လည်း မမှားဘူးလို့ သူက အမြဲပြောလေ့ ရှိတာပါ။ နန်းခင်ဇေယျာဟာ ဂျပန်နိုင်ငံက ပြန်လာပြီးတဲ့ နောက်ပိုင်း လွယ်ဟိန်း ကုမ္ပဏီရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသလို Alpine ရေသန့်၊ Blue Mountain အချိုရည်တို့ရဲ့ ကြော်ငြာတွေ၊ ပိုစတာတွေ Bill Board တွေမှာ သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေကို စတင်မြင်တွေ့လာရပါတယ်။ နောက်ပိုင်းတော့ ဓာတ်ပုံ ကြော်ငြာ တွေအပြင် တီဗီကြော်ငြာ တွေမှာလည်း နန်းခင်ဇေယျာကို ပရိသတ်က လက်ခံလာခဲ့ပြီး ပရဟိတ လုပ်ငန်းတွေအတွက် ပြည်တွင်းပြည်ပ ခြေဆန့် နေတာကို တွေ့ရပါတယ်။ နန်းခင်ဇေယျာက အခု လတ်တလောမှာ ၂၀၁၄ အတွက် ပြက္ခဒိန်တွေ ရိုက်ထားတယ်၊ ကြော်ငြာတွေလည်း ထပ်ရိုက် ထားတယ်၊ လွှင့်တော့မှာလို့ သိရတယ်။ အခု လောလောဆယ်တော့ ဖက်ရှင်တွေကို လေ့လာ နေတယ်လို့ သူက ပြောပါတယ်။ နန်းခင်ဇေယျာ ဟာအနုပညာ အလုပ်တွေ လုပ်နေရင်း မိုးအကုန် ဆောင်းဦးကနေ ပွင့်လင်းရာသီ တလျှောက်လုံး တိုးဂိုက် အလုပ်ကို ဆက်လုပ် ဦးမယ်လို့ ဆိုပါတယ်။
အင်္ဂလိပ်နဲ့ ဂျာမန် နှစ်ဘာသာကို ကျွမ်းကျင်တဲ့ စကားပြန်၊ ရှမ်းပအို့ဝ် တိုင်းရင်းသူလေး နန်းခင်ဇေယျာကို ဧရာဝတီ သတင်းထောက် နဒီထိုက်နဲ့ မြတ်သူအောင်တို့က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ။ နန်းခင်ဇေယျာ ဓာတ်ပုံရိုက်တဲ့အခါမှာ ဖက်ရှင် အလန်းစားတွေ ရိုက်ဖြစ်လား။ မစ္စ အင်တာနေရှင်နယ် သွားပြိုင်တုန်းက Two Piece နဲ့ ဓာတ်ပုံရိုက်ခဲ့ရတဲ့ အပေါ် ခံစားချက် ပြောပြပါဦး။
ဖြေ။ ။ အလန်းစား ဖက်ရှင်တွေတော့ မရိုက်ဖြစ်ပါဘူး၊ မရိုက်လည်း မရိုက်ချင်ပါဘူး။ ကိုးရီးယား ဖက်ရှင်နဲ့ Hot ဖြစ်တဲ့ ဖက်ရှင် ပုံစံတွေတော့ ကြိုက်ပေမယ့် ညီမရဲ့ မျက်နှာ Mood နဲ့ သိပ်မလိုက်ဘူး။ မယ်သွားပြိုင်တုန်းက Two Piece နဲ့ ရိုက်ခဲ့ရပေမယ့် ဒီမှာဆိုရင်တော့ ရိုက်ဖြစ်မှာ မဟုတ်သလို၊ ရိုက်မှာလည်းမဟုတ်ဘူး။ အဲဒီ နိုင်ငံမှာလည်း သူ့ရဲ့ Rule and Regulation ကြောင့်သာ ဝတ်လိုက်ရတာ၊ ဒီမှာဆိုရင် ညီမက ဘယ်တော့မှလည်း ဝတ်မှာမဟုတ်သလို ဝတ်ပြီးတော့လည်း ဓာတ်ပုံ အရိုက်ခံမှာ မဟုတ်ဘူး။ အဲဒီမှာတုန်းက Two Piece နဲ့ ဓာတ်ပုံ အရိုက်ခံတော့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားရတယ်၊ တခါမှလည်း မဝတ်ဖူးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မရှိခဲ့ဘူး။ ညီမ Two Piece ဝတ်စုံကိုလည်း ကောင်းကောင်း မရခဲ့ဘူး၊ သူများဝယ်ပေးတာပဲ ဝတ်ခဲ့ရတယ်။
မေး။ ။ တချို့က ကိုယ့် ကိုယ်ခန္ဓာမှာ အပြစ်အနာအဆာတွေ ရှိလို့ Two Piece နဲ့ မရိုက်ချင်ကြဘူးလေ။ ဥပမာ -အမာရွတ်တို့၊ ဘာတို့ပေါ့။
ဖြေ။ ။ ညီမမှာတော့ အမာရွတ်တွေ မရှိပါဘူး (ရယ်လျှက်)။
မေး။ ။ ဆီးဂိမ်းနဲ့ ပတ်သက်ပြီးတော့ ဘာတွေလုပ်နေလဲ။ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းနဲ့ ပတ်သက်ပြီး ရင်ခုန်လား။
ဖြေ။ ။ ဆီးဂိမ်းကြော်ငြာက ကိုမြင့်မြတ်နဲ့ ရိုက်ထားတယ်။ ဆီးဂိမ်း ဇာတ်လမ်းတို လေးတွေလည်း ရိုက်ထားပါတယ်။ ဆီးဂိမ်းအတွက် ကတော့ အရမ်းလည်း ရင်ခုန်ပါတယ်။ နောက် မြန်မာဆိုတာကို ကမ္ဘာကနေ သိရအောင် ဆုတွေလည်း ရစေချင်ပါတယ်။ ကိုယ်တောင် နေပူထဲမှာ ဆီးဂိမ်း အတွက် ကြော်ငြာတွေ ရိုက်ရင်း ဒီလောက်ပူနေတာ၊ သူတို့တတွေ ကြိုးစားပြီး လေ့ကျင့်နေရတာပါ။ ဆုတွေ အများကြီး ရစေချင်ပါတယ်။
မေး။ ။ သရုပ်ဆောင်လုပ်ဖို့ ဘာတွေ လေ့လာထားလဲ။
ဖြေ။ ။ ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတာကတော့ International ပြိုင်ပွဲပြိုင်အပြီး ကမ်းလှမ်းလာတာတွေ အများကြီးပါ။ နောက်ပိုင်း ရုပ်ရှင်တွေ လေ့လာဖြစ်တယ်။ သရုပ်ဆောင်ပညာက နက်နဲပါတယ်။ ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ညီမလည်း လေ့လာရဦးမယ်။ သေသေချာချာကို ကြိုးစားရမှာပါ။ သင်လည်း သင်ယူရဦးမှာပါ။ လေ့လည်းလေ့လာနေတယ်။ သင်တန်းတွေ တက်ဖို့ကတော့ အချိန်မရှိလို့ အခုတော့ ဇာတ်ကားတွေ ကြည့်ပြီး လေ့လာနေပါတယ်။ စီနီယာအစ်ကို၊ အစ်မတွေ ဆီကလည်း လေ့လာနေပါတယ်။
မေး။ ။ နန်းခင်ဇေယျာကို ပရဟိတ လုပ်ခန်းတွေမှာလည်း တွေ့ရတယ်။ ဆက်ပြီးတော့ ဘာတွေလုပ်ဦးမလဲ။
ဖြေ။ ။ နောက်ပိုင်း တတ်နိုင်တဲ့ဘက်ကလည်း ကူညီသွားမှာပါ။ ပရဟိတ ဆိုရင် တလောက မီးလောင်ခဲ့ပြီး ဝေဒနာ ခံစားနေရတဲ့ ဖူးဖူးလေးကို သွားအားပေးတယ်၊ အလှူငွေတွေ လှူပါတယ်။ အခုဆို ဖူးဖူးလေးက အဲကွန်းခန်းထဲ နေရပြီ။ အဆင်ပြေသွားမယ် ထင်ပါတယ်။ facebook မှာလည်း သူ့အကြောင်းတွေ ရှယ်ပေးထားလို့ အဆင်ပြေလာမယ် ထင်ပါတယ်။ ပြည်တွင်းအနေနဲ့တော့ အလှူငွေ မကောက်ခံပါဘူး။ ပြည်တွင်းက လူတွေက ကိုယ်တိုင် သွားအားပေးတာမျိုး၊ နောက် ကိုယ်တိုင် ဖူးဖူးမိခင်ဆီ ငွေလှူဒါန်းတာတွေ လုပ်စေချင်တယ်။
မေး။ ။ ဦးကျော်သူရဲ့ နာရေးကူညီမှု အသင်းကိုရော ရောက်သေးလား။
ဖြေ။ ။ ဦးကျော်သူရဲ့ နာရေးအသင်း ကိုတော့ တလ ၂ ကြိမ် သွားပါတယ်။ ဒီလကုန်ရက်ဆို သွားပါမယ်။ လုပ်နိုင်တာ အားလုံးကို စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်မှာပါ။
မေး။ ။ ပြည်ပမှာရော ပရဟိတ အလုပ်တွေသွားလုပ်ဖို့ ရှိလား။
ဖြေ။ ။ ပြည်ပ အနေနဲ့ ဂျပန်မှာ ပရဟိတ လာလုပ်ဖို့ ဖိတ်ခေါ်ထားတာရှိတယ်။ နောက် စက်တင်ဘာမှာ လောစ်အိန်ဂျယ်လိစ်မှာ ပရဟိတတွေ လုပ်တဲ့သူ အနေနဲ့ ကမ်းလှမ်းထားတာ ရှိတယ်။ ဇွန် လ ၁၆ ရက်ကနေ ၁၉ အထိကို ထိုင်းကနေ ဖိတ်ခေါ်ထားတာရှိပေမယ့် မသွားဖြစ်ဘူး။ မအားလို့ မသွားဖြစ်ဘူး။
မေး။ ။ လူမှုရေးနဲ့ အနုပညာအလုပ်တွေနဲ့ ရှုပ်နေတော့ တိုးဂိုက် ပြန်လုပ်ဖို့ရော အချိန်ပေးနိုင်ရဲ့လား။
ဖြေ။ ။ တိုးဂိုက်က ညီမ နားထားတာ မဟုတ်ပါဘူး။ တိုးရာသီက Open Season တွေမှာပဲ လုပ်ကြပါတယ်။ ဆောင်းတွင်းနဲ့ နွေဦး ကာလတွေ မှာပေါ့။ ညီမ အခုမှ နားလိုက်တာလည်း မဟုတ်ပါဘူး။ နှစ်တိုင်း နားတာပါ။
မေး။ ။ တိုးဂိုက်အလုပ်နဲ့ အနုပညာအလုပ် တခုခုကို ရွေးပါဆိုရင် ဘာကိုရွေးမလဲ။
ဖြေ။ ။ အနုပညာကိုတော့ ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ ဂိုက်မှာလည်း အချိန်ပေးပြီး စာကို မနည်းဖတ်ပြီး လေ့လာ ထားရတယ်။ မစ္စ အင်တာနေရှင်နယ် ဆုကိုလည်း ခက်ခက်ခဲခဲနဲ့ ရခဲ့တယ်။ အဲဒါကြောင့် နှစ်ခုစလုံးကိုတော့ မစွန့့်လွှတ်ချင်ဘူး။
မေး။ ။ နန်းခင်ဇေယျာဆိုပြီး ပြည်သူတွေက ချစ်လာတယ်၊ ပရဟိတ လုပ်ငန်းတွေ အောင်မြင်တာလည်း အခုလို ပရိသတ် ချစ်တဲ့ အနုပညာရှင် ဖြစ်သွားလို့လို့ ပြောလို့ရလား။
ဖြေ။ ။ ပါတာပေါ့၊ ညီမရဲ့ ပရိသတ်တွေကို ညီမ လေးစားရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ်တွေ နေရာပေးလို့ အခုလို နေရာတခု ရခဲ့တာပါ။ အားပေးကြပါလို့၊ ပရိသတ်ကိုလည်း ညီမက အမြဲ ချစ်ခင်လေးစားပါတယ်လို့ ပြောချင်ပါတယ်။