မိုင်တိုင် ၂၆ ဆိုတဲ့ သရဲကား ရုံတင်ပြသဖို့အတွက် စာနယ်ဇင်းအကြို မိတ်ဆက်ပြသတဲ့ အခမ်းအနားကို ဇူလိုင် ၂ ရက်နေ့က Junction Mawtin အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပ ခဲ့ပါတယ်။
ဒီဇာတ်ကားဟာ ပြင်ဦးလွင်အတက် မိုင်တိုင် ၂၆ မှာ ဖြစ်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလို့ သိရပြီး သရုပ်ဆောင် ခွန်းဆင့်နေခြည်က ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူ ဖြစ်ပါတယ်။
ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရိုက်ကူးထားပြီး သူထူးစံ၊ ခွန်းဆင့်နေခြည်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ ဒီဇာတ်ကားကို ဇူလိုင်လ ၅ ရက်နေ့ကျရင် တော်ဝင်စင်တာမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
ထုတ်လုပ်သူ သရုပ်ဆောင် ခွန်းဆင့်နေခြည်က သူတို့ ပထမ ရိုက်ခဲ့လို့ ပရိသတ် သိသွားတဲ့ ဇာတ်ကားက မိုင်တိုင် ၇၆ ဖြစ်တဲ့ အကြောင်း၊ အဲဒီကားကို သရဝဏ် ထုတ်လုပ်ရေးက မင်းအုပ်စိုး ထုတ်တာဖြစ်ပြီး ဒါရိုတာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ပဲ ရိုက်တာ ဖြစ်ကြောင်း၊ အဲဒီကားက ပရိသတ်ရဲ့ ရင်ထဲကို အထိုက်အလျောက် ရောက်သွားခဲ့ပြီး ပရိသတ် အားပေးမှုလည်း ရခဲ့တဲ့အတွက် အခု ဖြစ်ရပ်မှန်ဇာတ်ကား မိုင်တိုင် ၂၆ ကို ရိုက်ဖြစ်တဲ့အကြောင်း ပြောပါတယ်။
“ဦးမျိုးမင်းက အခုဇာတ်လမ်းက တကယ့် ဖြစ်ရပ်မှန်တဲ့၊ ပြင်ဦးလွင် အတက် ခြောက်ထပ်ကွေ့ ဆိုတဲ့နားမှာ ကားခဏခဏ မှောက်ပြီး လူတွေ ခဏခဏ သေတယ်တဲ့၊ အဲဒီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် တခုကို ရိုက်ဖို့အတွက်ဟြေတော့ ခွန်းဆင့်ကလည်း ရိုက်ဖို့ အဆင်ပြေတယ်၊ စိတ်ဝင်စားတယ်ဆိုပြီး ဒီဇာတ်ကို ရိုက်ခဲ့တာ” လို့ ခွန်းဆင့်နေခြည်က ဆိုပါတယ်။
ဒီဇာတ်လမ်းကို ဖတ်ကြည့်တဲ့ အချိန်မှာ ကြက်သီးတွေတောင် ထတယ်လို့ သိရပါတယ်။
“လုပ်နိုင်မယ်လို့လည်း ယုံကြည်တယ်၊ အဲဒါကြောင့် ရိုက်ဖြစ်တာ။ ဒီဇာတ်ကား ရိုက်တုန်းက စိတ် အနှောင့် အယှက်တွေ အရမ်း ဖြစ်တယ်၊ စိတ်တွေလည်း ကယောက် ကယက် တွေ ဖြစ်ခဲ့တယ်၊ ကြောက်စိတ်တွေ ဖြစ်ခဲ့တယ်၊ မိုင်တိုင် ၇၆ တုန်းက ကြောက်ပေမယ့်၊ ဒီကားမှာ စိတ်ခံစားမှု ပိုပြင်းတယ်လို့ ခံစားရတယ်။ တယောက်ယောက်က ဝင်နွှယ် နေသလိုမျိုး ခံစားရတယ်၊ တယောက်ယောက်က အနှောင့်အယှက် ပေးနေသလိုလည်း ခံစားရတယ်၊ စိတ်သောကတွေလည်း အများကြီး ဖြစ်ခဲ့ရတယ်၊ ခွန်းဆင့်က ပဌာန်းဆက် ပါတယ်လို့ ဟြေလို့ရမလားတော့ မသိဘူး၊ အဲဒီလို ကာရိုက်တာမျိုး သရုပ်ဆောင် ရမယ်ဆို ကိုယ်မဟုတ်တော့ဘူး၊ ကိုယ့်ကို တယောက်ယောက်က ဝင်ပူးပြီး ဖြစ်သွားသလိုပဲ၊ တကယ် ဖြစ်နေသလို မြင်ရတယ်” လို့ ခွန်းဆင့်နေခြည်က ဇာတ်ကားအကြောင်း ရှင်းပြပါတယ်။
မိုင်တိုင် ၂၆ က ဖြစ်ရပ်မှန် သရဲကားလို့ ဆိုပါတယ်။ ဒီကားမှာ ခွန်းဆင့်နေခြည် အနေနဲ့ သရုပ်ဆောင်ချက်တွေ လိုအပ်သွားတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်ဘူး ဆိုတဲ့အကြောင်း၊ ပြည့်စုံတယ်လို့ ယုံကြည်နေကြောင်း၊ ပီပြင် နေတယ်လို့လည်း ခံစားရကြောင်း ပြောပါတယ်။
“တမင် လုပ်ယူထားတာ မဟုတ်ဘဲ စိတ်ကိုလွှတ်ထားပြီး လုပ်တဲ့အတွက် ပီပြင်သွားတာလို့ ထင်တယ်၊ ဒီကားကို ကိုယ်တိုင်လည်း ခဏခဏ ကြည့်ဖြစ်တယ်။ ကြည့်တဲ့ အခါတိုင်းလည်း ငိုချင်တယ်၊ ကြက်သီးတွေလည်း ထတယ်” လို့ သူက ဆက်ဟြေပါတယ်။
ခွန်းဆင့်နေခြည်က ကာရိုက်တာ စုံအောင် ရိုက်ဖူးပြီး သူရတဲ့ အနုပညာကြေး ထဲကနေ ပရလောကသား တွေအတွက် အမြဲတမ်း အလှူအတန်း လုပ်ပေးတယ်၊ ပရလောက သားတွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်တဲ့အခါ ပရိသတ် စိတ်ဝင်စားမှု ရတဲ့အတွက်ကြောင့် လှူဖြစ်တာလို့ ဆိုပါတယ်။
ဒီကားကို နိုင်ငံခြားမှာ သွားပြဖို့လည်း စီစဉ်ထားကြောင်း၊ အခုလောလောဆယ် စင်ကာပူမှာ ဆင်ဆာ တင်ထားကြောင်းနဲ့ မြန်မာကားတွေ ပြလို့ရတဲ့ နိုင်ငံတိုင်းမှာ ပြဖို့ ရည်မှန်းထားကြောင်း၊ ပရိသတ်တွေ အတွက် စဉ်းစားပြီး ပရိသတ် အားပေးမှုများရင် နှစ်ပတ်အထိ ရုံတင်ဖို့ စီစဉ်ထားကြောင်း ထုတ်လုပ်သူ ခွန်းဆင့်နေခြည်ရဲ့ အဆိုအရ သိရပါတယ်။
ဒီဇာတ်ကားက ဘယ်လောက်အထိ ကြောက်စရာ ကောင်းမလဲ၊ ကြည့်ရှုသူတွေအတွက် ဘာတွေ ရမလဲ ဆိုတာတော့ ရုံတင်တဲ့ အချိန်မှာ ထွက်ပေါ်လာမယ့် အသံတွေကို စောင့်နားထောင်ရဦးမှာပါ။