SFU

သူတို့အချစ် … သူတို့အနုပညာ

This article has been converted from Zawgyi One to Unicode

လက်ပံ ကားကြီးမှာ အကောင်းဆုံး သရုပ်ဆောင်ထားတယ် ဆိုတဲ့ ဖွေးဖွေး (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)

ရုံတင်နေတဲ့ နာမည်ကျော် လက်ပံ ဇာတ်ကားထဲက သရုပ်ဆောင် ဖွေးဖွေးကို မင်းသားတယောက်နဲ့ ချစ်သူဖြစ်နေတယ် ဆိုတဲ့ သတင်း ထွက်နေတာနဲ့ ပတ်သက်လို့ မေးကြည့်တော့ သူက အချစ်ရေးနဲ့ ပတ်သက်လို့ စာနယ်ဇင်းတွေကို မဖြေဘူးလို့ ပြောလာပါတယ်။ ဒါပေမယ့် သူ့အချစ်ရေးနဲ့ပတ်သက်လို့ ပရိသတ်အားလုံးက သိနေကြပြီလို့လည်း ဆိုပါတယ်။

ပရိသတ် အားပေးမှုတွေ တဖြည်းဖြည်း ရလာတဲ့ ဖွေးဖွေးက အခု ရုံတင်နေတဲ့ လက်ပံကားကြီးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဝေဖန်တာထက် ပရိသတ် ဝေဖန်မှုကို ပိုသိချင်တယ်လို့ ပြောတယ်။

“ဒီကား ရိုက်တုန်းကတော့ ကိုဝိုင်းရဲ့ သင်ပေးမှုနဲ့ ဖွေးကိုယ်တိုင် တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ပါတယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။

ဖွေးဖွေးက ခံစားချက်ကို အမြဲဦးစားပေးတတ်တယ်၊ အနုပညာသမားတိုင်း ကိုယ့်ခံယူချက်နဲ့ကိုယ် ရှိကြတာကြောင့် တယောက်ရဲ့ ခံစားချက် ခံယူချက်ကို တယောက်က လေးစားရမယ်လို့ ဆိုပါတယ်။

“ဖွေး ဒီအချိန်မှာ အလုပ်ကိုပဲ ဦးစားပေးထားပါတယ်။ လောလောဆယ်တော့ ကိုယ့်အလုပ်ထဲမှာ စိတ်ကို နှစ်မြှုပ်ထားချင်တဲ့ သဘောပါပဲ” လို့ ဖွေးဖွေးက ဧရာဝတီကို ပြောပါတယ်။

ဒီ လက်ပံ ကားကြီးရိုက်တုန်းက သူ့အနေနဲ့ ဘာမှမသိတဲ့ အသစ်တယောက် ဖြစ်တဲ့အကြောင်း၊ ဒါရိုက်တာဝိုင်း၊ စိုးမြတ်သူဇာ၊ ပြေတီဦး စတဲ့ ဝါရင့်အနုပညာရှင်တွေက တွဲခေါ်ပေးခဲ့ ကြတဲ့အကြောင်း သူက ဆိုပါတယ်။

“အခု ပရိသတ်ရဲ့ ဝေဖန်သံတွေကို ဖွေး အရမ်း ရင်ခုန်နေပါတယ်၊ ဖွေး သရုပ်ဆောင်တာ ပီပြင်လား၊ မပီပြင်လားဆိုတဲ့ ပရိသတ်တွေရဲ့ ဝေဖန်သံတွေနဲ့ မီဒီယာတွေရဲ့ဝေဖန်သံတွေကို နားထောင်နေပါတယ်” လို့ ဖွေးဖွေးက ပြောပါတယ်။

အကယ်ဒမီကတော့ သူ့အတွက် ကံတရားပဲလို့ သူက ဆက်ပြောပါတယ်။ ပရိသတ်သိနေတယ် ဆိုတဲ့ ဖွေးဖွေးရဲ့ ချစ်သူ ဘယ်သူလဲဆိုတာ ဧရာဝတီက အဖြေမထုတ်ပေးတော့ပါဘူး။

အလုပ်တွေပြီးမှ လက်ထပ်မယ်ဆိုတဲ့ အောင်လ

လူငယ်တွေကြား ရေပန်းစားနေတဲ့ အောင်လနဲ့ သူ့ချစ်သူ မိုးငယ် (ဓာတ်ပုံ – အောင်လထံမှ)

လူငယ်တွေရဲ့ အချစ်တော် ရောခ့်အဆိုတော် အောင်လက သူ့ရဲ့ လက်ကျန် အနုပညာ အလုပ်လေးတွေပြီးမှ အိမ်ထောင်ရေးကို စဉ်းစားပါမယ်လို့ ဆိုလာပါတယ်။

“အိမ်ထောင်ရေး ကတော့ နည်းနည်းလိုသေးတယ်။ ကျနော် လုပ်ချင်တာလေးတွေ မပြီးသေးလို့၊ ပြီးရင်တော့ ချက်ချင်း တန်းယူမှာဗျ” လို့ အောင်လက ပြောပါတယ်။

ချစ်သူသက်တမ်း ၅ နှစ် ရှိနေပြီဖြစ်တဲ့ အောင်လနဲ့ မမိုးငယ်တို့က ကိုယ့်ရဲ့ အလုပ်တွေနဲ့ ကိုယ် ရှုပ်နေကြတုန်း ဖြစ်ပြီး အလုပ်တွေ ပြီးတာနဲ့ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ အောင်လက ၂၀၁၀ မှာ City FM က ချီးမြှင့်တဲ့ ဂီတဆုပေးပွဲ အပြီး သူ့ကို အစစအရာရာ နားလည်မှုပေးတဲ့ ချစ်သူ မိုးငယ်ကို ကျေးဇူးတင်ကြောင်း တရားဝင် ဖွင့်ပြောခဲ့တာ တွေ့ရပါတယ်။

အောင်လက သူ့ရဲ့ တကိုယ်တော် ဒုတိယခွေ အတွက် MTV လည်း ကြိုတင် ရိုက်နေပါတယ်။ စီဒီကတော့ ပြီးသွားပြီဖြစ်လို့ ဇူလိုင်လ အတွင်း ထွက်ဖို့ ပြင်ဆင်နေတယ်လို့ ဧရာဝတီကတဆင့် ပရိသတ်တွေကို ပြောလိုက်ပါတယ်။

“ဒုတိယခွေမှာ အတွဲ ၃ ပုဒ်ပါတယ်။ Big bag တပုဒ်၊ Wanted တပုဒ်၊ Idiots တပုဒ် တွဲပြီးဆိုမှာပါ။ သူတို့ အပိုဒ်ကို သူတို့ဘာသာ ရေးကြတယ်။ ကျနော့်သီချင်းတွေကို ကျနော်လည်း ရေးတယ်။ ဒုတိယခွေမှာ ကိုကျားပေါက်၊ တွတ်ပီ (ရေမွန်)၊ ဖော်ကာ၊ ဖိုးလုံး၊ ဂျပန် (Idiots) တို့လည်း ရေးထားပေးပါတယ်” လို့ အောင်လက ပြောပြပါတယ်။

ဒုတိယခွေမှာတော့ အရင်အခွေထက် ပိုပြီးကြမ်းတဲ့ ပုံစံတွေလည်းပါမယ်၊ Bullets for my Valentine တို့လို သီချင်းမျိုး တွေလည်း ပိုပြီးပါလာပြီလို့ အောင်လဆီက သိရပါတယ်။

ဒုတိယခွေရဲ့ သီချင်း Title ကိုတော့ ရွေးချယ်နေဆဲဖြစ်ပြီး Mixing က ကိုဖိုးလ ဆီမှာ အပ်ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် S.I.R အဖွဲ့ရဲ့ ဒုတိယအခွေကိုလည်း စပြီး လုပ်နေကြပါတယ်။ S.I.R (Skull Of Ribeage) အဖွဲ့ဆိုတာ Bigbag၊ Idiots၊ Wanted၊ Reason စတဲ့ လူငယ် ရောခ့် တေးဂီတအဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ရော့ခ်သီချင်းတွေကို ဖန်တီးနေကြတဲ့ အဖွဲ့ ဖြစ်ပါတယ်။ S.I.R အနေနဲ့ စင်တင်ရှိုး ဖျော်ဖြေပွဲတွေများစွာ သီဆိုခဲ့ကြပြီး စီးရီးခွေ တခုကိုလည်း ပရိသတ်ဆီကို ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။

“အခု နောက်တခွေက အရင် S.I.R ထက် ပိုမိုက်လာမှာပါ။ အရင်ခွေတုန်းက ကြိုတင်ပြင်ဆင်ချိန် သိပ်မရှိလိုက်တော့ ရှိတဲ့ သီချင်းတွေကိုပဲ ပေးလိုက်ရတယ်။ အခု နောက်ခွေမှာတော့ S.I.R အတွက် တည်ပြီး ရေးထားတာဖြစ်လို့ သီချင်းတွေက ပိုကောင်းမှာပါ” လို့ အောင်လက ပြောပါတယ်။ အောင်လက Reason ဆိုတဲ့ Band မဖွဲ့စည်းခင်မှာ တေးသံရှင် ဂျီလတ်ရဲ့ NC 13 ဆိုတဲ့ Band နဲ့အတူ သီဆိုခဲ့ပါသေးတယ်။ ၂၀၀၇ -၂၀၀၈ မှာ ပရိသတ်တွေ သဘောကျခဲ့ပြီး တခွေလုံးက သီချင်းတွေ ပေါက်စာရင်းဝင်ခဲ့တဲ့ “ဘာလာလာ” စီးရီးထဲမှာလည်း အောင်လက NC 13 အဖွဲ့ရဲ့တီးခတ်မှုနဲ့ “အချိန်လွန်ငှက်” ဆိုတဲ့ သီချင်းကို သီဆိုခဲ့ပါတယ်။ အဲဒီ သီချင်းက အစပြုလို့ အောင်လရဲ့ အရည်အချင်းကို ပရိသတ်က အသိအမှတ် ပြုခဲ့ပြီး အဲဒီ သီချင်းဟာလည်း အချိန်တော်တော်ကြာ ပေါက်ခဲ့တဲ့ သီချင်း ဖြစ်ခဲ့ပါတယ်။

၂၀၀၉ မှာ အောင်လက သူ့ရဲ့ ပင်တိုင် တေးဂီတအဖွဲ့ ဖြစ်တဲ့ Reason အဖွဲ့နဲ့ မာတိကာ ဆိုတဲ့ တကိုယ်တော်ခွေ ထွက်ခဲ့ပါတယ်။ အဲဒီခွေမှာလည်း တောင်းပန်တယ်၊ အရာရာမင်း ဆိုတဲ့ သီချင်းတွေက လူငယ်တွေ အကြား ရေပန်းစားခဲ့ ပြန်ပါတယ်။ ဖော်ကာ (Wanted)၊ ရေမွန် (Idiots)၊ ခန့်ဖြိုးတို့နဲ့ ထွက်ခဲ့တဲ့ “အေးဆေးပါ” ၄ ယောက်တွဲခွေမှာလည်း အောင်လရဲ့ မမေ့ပါနဲ့၊ ပြန်မိုက်မဲပြီး စတဲ့ သီချင်းတွေက ပေါက်ခဲ့ပြန်ပါတယ်။

အောင်လက တေးသံရှင်တဦး ဖြစ်သလို သရုပ်ဆောင် အဖြစ်လည်း ဇာတ်ကားတွေ၊ ကြော်ငြာတွေမှာ တွေ့နေရပါတယ်။ အကယ်ဒမီ လူမင်းရိုက်ထားတဲ့ “ဘောင်” ဇာတ်ကားမှာ သရုပ်ဆောင် အဆိုတော် နန်းစုဦးနဲ့ တွဲဖက် သရုပ်ဆောင် ခဲ့ပါသေးတယ်။

ဧရာဝတီသတင်းထောက် နဒီထိုက်နှင့် မြတ်သူအောင် ပူးပေါင်းရေးသားသည်။

Loading