ဆေးခြောက် တကျပ်သား လက်ဝယ် တွေ့ရှိမှုနဲ့ ဒီနေ့ပဲ အမှုဖွင့်အရေးယူ ခံထားရတဲ့ သရုပ်ဆောင် ရဲတိုက်ကို စင်တင်ပေးခဲ့သူလို့ ဆိုနိုင်တဲ့ ဆာတိုရီ ရုပ်ရှင် ထုတ်လုပ်ရေးက ရဲတိုက်နဲ့ ဆက်ပြီး လက်တွဲသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာ ရဲတိုက်ဟာ ဆာတိုရီ ထုတ်လုပ်ရေးနဲ့ ရိုက်လက်စ ဗီဒီယို တကား ကျန်ရှိနေသေးတယ်လို့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက ကိုမျိုးဇော်က ဧရာဝတီကို ပြောပါတယ်။
“လက်ရှိတော့ ရဲတိုက်နဲ့ ရိုက်လက်စ တကား ကျန်နေပါတယ်။ စာချုပ်ကတော့ အရင် စချုပ်ကတည်းက ဘယ်နှနှစ် ဘယ်နှကား ဆိုပြီး မချုပ်ခဲ့ပါဘူး။ သူက တခြားတိုက်တွေနဲ့လည်း ရိုက်လို့ရပါတယ်။ လွတ်လွတ်လပ်လပ် ချုပ်ခဲ့တာပါ။ သူနဲ့ လက်တွဲခဲ့တာ ၂၀၀၆ ခုနှစ် ကတည်းက စခဲ့တာပါ။ ဆက်လက်မတွဲတော့ဘူး ဆိုတာလည်း မဟုတ်ပါဘူး။ လက်ရှိကတော့ တကား ကျန်နေပါတယ်” လို့ ကိုမျိုးဇော်က ဆက်ပြောပါတယ်။
သရုပ်ဆောင်ရဲတိုက်ကို ဆေးခြောက် တကျပ်သား လက်ဝယ်တွေ့ရှိမှုနဲ့ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု ပုဒ်မ ၁၅/ ၁၆ (ဂ)၊ မူးယစ်ပုဒ်မ (ပ နံပါတ်) ၄/ ၂၀၁၃ နဲ့ အမှုဖွင့် အရေးယူထားပြီး ပဲခူးတိုင်း တရားရုံးကို ဆက်လက် တင်ပြ ထားတယ်လို့ သိရပါတယ်။
“ကျနော်တို့ အမှုဖွင့် အရေးယူထားပြီး ပဲခူးတိုင်း တရားရုံးကို ဆက်လက် တင်ပြထားပါတယ်” လို့ ကျောက်တံခါး ရဲစခန်းက တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။
ဇူလိုင် ၄ ရက်နေ့ မနက် ၃ နာရီအချိန်လောက်က သရုပ်ဆောင်ရဲတိုက်ကို ကျောက်တံခါးမြို့ ဒဂုန်မန်းလမ်း လက်ချမီး လက်ဖက်ရည်ဆိုင်မှာ မသင်္ကာဖွယ် တွေ့ရှိကြောင်း၊ ကျောက်တံခါး ရဲတပ်ဖွဲ့(လှည့်ကင်းအဖွဲ့) ကို ပြည်သူတဦးက သတင်းပေးခဲ့တာကြောင့် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
“ကျနော်တို့ လှည့်ကင်းအဖွဲ့က ရဲအုပ်တဦးနဲ့ သက်သေတွေက သွားရောက်ရှာဖွေ စစ်ဆေးတဲ့ အခါမှာ ကိုရဲတိုက်ရဲ့ ကျောပိုးအိတ် ထဲမှာ မူးယစ်ဆေးဝါး ဆေးခြောက် တကျပ်သားကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိပါတယ်” လို့ ကျောက်တံခါး ရဲစခန်းက အတည်ပြု ပြောကြားပါတယ်။
ရဲတိုက်ဟာ ကျောက်တံခါးမြို့ကို အဖော်မပါတဦးတည်း ရောက်ရှိလာပုံရပြီး အနီရောင် ဆိုင်ကယ်တစီးကို ကိုယ်တိုင် မောင်းနှင်လာတယ်လို့ ကျောက်တံခါး ရဲစခန်းရဲ့ အဆိုအရ သိရပါတယ်။
“မူးယစ်ဆေးဝါး ပုဒ်မက ထောင်ဒဏ်အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်အထိ ကျနိုင်ပါတယ်။ ၁၆ (ဂ) လက်ဝယ်တွေ့ရှိမှုကတော့ ထောင်ဒဏ် များပါတယ်။ ဒါကတော့ တရားသူကြီးရဲ့ အဆုံးအဖြတ်နဲ့ စီရင်ချက်ချမှာပါ။ ကျနော်တို့ကတော့ စီရင်ပိုင်ခွင့် မရှိဘူး။ တရားစွဲပြီးတော့ တရားရုံးကို တင်ပေးလိုက်မှာပါ” လို့ ကျောက်တံခါး တရားရုံးက တာဝန်ရှိသူ တဦးက ဖြေပါတယ်။
တရားရုံးကတော့ သူ့ကို တွေ့ရှိခဲ့တဲ့ ဒေသအရ ပဲခူးတိုင်း ကျောက်တံတား တရားရုံးမှာ စတင် စစ်ဆေးမှာ ဖြစ်ကြောင်း သိရပါတယ်။
ရဲတိုက် အမှုနဲ့ ပတ်သက်ပြီး သူ့ကို ဆာတိုရီရုပ်ရှင်နဲ့ ဗီဒီယို ရိုက်ကူးထုတ်လုပ် ဖြန့်ချိရေး ကလည်း စိတ်မကောင်း ဖြစ်နေကြပါတယ်။
“သူက လက်ဝယ်တွေ့ရှိတာပဲ ရှိသေးတယ်။ သုံးမသုံး မသိတော့ သူ့ကို မတရားပြောမိသလို ဖြစ်မှာလည်း စိုးပါတယ်။ ဒါပေမယ့် အနုပညာ သမားတယောက် မူးယစ်ဆေးကြောင့် ဒီလိုဖြစ်ရတာတော့ ဝမ်းနည်းမိပါတယ်။ ရဲတိုက်လို တော်တဲ့ အနုပညာ သမားတဦး အနေနဲ့ရော ကျနော်တို့ရဲ့ မင်းသားတဦး အနေနဲ့ပါ စိတ်မကောင်း အရမ်းဖြစ်ရပါတယ်” လို့ ကိုမျိုးဇော်က ဧရာဝတီကို ပြောပါတယ်။
ရဲတိုက်ရဲ့ ဖခင်ဖြစ်သူကတော့ ပဲခူးတိုင်းကို ရဲတိုက် အမှုကိစ္စနဲ့ သွားနေရပြီး သူ့ကိစ္စနဲ့ ပတ်သက်လို့ ရှုပ်ထွေးနေတာကြောင့် ဖုန်း လက်ခံစကား ပြောနိုင်ခြင်း မရှိပါဘူး။ ရဲတိုက်ရဲ့ လက်ကိုင်ဖုန်းကလည်း ပိတ်ထားတဲ့အတွက် ရဲတိုက်ဘက်က သတင်းတွေကို ဖော်ပြနိုင်ခြင်း မရှိပါဘူး။
အနုပညာသမား ဘုန်းသျှံဟာလည်း ဆေးပြားတွေ လက်ဝယ်ဖမ်းဆီးရမိ ထားတာ မကြာသေးဘူးလို့ အနုပညာ အသိုင်းအဝန်းက သိရပါတယ်။
ရိုက်ကွင်းမန်နေဂျာ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာတဦးက “အနုပညာသမားတွေ ဒီလိုဖြစ်တာ စိတ်မကောင်းဘူး။ ဒါပေမယ့် တခုတော့ရှိတယ်၊ ဒီလို ဖမ်းဆီး ပြလိုက်တော့လည်း ကျန်တဲ့ အနုပညာသမားတွေပါ သင်ခန်းစာ ရနိုင်တယ်။ အနုပညာ လောကမှာ ဒီလိုတွေ မမြင်မကြားချင် တော့ဘူးဗျာ” လို့ ဧရာဝတီကို ပြောပါတယ်။
သရုပ်ဆောင်ရဲတိုက်ဟာ မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း ရန်ကုန်က စိန့်မေရီ ကသီဒြယ် ဘုရားကျောင်း ဝန်းအတွင်း တကိုယ်တော် ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး လောလောလတ်လတ် အမှုရင်ဆိုင်ထားရပါတယ်။
ရဲတိုက်ဟာ လူမှုရေးလုပ်ငန်းတွေ အားတက်သရော လုပ်ကိုင်ခဲ့သူဖြစ်ပြီး ရဲတိုက်ဖောင်ဒေးရှင်းကို ထူထောင်ပြီး သဘာဝဘေးဒဏ် ခံရတဲ့ ဒုက္ခသည်တွေကို လှူဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။