မြန်မာ့ ရုပ်သေးပညာ တိမ်မြုပ် ပျောက်ကွယ်တော့မှာလား ဆိုတဲ့ မေးခွန်းတွေ ထုတ်နေကြချိန်မှာ ဧရာဝတီကနေပြီး ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က ဦးခင်မောင်ထွေးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
လက်ရှိ အမျိုးသားပြတိုက်မှာ ရုပ်သေးရုပ်တွေကို လေ့လာနိုင်သလို၊ အမျိုးသား ယဉ်ကျေးမှု အနုပညာ တက္ကသိုလ်မှာလည်း သဘင်ပညာရပ်တွေ အနက် ရုပ်သေးပညာ ဘာသာရပ်ကို အထူးပြု သင်ကြားသူတွေအတွက် B.A Drammatic Art (Mario nette specialize) ဆိုတဲ့ဘွဲ့ကို ရရှိနိုင်ကြတယ်လို့ သိရပါတယ်။ လက်ရှိမှာ မြန်မာ့ ဆိုကရေးတီး ပြိုင်ပွဲတွေမှာလည်း ရုပ်သေး ပြိုင်ပွဲကို ထည့်သွင်း ထားပါတယ်။ ရုပ်သေးပညာရှင်တွေ အနေနဲ့ နှစ် ၂၀ သက်တမ်းရှိ ဒေါ်မမနိုင် ရုပ်သေးအဖွဲ့၊ ၁၀ နှစ် သက်တမ်းရှိ ဦးရဲထွေး (ဒဂုံအောင်) ရုပ်သေးအဖွဲ့ စသဖြင့် ရှိကြသလို၊ အမျိုးသား ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းဆင်း ရုပ်သေး ပညာသည်များလည်း ရှိကြပါတယ်။
မြန်မာ့ ရုပ်သေးဟာ လုံးဝ ပျောက်ကွယ် မသွားပေမယ့် ဆက်လက် မထိမ်းသိမ်းရင် ပျောက်ကွယ်တော့မယ့် အခြေအနေ ရှိလာနိုင်တယ်လို့ ပြောလာသူက ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က ဦးခင်မောင်ထွေး ဖြစ်ပါတယ်။ မြန်မာ့ရုပ်သေး ပညာရှင်များစွာ ရှိတဲ့အနက် ဦးခင်မောင်ထွေး၊ ဒေါ်တင်တင်ဦးတို့ တည်ထောင် ထားတဲ့ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ဟာ နိုင်ငံတကာ ရုပ်သေးဖျော်ဖြေပွဲတွေမှာ တက်ရောက်ဖျော်ဖြေ ခဲ့ကြပြီး မြန်မာ့ ရုပ်သေးကို နိုင်ငံတကာကို ချပြနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်လောက်ကစပြီး မြန်မာ့ ရုပ်သေးနဲ့ ပတ်သက်လို့ ကမ္ဘာမှာ မြန်မာလို့ ဟစ်ကြွေးနိုင်အောင် ကြိုးစားနေပါတယ်လို့ ဆိုတဲ့ ဦးခင်မောင်ထွေးရဲ့ ရုပ်သေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ အတွေ့အကြုံတွေကို ဧရာဝတီကနေတဆင့် ပြန်လည်ဝေမျှလိုက်ပါတယ်။
မေး။ ။ ထွေးဦးမြန်မာ အဖွဲ့ သွားဖျော်ဖြေဖို့ရှိတဲ့ ပြည်ပ ခရီးစဉ်တွေကို သိချင်ပါတယ်။
ဖြေ။ ။ ဇူလိုင်လကုန်ကျရင် အင်ဒိုနီးရှားမှာ ပွဲတော်တခု လုပ်မယ်။ အဲဒီပွဲတော်မှာ ဘရူနိုင်းလည်း ပါတယ်ပြောတယ်။ အခုမှ ဘရူနိုင်း ရုပ်သေး ဘယ်လို ဆိုတာသိရမယ် ။ ဘရူနိုင်း ရုပ်သေးကို ကိုယ်တွေ့ မကြည့်ဖူးသေးဘူး။ ရုပ်သေးမှာကလည်း ၂ မျိုး ရှိတယ်။ ရိုးရာအတိုင်း ကပြရတဲ့ ရုပ်သေးရှိသလို၊ အခုကျမှ ရုပ်သေးကို ဟိုနိုင်ငံကလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒီနိုင်ငံကလည်း ဖြစ်ချင်ဖြစ်မယ်၊ အရိပ် (သို့မဟုတ်) တုတ်ထိုး ဖြစ်ချင်ဖြစ်မယ်၊ တနည်းနည်းနဲ့ တီထွင်ပြီး အခုမှ လူငယ်တွေက စကပြတဲ့ နိုင်ငံတွေလည်း ရှိတယ်။ မိဘဘိုးဘွား ရှိခဲ့လို့ ရုပ်သေးကတဲ့ နိုင်ငံနဲ့ အခုမှ တီထွင်ကတဲ့ နိုင်ငံလည်းရှိတော့ ဘရူနိုင်းက ဘယ်လိုပုံစံလာမလဲဆိုတာ တွေ့တော့မှ သိရမယ်။ အဲဒီ ပွဲတော်က ၄ နိုင်ငံပဲဖိတ်မှာ။ အင်ဒိုနီးရှားမှာ လုပ်မှာ။ မြန်မာပြည် ကိုယ်စားပြု သွားရမှာပေါ့။ ဇူလိုင်မှာ တပွဲပေါ့။ သူတို့ အကုန်အကျခံ ခေါ်တယ်။ အနုပညာကြေးလည်း ပေးတယ်။
၉ လပိုင်းမှာလည်း အင်ဒိုနီးရှားမှာ ရုပ်သေးပွဲတခု တက်ရမယ်။ ၉ လပိုင်း ပွဲကျတော့ လမ်းစရိတ် မပေးဘူး။ အဲဒါကျတော့ နိုင်ငံပေါင်း တော်တော်များများ ပါမယ်။ အာရှအပြင် ကမ္ဘာက ရုပ်သေးတွေလည်း ဖိတ်မယ်။ ပြောပုံအရ အင်ဒို သမ္မတတောင် တက်မယ်။ ဖွင့်ပွဲမှာ နိုင်ငံတိုင်းက ၅ မိနစ်စာ ဖျော်ဖြေကြရမယ်။ အဲဒါက အဖွဲ့ပေါင်း ၄၀၊ ၅၀ ရှိတာ။ တချို့နိုင်ငံဆို အဖွဲ့လည်း များတယ်။ ပြင်သစ်မှာ လုပ်ခဲ့တဲ့ ကမ္ဘာ့ရုပ်သေးပွဲ ပြီးရင် ဒါက အကြီးဆုံး တခု ဖြစ်မယ်။
မေး။ ။ ပြင်သစ်မှာ လုပ်ခဲ့တဲ့ အကြီးကျယ်ဆုံးဆိုတဲ့ ပွဲက အတွေ့အကြုံလေး ပြောပြပါဦး။
ဖြေ။ ။ ပြင်သစ်မှာ လုပ်တာက ဟိုတုန်းက ၁၉၆၁ ခုနှစ်က စပြီး ကမ္ဘာ့ရုပ်သေးပွဲ ဆိုတာ စကျင်းပတယ်။ ကမ္ဘာမှာက ကမ္ဘာ့ရုပ်သေးအဖွဲ့ချုပ် ဆိုတာရှိတယ်။ အဲဒီအဖွဲ့က ရုပ်သေးရှိတဲ့ နိုင်ငံ ၈၅ နိုင်ငံနဲ့ ဖွဲ့ထားတယ်။ ၁၉၆၁ က စဖွဲ့တာ။ ၃ နှစ် တကြိမ် ပွဲတော်လုပ်တယ်။ ၂၀၁၁ တုန်းက စတက်ခဲ့တယ်။ အဲဒါက နှစ် ၅၀ မြောက်၊ အကြိမ်အားဖြင့်ဆို ၁၆ ကြိမ်မြောက်ပေါ့။ အဲဒီ အချိန်ကစပြီး ၂ နှစ်တခါ ဖြစ်သွားတယ်။ သူတို့က လမ်းစရိတ်မပေးဘူး ကိုယ့်စရိတ်နဲ့ကိုယ် လာရတယ်။
မေး။ ။ ကမ္ဘာ့ရုပ်သေး အဖွဲ့ချုပ်မှာ မြန်မာနိုင်ငံက ဝင်မထားရသေးဘူးနော်၊ ဘာတွေများ လိုအပ်နေသေးလို့လဲ။
ဖြေ။ ။ မြန်မာနိုင်ငံက အဲဒီအဖွဲ့ မဝင်ထားရသေးဘူး။ ဝင်ဖို့အတွက်က တိုင်းပြည်ကိုယ်စားပြု ဖွဲ့ရမယ်။ တနိုင်ငံလုံးက ပညာရှင်တွေဖွဲ့ပြီး ရုပ်သေးပညာရှင်များ အဖွဲ့ဆိုပြီးတော့ နိုင်ငံကိုယ်စားပြု အဖွဲ့ကို ထူထောင်ရမယ်။ တနိုင်ငံလုံးမှာ ရှိတဲ့ ရုပ်သေးပညာရှင် အကုန်ပါရမယ်။ ဒီလို နိုင်ငံကိုယ်စားပြု ဖြစ်မှဝင်ရမယ်။ ဒီမှာက အဲဒီလောက် မဖြစ်သေးဘူး။ အဲဒီလို ဝင်လို့မရတော့ ကိုယ့်စားရိတ်နဲ့ကိုယ် လာရတယ်။ ဝင်လိုက်ရင် အဖွဲ့အစည်းနဲ့ ပတ်သတ်ပြီး ရန်ပုံငွေ သော်လည်းကောင်း၊ တခုခုရပြီး လာလို့ရတာပေါ့။ သူများနိုင်ငံတွေက အဲဒီလို လာကြတာ။ ကျန်တဲ့ ဝင်ထားတဲ့ နိုင်ငံတွေက သူ့အစိုးရ ထောက်ပံ့တာ ရှိတယ်။ ရန်ပုံငွေနဲ့ လာတာရှိတယ်။ ဒီတော့ ဦးတို့က ကိုယ့်စရိတ်နဲ့ကိုယ် သွားတာ ၂ ပွဲရှိပြီ။ ၂၀၁၁ ပွဲရယ်၊ ၂၀၁၂ စင်ကာပူမှာ လုပ်တဲ့ပွဲရယ် ၂ ပွဲ ကိုယ့်စရိတ်နဲ့ကိုယ် သွားခဲ့တယ်။
မေး။ ။ ရုပ်သေး အဖွဲ့ချုပ်ထဲ မြန်မာနိုင်ငံ ဝင်ရောက်ဖို့ မြန်မာနိုင်ငံ သဘင် အစည်းအရုံးကနေ အလွှာခွဲတခု အနေနဲ့ရော မဖြစ်နိုင်ဘူးလား။
ဖြေ။ ။ အခုက နိုင်ငံတကာမှာတော့ မြန်မာ့ရုပ်သေးကို သိအောင်လုပ်နိုင်ခဲ့ပြီ။ တခုပဲ လုပ်ဖို့လိုမယ်။ ကမ္ဘာ့အဖွဲ့ချုပ်မှာ ဝင်ဖို့အတွက် လိုတယ်။ အဲဒီအတွက်က နိုင်ငံတွင်းမှာ ရုပ်သေးပညာရှင်တွေ ပါတဲ့ အဖွဲ့ရှိဖို့လိုတယ်။ ဒါပေမယ့် အဲဒါမှာ ပြဿနာ ဖြစ်နေတယ်။ ရုပ်သေးကို သဘင်အစည်းအရုံး အောက်မှာ ထားကြတယ်။ သဘင်က ရုပ်ရှင်၊ ဂီတနဲ့ မတူဘူး။ ရုပ်ရှင်၊ဂီတမှာက လူငယ်လည်း လူငယ်၊ တကယ် လုပ်တဲ့လူ လက်ထဲရောက်သွားတာ။ သဘင်ကကျတော့ ပြန်ဖွဲ့စည်းဖို့ကို တော်တော်နဲ့ မဖြစ်ဘူး။ ပြန်ပြီး ဖွဲ့စည်းပြန်တော့လည်း တကယ်လုပ်မယ့်သူ လက်ထဲ မရောက်ဘူး။ ဦးမိုးဝင်းကဟန်ပြပါ။ ဥက္ကဋ္ဌ နေရာရတာက ပွင့်ပွင့်လင်းလင်း ပြောရရင် ဆို၊ က၊ ရေး၊ တီး မှာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို တာဝန်ယူတဲ့ လူတွေဆိုတော့ အစိုးရနဲ့ အဆင်ပြေတဲ့လူ၊ အစိုးရကြိုက်တဲ့လူတွေပဲ ဖြစ်နေတာ။ ရုပ်ရှင်၊ ဂီတ၊ သဘင်ဆိုတာက NGO ဖြစ်ရမယ်။ အရင် အစိုးရတုန်းက အဲဒီလို NGOဖွဲ့ခွင့် မပေးဘူး။ အစိုးရက သူတို့လူတွေနဲ့ ဖွဲ့ခွင့်ပေးထားတဲ့ သဘော။ ပြန်ဖွဲ့စည်းတော့ ကိုမိုးဝင်းတို့၊ ကိုမိုးမင်း၊ ကိုချမ်းသာ၊ ကိုသိန်းဇော်တို့က ဥက္ကဋ္ဌ လုပ်ရမယ်၊ အတွင်းရေးမှူးဆို လူငယ်တွေ လုပ်ရမယ်။ ဥပမာ ဖိုးချစ်တို့၊ တင်မောင်ဆန်းမင်းဝင်းတို့ ဂီတလိုပေါ့ လုပ်ကြရမှာ။ ဒါမှပီပြင်မှာ ဒါက ဦးပုဂ္ဂလိက အမြင်ပေါ့။ ပြန်ဖွဲ့တော့ မကွေးက ဦးမြကြည်လား မသိဘူး၊ သူက မင်းသားမဟုတ်ဘူး၊ ဇာတ်ပိုင်ရှင်လား မသိဘူး ဖြစ်သွားတာ။ အရင်က ဥက္ကဋ္ဌဆို ဇာတ်သဘင်က လူထားတယ်။ ဒု ဥက္ကဋ္ဌဆို အလွှာစုံပေါ့။ ဆိုင်းဘက်က၊ ရုပ်သေးဘက်က အဲဒီလို ထားကြတယ်။ ၅ ယောက်ထားတယ်။ အခုက ဥက္ကဋ္ဌကော၊ ဒု ဥက္ကဋ္ဌကော ဇာတ်သမား မဟုတ်ဘူး။ အတွင်းရေးမှူး နေရာကိုတော့ ဦးမိုးဝင်းကို ထည့်ထားတယ်။ သိသလောက်က အဲဒီနေရာကို ဘယ်သူမှ မလုပ်ချင်လို့ ယူလိုက်ရတာ။ အဲဒီလို မထည့်ရင်လည်း ဒီအဖွဲ့က ဘယ်လိုမှ စည်းမျဉ်းမကိုက်တဲ့ အဖွဲ့ဖြစ်မှာ။ အခုက ဥက္ကဋ္ဌနေရာက အစိုးရရဲ့ Appointedလို လူတွေရောက်နေတယ်။ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ပလဲနံပ သင့်တဲ့သူတွေ။ တကယ်ဆိုရင် အခု သဘင်အစည်းအရုံးက လုံးဝ NGO မစစ်တော့ဘူးလို့ ပြောလို့ရတယ်။ တကယ် သဘင်သားတွေ လုပ်ဖို့အတွက် ခေါင်းဆောင်တာ မဟုတ်ဘူး။ အခု ရုပ်သေးအဖွဲ့အစည်း ဖွဲ့မယ်ဆိုရင် အရင်ကတည်းက ဦးရဲဒွေးက ရုပ်သေး ထောင်ခဲ့တဲ့သူ ဆိုတော့ သူ့ကို ရုပ်သေးနဲ့ ပတ်သတ်ပြီး ကိုယ်စားလှယ်တဦး အနေနဲ့ သတ်မှတ်ထားတာ၊ သူ့ကိုတော့ ပြောထားတယ်။ သဘင်အစည်းအရုံး အောက်မှာ ရုပ်သေးကို အလွှာလေးတခု အနေနဲ့ ဖွဲ့ခွင့်ပေးဖို့ ပြောထားပေမယ့် သဘောမတူဘူး။
မေး။ ။ ရုပ်သေးကို သပ်သပ် အဖွဲ့အစည်းတခုအနေနဲ့ရော ဖွဲ့ပြီး ဆက်လုပ်လို့ မရနိုင်ဘူးလား။
ဖြေ။ ။ သတ်သတ်အပြင်မှာ အသင်းအဖွဲ့ လုပ်ဖို့မှာကလည်း သင်းဖွဲ့ စည်းမျဉ်းတခုနဲ့ သွားငြိတယ်။ မှတ်ပုံမတင်လို့ မရဘူး။ သဘင်အစည်းအရုံးက အဲဒီလိုလည်း မလုပ်စေချင်ဘူး။ ရုပ်သေး ဖောင်ဒေးရှင်းလိုမျိုး ထောင်ဖို့ စဉ်းစား ပြန်တော့လည်း ငွေအင်အားလည်း မရှိဘူး၊ လူအင်အားလည်း မရှိဘူး။ ဖောင်ဒေးရှင်းကို ဝင်ဖို့ Organize လုပ်ရမယ်။ ဒီမှာ ပါစင်နယ်အရ ဝင်ချင်မှ ဝင်ကြမယ်။ ဦးက ရုပ်သေး လောကမှာ အသက်အားဖြင့်လည်း ငယ်တယ်၊ ဝါအားဖြင့်လည်းငယ်တယ်။ ဒီအလုပ် စလုပ်တော့ ၄၀ ကျော်ပဲ ရှိသေးတယ်။ ဝါအားဖြင့်တွက်လည်း ၇ နှစ်လောက်ပဲ ရှိသေးတယ်။ ဦးက အရင်က နှစ် ၂၀ လောက် သင်္ဘောလိုက်ခဲ့တဲ့လူ၊ ဝါသနာပါလို့ ဒီအလုပ် ပြောင်းလုပ်ခဲ့တာ။ ဒါပေမယ့် စလုပ်လုပ်တဲ့ နှစ်မှာပဲ တော်တော် ငွေကုန်ခဲ့တယ်။ စုဆောင်းထားတဲ့ ကားတွေအကုန် ကုန်တာ။ ဝင်ငွေ မရှိခဲ့ဘူး။ ဝင်ငွေက မရှိတာ မဟုတ်ဘူး၊ နည်းတာ။ အရင်က ဗိုလ်တထောင်မှာ အခန်းငှားပြီး လုပ်လာခဲ့တာ။ နောက် ကိုယ့်ဆီမှာရှိတဲ့ အဖွဲ့ဝင်တွေကို ပွဲရှိမှမဟုတ်ဘဲ လစာကို ပေးထားတာ။ ဒီတော့ အခန်းခရယ်၊ ဝန်ထမ်းလစာရယ်၊ ကုန်တာ ဆယ်ဂဏန်း ကုန်ရင် ပြန်ရတာ ခု ဂဏန်းလောက်ပဲ ပြန်ရတယ်။ နောက်ဆုံးမှာ အိမ်ရောင်းဖို့လုပ်တယ်၊ မရောင်းကြဖို့ တားလို့ မရောင်းဖြစ်ဘဲ ငွေချေးလုပ်တယ်။ အခုထိ အကြွေးက မကျေသေးပါဘူး။ နောက်ပိုင်း နေရာမငှား နိုင်တော့လို့ ကန်တော်မင်ထဲမှာ သွားပြတာတွေ လုပ်ခဲ့ရဖူးတယ်။
ဦးကို နိုင်ငံတော်ပိုင်း ယဉ်ကျေးမှု ဦးစီးဌာနကလည်း အသိအမှတ် မပြုဘူး၊ တန်ဖိုးလည်းမထားဘူး။ မထားတဲ့အပြင် နိုင်ငံခြားက ခဏခဏ ဖိတ်တဲ့အပေါ်မှာလည်း မကျေလည်ဘူး။ ဦးတို့က ပြည်ပမှာ ပိုအောင်မြင်တယ်။ ဒါက နိုင်ငံတော်ပိုင်းကပေါ့။ အတူတူ လုပ်တဲ့အဖွဲ့အစည်းချင်းက ကျတော့လည်း စစချင်း ပြည်ပတွေ သွားတဲ့အခါ ဦးရဲဒွေးတို့ဆိုရင် ပထမပိုင်း နိုင်ငံခြားသွားရင် ဦးက ခေါ်ခေါ်သွားတယ်။ ၂ ခေါက် ခေါ်ဖူးတယ်။ ကိုယ့်ကို လက်တွဲမလား၊ ပံ့ပိုးမလား ဆိုပြီး ခေါ်သွားတာ။ နောက်ပိုင်းကျတော့ လက်တွဲ ပံ့ပိုးဖို့ထက် မကျေလည်တာတွေ ဖြစ်လာတယ်။ သူတို့မှာက ဒီလိုမျိုး အဆက်အသွယ် မရှိဘူး။ ဦးခေါ်လို့ လိုက်ရတယ်၊ သွားတိုင်းလည်း လိုက်ချင်တယ်။ နောက်ပိုင်း ကျတော့ ဦးလည်း မခေါ်နိုင်တော့ဘူး။ ဂုဏ်ပြု ပုဂ္ဂိုလ် အနေနဲ့ ခေါ်သွားရတာ။ ၆ ယောက် ခေါ်တာမှာ ၁ ယောက်ခေါ်တာ ပြဿနာမရှိပေမယ့် ၅ ယောက်မှာဆို မခေါ်နိုင်တော့ဘူး။ ဦး အမျိုးသမီးတောင် ပထမကဆို မခေါ်သွားနိုင်ဘူး။ အဲဒီလို မခေါ်လို့ မကျေနပ်ဘူးလို့လည်း ကြားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မနာလိုလာတာတွေ ရှိတယ်၊ အပုပ်ချ ဖို့ထိတောင် ကြိုးစားလာ ကြတယ်။ ဒီတော့ သက်သက် အသင်းဖွဲ့ဖို့ ရာမှာလည်း မဖြစ်နိုင်သေးဘူး။ ဦးတို့က မြန်မာ့ရုပ်သေး ပျောက်ပျက်မသွားဖို့ လက်ဆင့်ကမ်းနိုင်ဖို့ကိုပဲ အားထုတ် နေကြတာပါ။
မေး။ ။ ရုပ်သေးနဲ့ ပတ်သက်ပြီး ၂၀၁၀ လောက်ကတည်းက ထွေးဦးမြန်မာ အဖွဲ့အနေနဲ့ ပြည်ပ ခရီးစဉ်က တော်တော် သွားခဲ့ရတယ်လို့ သိရပါတယ်။ သွားခဲ့တဲ့ ခရီးစဉ်တွေနဲ့ အတွေ့အကြုံတွေ ပြောပြပါဦး။
ဖြေ။ ။ ပြည်ပခရီးစဉ်ဆို ဦးလေးတို့ ၂၀၁၂ နှစ်ကုန်ပိုင်းမှာ ပိုများလာတယ်။ ၂ လကြား တခါသွားရတယ်။ မနှစ်က ဇူလိုင်မှာ ယူအေအီး (ဒူဘိုင်း) ရုပ်သေးပွဲ စလုပ်တယ်ပေါ့။ သူတို့ဆီမှာက ကိုယ်ပိုင်ရုပ်သေး မရှိဘူး။ ဒါပေမယ့် သူတို့အာရပ် ပြည်သူ တွေကို နိုင်ငံတကာ ရုပ်သေးခေါ်ပြတာ မနှစ်က ဇူလိုင်မှာ ပထမဆုံးရုပ်သေးပွဲ စလုပ်တယ်။ ၆ နိုင်ငံ ပါတယ်။ ဦးတို့က အာရှတိုက် တခုလုံးမှာဆို မြန်မာနိုင်ငံ ရုပ်သေးကိုပဲ ဖိတ်တယ်။ အီဂျစ်၊ အီတလီ၊ ပိုလန်၊ အမေရိကား၊ သြစတြေးလျ ဖိတ်တယ်။ ဥရောပက ၄ နိုင်ငံ၊ အာရှကဆို ဦးတို့ ၁ နိုင်ငံဖိတ်တယ်။ အာရှကိုယ်စားပြုလို့ ပြောလို့ရတယ်။ ဘာကြောင့်ဆို အာဆီယံ ၁၀ နိုင်ငံမှာ ၉ နိုင်ငံ၊ ဘရူနိုင်းနိုင်ငံမှာက မရှိဘူးထင်တယ်။ ဘာလို့လည်းဆို အာဆီယံ ပွဲတော်တွေ တက်ရင် ဘရူနိုင်းနဲ့က မဆုံခဲ့ရဘူး။ ကျန်တဲ့နိုင်ငံတွေတော့ ဆုံတယ်။ ဘရူနိုင်းပဲ ရုပ်သေးမရှိဘူး ထင်တယ်။ ဒီဇူလိုင်လကုန်တော့ အင်ဒိုနီးရှားပွဲမှာ ဘရူနိုင်း တက်မယ်ဆိုတော့ သူတို့ ရုပ်သေးကို လေ့လာရတာပေါ့။
မေး။ ။အဖွဲ့ဝင် ဘယ်နှယောက် သွားကြမှာပါလဲ။
ဖြေ။ ။ ဦးတို့သွားတာမှာ ဂီတသမားတော့ မပါခဲ့ဘူး။ အဲဒါက Part time သဘောမျိုး၊ ပွဲကြည့်ချင်တဲ့ သူက တီးဝိုင်းပါ ကြည့်ချင်တယ်ဆိုရင် ခေါ်တယ်။ အဖွဲ့တော့ရှိတယ်။ အမြဲတမ်း အဖွဲ့လို့တော့ သတ်မှတ်မထားဘူး။ ဆိုင်းအဖွဲ့ပါ ဖိတ်ရင် ဈေးတအားကြီးတယ်လေ။ လက်ရှိအဖွဲ့ကတော့ ၆ ယောက်ပေါ့။ ဒီမှာ ဦးထွေးက ဒါရိုက်တာ၊ ဦးထွေးမိန်းမ၊ နောက် ရုပ်သေးပညာရှင် ၄ယောက်ပေါ့။ အမျိုးသမီးလည်း ရုပ်သေးဆွဲတတ်နေပြီ ဆိုတော့ မန်နေဂျာလည်းလုပ်၊ ကြိုးလည်း ဝင်ဆွဲပေါ့။ ဥရောပ သွားရင်တော့ ၆ ယောက်သွားတယ်။ ၅ ယောက်ဖိတ်တာလည်း ရှိတယ်။ အခုအင်ဒိုနီးရှားက ၄ ယောက်ပဲ ဖိတ်မယ် ပြောတယ်။ ၄ ယောက်နဲ့ ဘယ်လိုမှ မြန်မာ့ရုပ်သေး ပီပီပြင်ပြင် ကပြဖို့ အဆင်မပြေဘူး။ ၅ ယောက် ဖိတ်ပါလို့ တောင်းထားတယ်။ ၂၀၁၁ မှာ ပြင်သစ်ရုပ်သေးပွဲ တက်ရင်းနဲ့ ဂျာမနီ၊ နယ်သာလန်၊ သြစတေးလျ ၃ နိုင်ငံ ပတ်ခဲ့တော့ မြို့ပေါင်း ၁၂ မြို့ စုစုပေါင်း ၁ လ ၅ ရက် ကြာသွားခဲ့တယ်။ ၂၀၁၂ မှာ နိုင်ငံကိုယ်စားပြု မဟုတ်ပေမယ့် နိုင်ငံကိုယ်စား ယူအေအီး သွားခဲ့တယ်။ ၂၀၀၈ တုန်းကလည်း သွားခဲ့တယ်။ ပွဲတော်က သိပ်မကြီးကျယ်တော့ သိပ်မသိလိုက်ဘူး။ အဲဒါပြီးတော့ စင်ကာပူ အာဆီယံသွားတက်ကြတယ်။ အဲဒီမှာ ဆိုင်းအဖွဲ့ပါ ခေါ်သွားတယ်။ မန္တလေးက ဦးစိန်မွတ်တား ဆိုင်းကို ခေါ်သွားခဲ့တယ်။ သူကလည်း သူ့အဖွဲ့စရိတ် သူခံ၊ ကိုယ်လည်း ကိုယ့်အဖွဲ့ကို စရိတ်ခံ သွားကခဲ့တယ်။ အဲဒီမှာ အင်အား အတောင့်ဆုံးနဲ့ အမြိုင်ဆိုင်ဆုံး ဖြစ်ခဲ့တယ်။ ရုပ်သေးက ၇ ယောက်၊ ဆိုင်းကောဘာကော၊ အဆိုကောဆိုတော့၊ ၁၅ ယောက်လောက် သွားကပြခဲ့တာပေါ့။ အကုန်ကြိုက်ကြတယ်။ ဆိုင်းကလည်း မြိုင်တော့ တော်တော် အားပေးကြတယ်။ အောင်မြင်မှုတခု ရခဲ့တယ်။ မြန်မာဆိုတာ ကောင်းကောင်း သိသွားတယ်။

မေး။ ။ ၂၀၁၁ မှာလည်း မြန်မာ အစိုးရက လွှတ်လို့ ဗီယက်နမ်ကို ထွေးဦးအဖွဲ့ သွားခဲ့ရသေးတယ်နော်။
ဖြေ။ ။ နိုင်ငံတော်ပိုင်းက ၂၀၁၁ နှစ်ဦးပိုင်းမှာ ဗီယမ်နမ်မှာ ရုပ်သေးပွဲ တခုလုပ်တယ်။ အစိုးရက လွှတ်ခဲ့တာပေါ့။ အဲဒီမှာ သူတို့နိုင်ငံ အစိုးရလုပ်တဲ့ ပွဲပေါ့။ အစိုးရ အစိုးရချင်း လုပ်တော့ ဒီက ယဉ်ကျေးမှု ဦးစီးဌာနက လူတွေ သွားကခဲ့ကြတယ်။ နောက် အမျိုးသားယဉ်ကျေးမှု အနုပညာ တက္ကသိုလ်က ဆရာတွေကောပေါ့၊ နှစ်ဘက်ပေါင်း သွားကခဲ့ဖူးတယ်။ အဲဒီမှာ ဆိုင်းဝိုင်းမပါခဲ့ဘူး။ သူတို့ ဆုလည်း ချိတ်လာခဲ့တယ်။ ဆိုင်းမပါတော့ သိပ်မမြိုင်ခဲ့ဘူး။ ၂၀၀၈ တုန်းကလည်း ဦးတို့ ဆွီဒင်မှာ ကတော့ မြန်မာ၊ ထိုင်း၊ ထိုင်ဝမ်တွေ လာတယ်။ ဦးတို့က ၆ ယောက်ပဲ သွားတာ။ သူတို့က ဆိုင်း၊ အဆိုတွေ ပါတယ်။ အားကျဖို့လည်း ကောင်းတယ်။ သူတို့ဆိုင်ရာ သံအမတ်တွေ လာတယ်။ နောက်ပွဲတွေလည်း ကပြကြတယ်။ ပထမဆုံး ဥရောပ နိုင်ငံတကာ ပွဲပေါ့။ ရုပ်သေးဆိုတာက တကယ့်ဆိုင်းနဲ့ ကတဲ့အရသာ၊ Play back ကတဲ့ အရသာက မတူဘူး။ ခံစားချက်ချင်း မတူဘူး။ ဂီတပံ့ပိုးမှု ဆိုတာ ရှိတယ်။ ဇူလိုင်မှာ ရုပ်သေးအတွက် အမေရိကားသွားဖို့ ရှိတယ်။ အဲဒါ ရွှေ့လိုက် တယ်။ ၈ လပိုင်းကျရင် ယူအေအီးကို သွားမယ်။ ရုပ်သေးနဲ့ပဲ ဖိတ်တာ။ ဇူလိုင်လကုန် အင်ဒိုနီးရှားလည်း သွားရမယ်။ ၉ လပိုင်းမှာလည်း အကယ်၍ လေယာဉ်လက်မှတ် စပွန်ဆာပေးရင် အင်ဒိုနီးရှားပဲ ထပ်သွားရမယ်။ ပွဲတော်တွေကတော့ မတူဘူး။
မေး။ ။ ရုပ်သေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတလေးတွေလည်း မျှဝေပေးပါဦး။
ဖြေ။ ။ သမိုင်းကြောင်းက သူ့နိုင်ငံ သူ့သမိုင်းပေါ့။ ကမ္ဘာမှာ ရုပ်သေး ဘယ်တုန်းက စပေါ်လဲဆိုတော့ နိုင်ငံချင်း အလိုက်တောင် သမိုင်းကို တိတိကျကျ မပြောနိုင်သေးဘူး။ ဘာလို့ ရုပ်သေးလို့ ခေါ်လဲဆို တို့မြန်မာလိုဆို အရုပ်လေးက သေးလို့ ရုပ်သေးလို့ ခေါ်တယ်။ ဘယ်တော့မှ မကြီးဘူးလေ။ ဒါကြောင့် အဲဒီလို ခေါ်ကြတာ။ ရှင်းရှင်းလေးပါပဲ။ ဦးက ရုပ်သေး မကခင်မှာ ရုပ်သေးနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို ဧည့်သည် သိချင်ရင် ပရိုဂျက်တာနဲ့ ရှင်းပြပေးတယ်။ မြန်မာနိုင်ငံ ရုပ်သေးသမိုင်းကြောင်း၊ ကမ္ဘာ့ ရုပ်သေးအမျိုးအစား ဘယ်နှမျိုး ရှိလဲ။ ဘယ်လိုအမျိုးအစားက ဘယ်လိုဆိုပြီး ပြသပေးတယ်။ အရင်က ရုပ်သေးစင်၊ ရုပ်ကြီးစင်ဆိုပြီး ရှိခဲ့တယ်။ ရုပ်ကြီးဆိုတာ အရုပ်အကြီးကြီးနဲ့ ကတာ။ တိမ်ကောသွားတယ်၊ ခဏလေးပဲ ခံခဲ့တယ်။ အခုနောက်ပိုင်း လူကို အရုပ်လိုဝတ်ပြီး တွဲကတဲ့ ရုပ်ကြီးစင်ဆိုတာ ရှိတယ်။ အရုပ်အကြီးကြီးတွေနဲ့ ကတဲ့ ရုပ်ကြီးစင် ဆိုတာလည်း ရှိခဲ့ဖူးတယ်။ ရုပ်ကြီးစင် ပျောက်ကွယ်ပြီး ဘာကြောင့် ရုပ်သေးပဲ ကျန်ခဲ့လဲ ဆိုတော့ ဒီအရုပ် အလေးချိန်က နိုင်ငံတကာ အလေးချိန်ဆို ၂ ကီလိုပေါ့နော်၊ ဒါမှမဟုတ် ၄ ပေါင်။ မြန်မာ အတွက်အချက်နဲ့ဆို ၁ ပိဿာလောက် ရှိတယ်။ အခု ဒီရုပ်သေးရုပ် အကသင်မယ်ဆို သူ့အလေးချိန်ကြောင့် ၁၅ မိနစ်ကျော် ကြာအောင် မကိုင်နိုင် ဘူး။ ဒါပေမယ့် ရုပ်သေးကပြနေတဲ့ လူတွေကတော့ ကိုင်နိုင်တယ်။ ဘာဖြစ်လို့လဲဆို ဒီဝိတ်၊ ဒီပမာဏကို စံတခုအနေနဲ့ သတ်မှတ် လိုက်တာကိုး။ ဟိုးအရင် နှစ်ပေါင်း လေးငါးခြောက်ရာ လောက်ကတည်းက ဒီအရွယ်နဲ့ ကခဲ့တာ ဒီအတိုင်းပဲ အခုလည်း ကနေတာပေါ့။
မေး။ ။ နိုင်ငံတကာမှာ ရုပ်သေးကို ဘယ်လိုခေါ်ဝေါ်ကြလဲ။ Puppet လို့ပဲ သုံးကြတာလား။
ဖြေ။ ။ နိုင်ငံတကာမှာကတော့ ရုပ်သေးကို အင်္ဂလိပ်လို ၂ မျိုးခေါ်တယ်။ International အရ ခေါ်တာကတော့ Puppet လို့ခေါ်တယ်။ တချို့ကျတော့ Mario nette ဆိုပြီး သိတာလည်းရှိတယ်။ နှစ်ခုက ကွဲတော့ ကွဲတယ်။ တကယ်တမ်း ရှင်းမယ်ဆိုရင် ရုပ်သေးပေါင်းစုံကို Puppetလို့ခေါ်တယ်။ Mario nette ဆိုတာက ကြိုးဆွဲရုပ်သေးကို ခေါ်ကြတယ်။ ရုပ်သေးမှာက ကြိုးဆွဲရုပ်သေး တမျိုးတည်း ရှိတာမဟုတ်ဘူး။ ရုပ်သေး အမျိုးပေါင်း များစွာရှိတယ်။ ဘယ်လိုဟာကို ရုပ်သေးလို့ ကင်ပွန်းတပ်လဲ ဆိုတော့ လူကိုယ်တိုင် လူမျက်နှာအစစ်နဲ့ ကတဲ့ဟာမျိုးကို ရုပ်သေးလို့ မခေါ်ဘူး။ ဒါပေမယ့် လူကိုယ်မှာ မျက်နှာဖုံးလေး တပ်ကလိုက်ရင်ကို အဲဒါ ရုပ်သေး ဖြစ်သွားပြီ။ မြန်မာမှာဆို ရာမတို့ ဘာတို့ ခေါင်းစွပ်တွေနဲ့ ကရင်လည်း အဲဒီလိုဟာကို ရုပ်သေးလို့ခေါ်တာပဲ။ အရုပ်မဟုတ်ဘဲနဲ့ လူနဲ့ကသည်ဖြစ်စေ၊ ဆွမ်းကြီးလောင်း ပွဲတွေမှာ အရုပ်ကြီးထဲ လူဝင်ကတာမျိုးတွေ ဆိုလည်း ရုပ်သေးပဲ။ ရုပ်သေးဆို ခပ်လွယ်လွယ် မြင်လိုက်ရင် မင်းသား၊ မင်းသမီး ဒီအရုပ် ကလေးတွေပဲ ခပ်လွယ်လွယ် မြင်တတ်ကြတယ်။ နိုင်ငံတကာမှာ ကျတော့ Puppet ဆိုခုနပြောခဲ့သလို အကုန်ပါတာပေါ့။ ရုပ်သေးဆိုရင် အမျိုးပေါင်း အကြမ်းဖျဉ်း ၆ မျိုးလောက် ရှိတယ်။ လူတိုင်းသိတဲ့ ကြိုးဆွဲရုပ်ပေါ့။ နိုင်ငံ တော်တော်များများ မှာလည်း ရှိတယ်။ နောက်တခုဆို လက်ထိုးရုပ် ရှိတယ်။ လက်ထိုးမှာတင် နှစ်မျိုး ရှိတယ်။ ပုံစံတွေအများကြီးပဲ ရှိကြ သေးတယ်။ လက်မှာ အရုပ်ကလေးဆွဲပြီး ပြသတာ၊ လက်နဲ့ သရုပ်ဆောင်တာ အဲဒါလည်း ရုပ်သေးပဲ။ ဒါ ကျတော့ လက်ထိုး လက်စွပ် ရုပ်သေးလို့ခေါ်တယ်။ နောက် တုတ်ထိုး ရုပ်သေးဆိုတာလည်း ရှိသေးတယ်။ လက်ထိုးက အရုပ်ကို လက်စွပ်တာ တုတ်ထိုးကျတော့ အရုပ်ရဲ့ခြေတို့လက်တို့မှာ တုတ်တပ်ထားတာ အဲဒီဟာက တတိယ အမျိုးအစားပေါ့။
မေး။ ။ ဗီယက်နမ် ရေပေါ်ရုပ်သေး ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ နည်းနည်း ရှင်းပြပါလား။
ဖြေ။ ။ ရေပေါ်ရုပ်သေး ဆိုတာရှိတယ်။ အဲဒါက ဗီယမ်နမ် မှာပဲ ရှိပါတယ်။ နာမည်ကြီးလွန်းလို့ကို အမျိုးအစားကြီး တခုအနေနဲ့ ထည့်ထားတာ။ ကမ္ဘာမှာကော၊ ဗီယမ်နမ်မှာကော တအား နာမည်ကြီးတယ်။ ဒူးလောက် ရေရှိတဲ့ ရေကန်ကြီး ထဲမှာ လူတွေက မိုးကာလိုဟာမျိုးဝတ်၊ မိုးရေထဲစီးတဲ့ ဘွတ်ဖိနပ်လို ရာဘာမျိုးကို ခါးအထိ ရောက်အောင် စီးတယ်။ နောက်ပြီးတော့ လက်ဆိုလည်း လက်အိပ်ကြီး စွတ်တယ်။ နောက် ရေထဲကို လက်ထိုးပြီး အရုပ်ကို တုတ်တော့တုတ်ပဲ၊ အရုပ်ရဲ့ ခြေထောက်မှာ တုတ်ကို အရှည်လိုက် တပ်ထားတာ။ နောက် အရုပ်နဲ့ လူကြားမှာ ယင်းလိပ်ကြီး ခြားထားတာ။ သူတို့ကို ပရိသတ်က မမြင်ရဘူး။ အရုပ်ကိုပဲ မြင်ရတယ်။ တုတ်ကလည်း ရေထဲမှာ ရောက်နေတော့ တုတ်ကိုလည်း မမြင်ရဘူး။ ပြီးတော့ သူတို့က အဲဒီအရုပ်လေးတွေကို ကစားတာပေါ့။
နောက်တခုက အရိပ်ရုပ်သေး။ ဒါက မီးရောင်အောက်မှာ ခွေးပုံစံလေးတွေ ကပြတာမျိုးကို ပြောတာပေါ့။ နောက်ဆုံးကတော့ လူကိုယ်တိုင်ကပြီး မျက်နှာမှာ အရုပ်စွပ်ကတာ မျိုးကိုပြောတာ။ နောက်ပြီး အရုပ်အကြီးကြီး တွေမှာ လူအများကြီး ကတာမျိုး အဲဒါကို သူ့ကို Big Puppet လို့ခေါ်တယ်။ အမျိုးမျိုးခွဲလို့တော့ ရသေးတယ်။ အဓိက ကတော့ ၆ မျိုးပါပဲ။ တချို့နိုင်ငံတွေမှာက တမျိုးပဲ ရှိတယ်။ မြန်မာ့ရုပ်သေး ကျတော့ ကြိုးဆွဲရုပ်သေးလို့ ခေါ်တယ်၊ တမျိုးတည်း ရှိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီ ကတည်းက ရုပ်သေးတွေက ပေါ်လာခဲ့တာပေါ့။
မေး။ ။ မြန်မာ့ရုပ်သေးက ဘယ်အချိန်လောက်က ပေါ်ပေါက်လာခဲ့တာလဲ။
ဖြေ။ ။ မြန်မာ့ရုပ်သေးကတော့ ဘယ်အချိန်လောက် ကတည်းက ပေါ်တာလဲ ဆိုတာကို တိတိကျကျ မသိသေးဘူး။ အဲဒီလိုမှာ တချို့က ၁၁ ရာစုမှာ ပေါ်တယ် ခန့်မှန်းတယ်၊ ပျူခေတ်ပေါ့။ အဲဒီခေတ်မှာ ဂီတနဲ့ ပတ်သတ်တာတွေ စပေါ်တာ ဆိုတော့ အဲဒီလို ခန့်မှန်းပြောရတာပေါ့။ နန်းတွင်း ပျူခေတ်မှာ စပြီး ပေါ်ထွက်လာတယ်လို့ ခန့်မှန်းတယ်။
မေး။ ။ ရုပ်သေးပွဲတခုရဲ့ စည်းမျဉ်းက ဘာလဲ။ ရုပ်သေးပွဲမှာ အပိုင်းဘယ်နှပိုင်း ပါရမယ်လို့ ရှိလား။
ဖြေ။ ။ ရုပ်သေးမှာက မြန်မာ့လက်မှု ပညာတွေ အကုန်ပါရတယ်။ ပန်းပု၊ ပန်းချီတွေလည်း ပါရတယ်။ ရုပ်သေးမှ 3 In 1 ဆိုတာ ရှိတယ်။ ရုပ်သေးမှာက ကြိုးဆွဲပညာရှင် ပါတယ်။ နောက် ဆိုငိုပြော အတတ်ပညာရှင် ပါရတယ်။ နောက် အတီးပညာရှင် ပါရတယ်။ ဒီတော့ ၃ မျိုးပေါင်းမှ ရတာပေါ့။ ဇာတ်သမား ပြန်ရင် မှတ်သားစရာ ကျန်ရမယ်ဆိုတာ ရုပ်သေးကို ပြောတာ။ ဟိုးတုန်းက ရုပ်သေးဆိုတာ မိုးလင်းပေါက် ကရတာ။ ပွဲဦးထွက် ရှိတယ်၊ အပျိုတော် ဘာညာရှိတယ်။ ဇာတ်ပန္နက် ရိုက်ရတယ်။ ပဒေသာ အက၊ အော်ပရာအက၊ ပြဇာတ်တွေရှိတယ်။ နောက် ဇာတ်တော်ကြီး ကကြတယ်။ သဘင်ထဲကလို အစချီကနေ နောက်ဆုံး ဇာတ်တော်ကြီး အထိပေါ့။ ၃၊ ၄ နာရီ အပြည့် ကရတာ။ ရုပ်သေးမှာ အသံ၊ ဇာတ်မှာဟန် ဆိုပြီး ရှိတယ်။ ရုပ်သေးဆိုတာ အသံနဲ့ ဆွဲဆောင်ရတာ။
မေး။ ။ ရုပ်သေး အရုပ်တွေကို အဆင့်သတ်မှတ်ပြီး နေရာက အစ သူ့အဆင့်နဲ့သူ ထားကြရတယ်လို့ ကြားဖူးပါတယ်။
ဖြေ။ ။ ရုပ်သေးမှာ ၂၈ ရုပ်ရှိတယ်။ နံပါတ် ၁ ရုပ်သေးရဲ့ ခေါင်ချုပ်၊ လမိုင်း ဖြစ်တဲ့ ဘိုးတော် ရသေ့ရုပ်၊ ၂က သိကြားရုပ်၊ ၃ က ဗြဟ္မာရုပ်၊ ၄ နတ်ရုပ်၊ ပြီးတော့ နန်းတွင်း အစဉ်အလာပေါ့။ ရှင်ဘုရင်၊ မိဖုရား၊ ဝန်ကြီး၊ ပုဏ္ဏား၊ မင်းသားကြီး၊ မင်းသားလတ်၊ မင်းသမီး၊ အပျိုတော်၊ တောဘီလူး၊ နန်းဘီလူး၊ တိရစ္ဆာန် ရုပ်တွေ၊ မြင်း၊ မျောက်၊ သူငယ်တော်ရုပ်၊ စသဖြင့် ရှိကြတယ်။ အဘိဓမ္မာမှာ ရုတ္တ ၂၈ ပါးကို အခြေခံပြီး အရုပ် ၂၈ ရုပ် ထားကြတယ်။ အခုေတော့ နောက်ပိုင်း တီထွင် ထားတာတွေ ရှိတယ်။ ဥပမာ ဦးရွှေရိုး၊ ဒေါ်မိုးလို အရုပ်မျိုးလည်း ထပ် ဆန်းသစ်ကြတာပေါ့။ ။